menu

ယခုနှစ်သစ်ကာလ အသစ်ဝင်ပဲမာလိုင်းများ ဈေးကောင်းရနေသည့် ပဲမျိုးစုံဈေးကွက်


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

☑️ ၂၀၂၄ ခုနှစ် အသစ်ဝင်ပဲမာလိုင်းများ ဈေးကောင်းရရှိနေပြီး ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ အမြင့် ဈေးအတိုင်း ဆက်လက်ဈေးကောင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာဈေးမြင့်တက်နေရာမှ အနည်းငယ်ဈေးပြန်လာကျဆင်းလာကြောင်း၊ ပဲစင်းငုံမှာ စံချိန်တင်ဈေးကနေ အနည်းငယ်ဈေးကျဆင်းသော်လည်း သုံးတင်းတစ်အိတ်ငွေကျပ် ၃၂၀,၀၀၀ ပေါက်ဈေးဖြစ်နေပြီး ယင်းဈေးထက် ကျဆင်းစရာမရှိကြောင်း၊ မတ်ပဲကလည်း အိန္ဒိယ၏ လတ်တလော အဝယ်ကောင်းနေတာကြောင့်ဈေးကောင်းရကြောင်း၊ အရည်အသွေးအလိုက်ဈေးကွာ ခြားမှုအနည်းငယ်ရှိကြောင်း၊ နှမ်းမျိုးစုံနှင့်မြေပဲဆံဈေးကွက်မှာ ပုံမှန်သာအရောင်းအဝယ် ရှိနေ ကြောင်း၊ ယခုနှစ်ထူးခြားချက်မှာ ပဲမာလိုင်းများ ပဲသစ်ရာသီအစမှာပင် ဈေးကောင်းရရှိနေသော ထောပတ်ပဲတစ်အိတ် ငွေကျပ် ၄၇၀,၀၀၀ - ၄၈၀,၀၀၀ ပေါက်ဈေးရှိပြီး မြေထောက်ပဲအသစ်လည်း တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀ ပေါက်ဈေးရှိကြောင်း၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် အသစ်ဝင်ပဲများ လှိုင်လှိုင်ဝင်ရောက်လာမည်ဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

☑️ "အသစ်ဝင်ပဲမာလိုင်းတွေဈေးကောင်းရနေပါတယ်။ ပို့ကုန်ပဲတွေကတော့ အမြင့်ဈေးနဲ့ ငြိမ်နေပါတယ်။ ပဲတီစိမ်းကလည်းနောက်ရက်တွေမှာ အသစ်ဝင်လာဖို့ရှိပါတယ်။ ဒီနှစ်ထူးခြားတာက ပဲအသစ်ပေါ်ချိန် ဈေးကျဆင်းလေ့ရှိပေမယ်။ ဒီနှစ်ပဲရာသီက စပေါ်ကတည်းက ဈေးအမြင့်ဈေးတွေနဲ့ အရောင်းအဝယ်ကောင်းနေပါတယ်။ ပဲအဟောင်းတွေ လက်ကျန်စောစောကုန်သွားတာကလည်း ပဲသစ်ရာသီမှာ ဈေးကောင်းရနေတာပါ။ ပို့ကုန်ပဲတွေကတော့ အိန္ဒိယ၏ ဝယ်လိုအားကောင်းနေလို့ ပဲစင်းငုံကတော့ ကြိုရောင်းကြိုဝယ်ဈေးကောင်းနေပါတယ်။ ဈေးမြင့်တက်နေတဲ့ ပြည်တွင်းသုံး ကုလားပဲအုပ်စုကတော့ ဈေးအနည်းငယ်ပြန်လည်ကျဆင်းသွားပါတယ်" ဟု ၎င်းကပြောသည်။ဇန်နဝါရီ (၁၇) ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀ ပေါက်ဈေးရှိလာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၁၉၂,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ 

☑️ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး ဇန်နဝါရီ(၁၇)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၁,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင်ငွေကျပ် ၂၉၀,၀၀၀ ပေါက်ဈေးဖြင့်ဈေး ဆက်လက်မြင့်တက်လာသည်။

☑️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင်ငွေကျပ် ၄၇၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ မြေပဲအနီလုံး ဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ်၇,၈၀၀ - ၈,၁၀၀ ပေါက်ဈေးမြင့်တက်လာသည်။ ဇန်နဝါရီ(၁၇) ရက်တွင်နှမ်းဖြူ(ဂျပန်)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၁၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင်ငွေကျပ် ၃၁၅,၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀၊ နှမ်းနက်စမုန်တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်းသိရသည်။

☑️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)