menu

“ယခုနှစ် ရာသီပေါ်ဇီးသီးများ ပြည်တွင်းစျေးကွက်တွင် ဈေးကောင်းရရှိနေ”


🍃🍏🍃🍏🍃🍏🍃🍏🍃🍏🍃

✅ ယခုနှစ်တွင် ရာသီပေါ်သီးနှံဇီးသီးများတရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသော်လည်း ပြည်တွင်းစျေးကွက် တွင် ယခင်နှစ်ထက်ဈေးရရှိနေကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှစတင် ထွက်ရှိလာသည့် ရာသီပေါ် ဇီးသီး(ထိုင်ဝမ်သီး)များ အထွက်နှုန်းကောင်းမွန်သည့်အပြင် အရောင်း အဝယ်များ သွက်လက်၍ ဈေးကောင်းရရှိနေသည်ဟု ဇီးသီးစိုက်ပျိုးသူတောင်သူများက ပြောသည်။

✅ လက်ရှိပြည်တွင်းဈေးကွက်၌ ရောင်းချနေရာတွင် ဇီးသီးအလုံးကြီး(ရှယ်စ) တစ်ဖာလျှင် ကျပ် ၁၂,၀၀၀ ၊ ဒုတိယတန်းစား ဇီးသီးအသေးတစ်ဖာလျှင် ကျပ် ၆,၀၀၀ မှ ၈,၀၀၀၊ အသေးဆိုပါက ဆာလာအိတ်ဖြင့် တစ်အိတ်လျှင် ကျပ် ၁၂,၀၀၀ နှင့် ဂျပ်ဖာဖြင့်ဆိုပါက တစ်ဖာလျှင် ကျပ် ၇,၀၀၀ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချရကြောင်း ပုသိမ်ကြီးမြို့နယ် ဆည်တော်လေးကျေးရွာမှ ဇီးသီးစိုက်ပျိုးရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဦးမြင့်ဆွေက ပြောသည်။

✅ “မနှစ်ကတော့ ဒီလိုထွက်ရှိတဲ့ ရာသီမှာ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ရောင်းချမှုကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ဒီနှစ်တော့ အထွက်နှုန်းကောင်းပြီး စထွက်ထွက်ချင်းမှာ ဝယ်လိုအားကောင်းတဲ့အပြင် ဈေးနှုန်းလည်း မနှစ်ကထက် ကောင်းတယ်။ ပွဲစားတွေအပြိုင်လုဝယ် နေပါတယ်။ ဇီးသီးက တစ်နှစ်ပတ်လုံးမှ တစ်ခါပဲ ခူးရပါတယ်။ ဇီးပင်ကို ဇွန်လပိုင်းကစပြီး ပြုပြင် ရပါတယ်။ စက်တင်ဘာလထဲဆိုရင် အပွင့်ဝင်ပါပြီ။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆိုရင် ခူးပြီးရောင်းချနေရ ပါပြီ။ တရုတ်ဘက်က ပန်းသီးဝင်ရောက်မှုနည်းသွားတာကြောင့် ပြည်တွင်းစားသုံးသူတွေဟာ ပန်းသီးအစား ဇီးသီးကို ဝယ်ယူစားသုံးမှုများနေကြတော့ ဈေးကောင်းရရှိနေပါတယ်။ ယိုစုံလုပ်ငန်းတွေ ကလည်း ကျန်တဲ့အသီးတွေကမရှိတော့ ဇီးသီးကိုအသုံးပြုတာများလာပါတယ်” ဟု ၄င်းကပြောသည်။

✅ ယခင်နှစ်ကတည်းက ကိုဗစ်ကူးစက်မှုများကြောင့် တရုတ်နိုင်ငံကို တင်ပို့မှုအခက်အခဲများရှိခဲ့ပြီး ယခုနှစ်တွင်လည်း သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်နေသဖြင့် ပြည်တွင်းစျေးကွက်ကိုသာ အားထား ရောင်းချနေရကြောင်း ဇီးသီးအရောင်းအဝယ်သမားများထံက သိရသည်။ ထိုင်ဝမ်ဇီးသီးများကို ပြည်တွင်းဈေးကွက်သို့ ဂျပ်ဖာ ၅၀ နှင့် ဆာလာအိတ် ၂၅ အိတ်မှ အိတ် ၃၀ တို့ကို ရန်ကုန်၊ လားရှိုးနှင့် မန္တလေးမြို့များသို့ နေ့စဉ်ခူးဆွတ်ရောင်းချနေရကြောင်း၊ လက်ရှိပေါက်ဈေးမှာ ဇီးသီးအမျိုးအစားပေါ် မူတည်၍ တစ်ဖာလျှင် ၆,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ်ထိရရှိနေကြောင်း ပုသိမ်ကြီးမြို့နယ်အတွင်း ဇီးသီးစိုက်ဧကပေါင်း ၁၀၀ ကျော်ရှိပြီး ဇီးသီးတစ်ဧကလျှင် ကျပ် သိန်း ၂၀ နှင့် ၂၅ သိန်းကြား ရရှိကြကြောင်း သိရသည်။

Sources : ရွှေမန်း (The Farmer Media)