menu

ယခုနှစ်မိုးစပါးအတွက် သဖန်းဆိပ်ဆည်မှ ဧက ၄၈၀,၀၀၀ ကျော်ကိုသာ ရေပေးဝေမည်


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✔️ယခုနှစ်မိုးစပါးစိုက်ဧက ၄၈၀,၀၀၀ ကျော်တွင် ပျိုးထောင်ရေ နှင့် ထွန်ယက်ရေ ရရှိရေးအတွက် သဖန်းဆိပ်ဆည်မှ ဇူလိုင်လ ၁ ရက်က စတင်ကာ ဆည်ရေပေးဝေသွားမည်ဖြစ်ကြောင်း သဖန်းဆိပ်ဆည် တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ 

✔️စစ်ကိုင်းတိုင်းဒေသကြီးရှိ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာမှ မြောင်းလက်တံများအလိုက် ကင်းတပ် လက်ဝဲမြောင်းတွင် ၆၇,၁၁၀ ဧက ၊ ကင်းတပ်လက်ယာမြောင်းတွင် ၉၅,၀၀၀ ဧက၊ ရွှေဘိုမြောင်းမတော်တွင် ၂၀၂,၈၉၀ ဧက၊ ရေဦးမြောင်းမတော်တွင် ၁၁၅,၀၀၀ ဧကကို ဆည်ရေပေးဝေသွားမည်ဖြစ်သည်။

✔️“သဖန်းဆိပ်ဆည်အနေနဲ့က ဒီနှစ်မိုးရေရရှိမှုနည်းတာကြောင့် မိုးစပါးစိုက်ဧက ၄၈၀,၀၀၀ လောက်ပေးဖို့ လျာထားပါတယ်။ အမှန်တကယ်စီစစ်ပေးလိုက်ရင် လျော့မလား တိုးမလားဆိုတာတော့ မိုးစပါးစိုက် အပြီးမှ ပြောနိုင်မှာပါ။ 

✔️မနှစ်ကတော့ မိုးစပါးအတွက် ၁၈၁,၇၅၇ ဧက နဲ့ နွေသီးနှံ ဧက ၇၀,၀၀၀ ကျော်ကို ရေပေးနိုင်ခဲ့ပါတယ်။ မိုးရေဝင်ရောက်မှုကောင်းတဲ့နှစ်တွေမှာတော့ မိုးစပါးဧက ၄၉၀,၀၀၀ ထိ သဖန်းဆိပ်ဆည်ကနေ စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

✔️ပြီးခဲ့သည့် မိုးစပါးရေပေးဝမှုတွင် အလှည့်ကျရေပေးဝေမှုကိုသာ ရရှိသဖြင့် မိုးစပါးအတွက် ရေလုံလောက်မှု မရှိခဲ့ကြောင်းလည်း လက်ဝဲမြောင်းဆည် ရေသောက် တောင်သူတစ်ဦးကပြောသည်။

✔️သဖန်းဆိပ်ဆည်အတွင်း ရေဝင်ရောက်မှုအားနည်းခြင်းကြောင့် ၂၀၂ဝ ပြည့်နှစ် နှင့် ၂၀၂၁ ခုနှစ်တို့တွင် နွေစပါးအတွက် ဆည်ရေပေးဝေနိုင်ခြင်းမရှိခဲ့ပဲ ယခုနှစ် မိုးရွာသွန်းမှုပေါ် မူတည်ကာ လာမည့် ၂၀၂၂ ခုနှစ် နွေစပါးအတွက် ရေပေးဝေနိုင်မှုအခြေအနကို လာမည့် ဒီဇင်ဘာလ မိုးစပါးအောင်ရေ ပေးဝေမှုအပြီးမှသာ သတင်းထုတ်ပြန်နိုင်မည်ဖြစ်ကြောင်းလည်း သဖန်းဆိပ်ဆည်တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါးစိုက်ဧက ၁,၈၂၅,၀၀၀ လျာထားကြောင်းလည်း သိရသည်။

Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)