menu

"အာလူးလောင်မဲ (သို့မဟုတ်) နှောင်းပင်နာကျရောဂါ" (Late Blight of Potato)


🍂🥔🍂🥔🍂🥔🍂🥔🍂🥔🍂🥔

🔸ဒေသအခေါ် အာလူးလောင်မဲရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု အများဆုံးနှင့် ပျက်စီးမှုအများဆုံး မှိုရောဂါတစ်မျိုးဖြစ်ပါသည်။ ရောဂါဖြစ်ပွားမှုအနေဖြင့်လည်း အရွက်၊ ရိုးတံ၊ ပင်စည်နှင့် မြေအောက်ပိုင်း အားလုံးကို ကူးစက်ပျံ့ပွားပြီး ပျံ့ပွားမှုနှုန်းမှာလည်းမြန်ဆန်ပါသည်။ ရောဂါဖြစ်စေသော မှိုစပိုးများမှာ အစိုဓာတ်၊ မိုးရေမှတဆင့် လျင်မြန်စွာ ကူးစက်ကျရောက်နိုင်ပါသည်။

ရောဂါလက္ခဏာ
--------------

ရောဂါဖြစ်စတွင် အရွက်၏မျက်နှာပြင်တွင် ရေနာကွက်သဏ္ဍာန် အစက်အပြောက်များ စတင်ဖြစ်ပေါ် လာပါသည်။ အကွက်၏ ဘေးပတ်လည်တွင် မှိုမျှင်အဖြူရောင်များကို တွေ့နိုင်သည်။ အကယ်၍ အရွက်တွင် အကွက်များဖြစ်နေ၍ လောင်မဲရောဂါ ဟုတ်/မဟုတ် သေချာစေရန် စမ်းသပ်နိုင်ပါသည်။ စမ်းသပ်နည်းမှာ အကွက်ဖြစ်ပေါ်နေသော အရွက်အနည်းငယ်ကိုယူ၍ ရေဆွတ်ပြီး ဇလုံတစ်ခုတွင် ထည့်ကာ အပေါ်မှအုပ်ပေးထားရမည်။ တစ်ရက်ခန့် အခန်းတွင်ထားပြီးနောက် ပြန်လည်စစ်ဆေးကြည့် ပါက အရွက်ပေါ်ရှိအကွက်ဘေးပတ်လည်တွင် အဖြူရောင်မှိုမျှင်များတွေ့ရပါက လောင်မဲရောဂါ ဖြစ်ကြောင်း တိကျစွာပြောနိုင်ပါသည်။

ယင်းရောဂါဖြစ် မှိုမျှင်များ အရွက်တွင်ပျံ့နှံ့သွားပြီး အရွက်တစ်ခုလုံး မည်းခြောက်သွားသော လက္ခဏာကို တွေ့ရပါသည်။ ပင်စည်တွင်ကျရောက်ပါက ပထမဆုံး ရှည်မျောမျောသဏ္ဍာန် အညိုရောင် အနာကွက်များ စတင်တွေ့ရပါသည်။ အနာကွက်များ ကျယ်ပြန့်သွားပြီး ပင်စည်တစ်ခုလုံးကို ပတ်မိပြီး မည်းခြောက်သွားနိုင်ပါသည်။ အာလူးမျိုးဥမှ လောင်မဲမှိုရောဂါပါလာလျှင် ရောဂါလက္ခဏာကို ပင်စည်ပေါ်တွင် ပထမဦးဆုံး စတင်တွေ့ရှိရပါသည်။ ယင်းသို့ မျိုးဥမှကူးစက်သော လောင်မဲရောဂါမှာ ပြင်းထန်ဆိုးဝါးပြီး ကာကွယ်နှိမ်နင်းရန် မလွယ်ကူတော့ပါ။ အာလူးသက်တမ်း တစ်လျှောက်တွင် လည်းကောင်း၊ တူးဖော်ချိန်တွင်လည်းကောင်း၊ သိုလှောင်စဉ်ကာလတွင်လည်းကောင်း အာလူးဥ အတွင်းသို့ လောင်မဲမှိုရောဂါ ဝင်ရောက်နိုင်ပါသည်။ လောင်မဲမှိုရောဂါပိုးသည် အာလူးဥတွင်းသို့ မျက်စေ့ နှင့် အခွံများမှတဆင့် ဝင်ရောက်၍ အတွင်းအသားများထိအောင် ပျံ့နှံ့ပါသည်။ ရောဂါရ အာလူးကို ခြမ်းကြည့်ပါက အာလူးအသားမှာ သံချေးရောင်၊အညိုရောင် ဖြစ်နေသည်ကို တွေ့နိုင်ပါသည်။

