menu

“ယခုနှစ် ဒေသအလိုက်စပါးပေါက်စျေး ပိုမိုရရှိမှသာ တောင်သူများ အဆင်ပြေနိုင်မည်”


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

🔹ယခုနှစ်မိုးစပါးရိတ်သိမ်းချိန်တွင် စပါးအမျိုးအစားအလိုက်အထွက်နှုန်းပုံမှန်အောက်လျော့နည်းနိုင်သဖြင့် ဒေသအလိုက် တင်း၁၀၀ စပါးပေါက်စျေးမှာယခင်နှစ်ထက် ပိုမိုရရှိမှသာ တောင်သူများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း စပါးစိုက်တောင်သူများထံက သိရသည်။

🔹မြန်မာတစ်နိုင်ငံလုံး မိုးစပါးဧက ၁၆ သန်း စိုက်ပျိုးထားနိုင်ပြီး စပါးစိုက်ပျိုးချိန် သွင်းအားစုစျေးနှုန်းများ မြင့်တက်ခဲ့သဖြင့် တောင်သူအများစု လျော့နည်းသုံးစွဲခဲ့ခြင်းနှင့် ပုံမှန်သုံးစွဲသူများတွင်လည်း ကုန်ကျစရိတ်မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ထက်စပါးစျေးပိုမိုရရှိမှသာ တောင်သူများအဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ပျိုးချိန်တွင်တစ်ဧက စိုက်ပျိုးစရိတ် ကျပ် ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ကျော်ထိပိုမိုကုန်ကျခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးချစ်ဝေက ပြောသည်။ 

🔹“ဒီနှစ်မိုးစပါးမှာက သွင်းအားစုက (ကျနော်ကတော့) ပုံမှန်အတိုင်း သုံးပါတယ်။ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကစျေးတက်တော့ တစ်ဧက ကျပ်တစ်သိန်းခွဲ၊နှစ်သိန်းလောက်ပိုကုန်တယ်။ ရိတ်သိမ်းခကလည်း ဒီဆီစျေးနဲ့ဆိုရင် မနှစ်ကထက် တစ်သောင်းလောက်ပိုပေးရမယ်။ မနှစ်ကတော့ ကောက်ကြီးစပါးရိတ်ခ ကျပ် ၅၅,၀၀၀ ပေးရတယ်။ စပါးပင်လှဲရင် ကျပ် ၆၀,၀၀၀ လောက်ပေးရတော့ ဒီနှစ် ကျပ် ၇၀,၀၀၀ တော့ ပေးရလိမ့်မယ်။ စပါးစျေးကတော့ မခန့်မှန်းနိုင်သေးဘူး။ လက်ရှိမှာတော့ ဧရာမင်းစပါးမျိုးအဟောင်းက တင်း၁၀၀ကို ကျပ်၁၂သိန်း စျေးအမြင့်ဆုံးပါ။ မနှစ်ကတော့ မိုးစပါး ပေါ်ပေါ်ချင်း တင်း ၁၀၀ ကျပ် ရှစ်သိန်းလောက် ပေါက်စျေးရှိတယ်။ဒီနှစ်တော့ စိုက်ပျိုးစရိတ်ပိုကုန် ထားလို့ မိုးစပါးကရှစ်သိန်းခွဲအထက်စျေးရမှ အဆင်ပြေမယ်။ အခြားကုန်စျေးနှုန်းတွေ စားသောက်ကုန်တွေ စက်သုံးဆီစျေးတွေကလည်းတက်နေတော့ စပါးစျေးတက်ရမှ ကာမိယုံပဲရှိမယ်” ဟု ၎င်းကပြောသည်။ 

🔹စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ မိုးစပါး ၁၆ သန်း နှင့် နွေစပါးနှစ်သန်း တစ်နှစ်ပတ်လုံး စပါးဧက ၁၈ သန်း စိုက်ပျိုးထားပြီး ပျမ်းမျှ စပါးတစ်ဧက တင်း ၇၀ ကျော်ရှိကြောင်းသိရသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါးရာသီတွင် မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ရွေမနော်၊ ဧရာမင်း၊ ပုလဲသွယ်နှင့်အခြားအထွက်ကောင်းမျိုးများကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ဧက ငါးသိန်းကျော်စိုက်ပျိုးပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးစပါး ဧက ၁၇ သိန်းကျော် စိုက်ပျိုးထားကြောင်း သိရသည်။