ကာကွယ်ကုသနည်း
-----------------

လောင်မဲရောဂါဒဏ်ခံနိုင်သော အာလူးမျိုးကို စိုက်ပျိုးရန်။ - လောင်မဲရောဂါ ကျရောက်မှုရှိသောစိုက်ခင်းမှ အာလူးကို မျိုးအဖြစ် ပြန်လည်အသုံးမပြုရန်။ - အာလူးမျိုး သိုလှောင်ထားစဉ် ရောဂါလက္ခဏာရှိသော မျိုးဥများကိုဖယ်ရှားပေးရန်။ - မျိုးအာလူးအဖြစ် အသုံးပြုမည့် အခင်းများတွင် မှိုရောဂါများ အရွက်မှတဆင့် ဥများဆီသို့ မိုးရေဖြင့် သယ်ဆောင်ကူးစက်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အာလူးအရွယ်သည် မျိုးဥအရွယ်ရောက်လာချိန် (ရက် ၈၀-၈၅) တွင် အပင်ကို သေသွားအောင် ပေါင်းသတ်ဆေးဖြန်း၍သတ်ပေးခြင်း (သို့မဟုတ်) အပင်ကို ဥမပါအောင် ဆွဲနှုတ်ပေးခြင်း ပြုလုပ်နိုင်ပါသည်။ - အာလူးဘောင်ကို ထူထူဖို့ပေးခြင်းဖြင့် ရောဂါမှိုစပိုးများ အာလူးဥကို မဝင်ရောက်နိုင်ရန် ကာကွယ်ပေးပါသည်။ - လောင်မဲရောဂါသည် ရာသီဥတုစွတ်စိုခြင်း၊ ဆက်တိုက်မိုးရွာခြင်း ဖြစ်ပေါ်ပါက ရောဂါကူးစက်မှု မြန်ဆန်တတ်၍ ယင်းအခြေအနေတွင် မှိုသတ်ဆေးကို ဂရုတစိုက်ဖြန်းပေးရမည်။ - အသုံးပြုသော မှိုသတ်ဆေးသည် အာလူးအတွက် အကျိုးရှိသော မှိုသတ်ဆေးအမျိုးအစားဖြစ်ရမည်။ ဆေးဖြန်းရာတွင်လည်း ဆေးတစ်မျိုးတည်းကို ဆက်တိုက်အသုံးမပြုဘဲ ဆေးအမျိုးအစားလဲလှယ်၍ ဖြန်းပေးရမည်။

ဓာတုနည်းဖြင့် ကာကွယ်ကုသခြင်း
------------------------------

အာလူးလောင်မဲရောဂါအတွက် ကာကွယ်ကုသရာတွင် ဝိစာရ၏ “ဆိုင်မိုဇက်၊ ဆိုင်မောက်၊ မက်တယ်လဇီး၊ စူပါမော့” မှိုရောဂါသတ်ဆေးများမှ တစ်မျိုးမျိုး(သို့မဟုတ်)အလှည့်ကျဖြင့် ဆေးညွှန်းပါအတိုင်း အသုံးပြုပက်ဖျန်းပေးရပါမည်။

Sources : အာလူးရောဂါများနှင့်ကာကွယ်ကုသနည်းများ