🔹စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မွန်မွန်ဆန်စက်ပိုင်ရှင် ဦးဖြိုးသူရက“ ပြီးခဲ့နွေစပါးရာသီမှာ ဒေသတစ်ခုလုံး နွေစပါးမစိုက်ပျိုးနိုင်ခဲ့ပါဘူး။ မိုးစပါးရာသီမှာ ရွှေဘိုပေါ်ဆန်းစပါးမျိုးပေါ်မှာပါ။ လက်ရှိမှာ ရွှေဘိုဒေသနယ်မြေလုံခြုံရေး အခြေအနေအရ စပါးသယ်ယူရေးအခက်အခဲရှိတော့ စပါးစျေးပို ပေးဝယ်ရတယ်။ စပါးအဟောင်းစျေးက တင်း၁၀၀ ကို ကျပ် ၁၆ သိန်းစျေးပေါက်ပါတယ်။ လာမယ့်မိုးစပါးစျေးကတော့ နှစ်စဉ်ဖြစ်နေကြစျေး ၁၃သိန်းအောက်တော့ မရောက်နိုင်ပါဘူး။ ရွှေဘိုတောင်သူတွေအနေနဲ့ သွင်းအားစု စရိတ်များထားလို့ တောင်သူတွေ အကျန်နည်းနိုင်တယ်။ ရွှေဘိုပေါ်ဆန်းက ပြည်တွင်းစားစပါးဖြစ်တော့ စျေးအမြင့်ကြီးလည်း မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။ 

🔹ရွှေဘိုဒေသမှာ မိုးစပါးရိတ်သိမ်းမှုနောက်အကျဆုံးဒေသဖြစ်ပြီး ပြည်တွင်းစားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းစပါးမျိုးကို မိုးစပါးရာသီတွင် အများဆုံးစိုက်ပျိုးကြရာ စိုက်ပျိုးစရိတ်ကျပ် ၅၀၀,၀၀၀ အထက်ရှိပြီး ယခုနှစ် သွင်းအားစုများ စျေးအမြင့်ဆုံးတက်ချိန် စိုက်ပျိုးခဲ့ရသဖြင့် တစ်ဧက ကျပ် ၇၀၀,၀၀၀မှ ကျပ် ၇၅၀,၀၀၀ နီးပါးကုန်ကျခဲ့ကြောင်း မနှစ်ကထက် စိုက်ပျိုးစရိတ်ကျပ်သုံးသိန်းကျော် ပိုမိုခဲ့ခြင်းကြောင့် လာမည့်မိုးစပါးရိတ်သိမ်းချိန် မနှစ်ကထက်စျေးပိုမိုရရှိမှ အဆင်ပြေမည်ဟု ရွှေဘိုမြို့ တဂဏန်းကျေးရွာမှ စပါးစိုက်တောင်သူ ဦးဇော်ဝင်းအောင်ကပြောသည်။

🔹“မနှစ်ကထက် သွင်းအားစုတွေ စျေးတက်တော့ စိုက်ပျိုးစရိတ်က တစ်ဧက ခုနှစ်သိန်းခွဲလောက် ကုန်တယ်။ တစ်ဧက ကျပ် သုံးသိန်းလောက်ပိုကုန်တယ်။ အထွက်နှုန်း မလျော့ကျအောင် မြေဆီကတော့ ပုံမှန်သုံးတယ်။ ဒီနှစ်စပါးစျေးက မနှစ်က ရိတ်ပြီးရောင်း ၁၃-၁၄ သိန်းစျေးထက်ပိုမှ အဆင်ပြေမယ်။ လက်ရှိမှာ စပါးအဟောင်းက ၁၆သိန်းပေါက်စျေးရှိပါတယ်။ မိုးစပါးကတော့ ငွေအဆင်မပြေသူတွေ ကတော့ ရိတ်သိမ်းပြီးပြီးချင်းရောင်းတယ်။ အဆင်ပြေတဲ့သူကတော့ သိမ်းထားပြီးရောင်းတယ်။ မနှစ်ကထက် စျေးပိုရရင်တောင် သွင်းအားစုစျေးမြင့်ထားတော့ ကာမိအောင်တော့ မရနိုင်ဘူး” ဟု၎င်းက ပြောသည်။

🔹စပါးဈေးကွက် သတင်းများကိုတောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)