menu

“ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုနှင့် မြေဆီလွှာ ပြဿနာများ”


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

⏭ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုကြောင့် မြန်မာနိုင်ငံမှာ ယနေ့စိုက်ပျိုးထုတ်လုပ်နေကြတဲ့ စိုက်ပျိုးမြေတွေမှာ မြေဆီလွှာပြဿနာတွေကြုံတွေ့နေရပါတယ်။ မြေဆီသြဇာကောင်းမွန်မှသာလျှင် စိုက်ပျိုးတဲ့ သီးနှံများရဲ့အရည်အသွေးနဲ့အထွက်နှုန်းများလည်း တိုးတက်လာစေမှာဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ဖို့အတွက် မြေဆီလွှာရဲ့အခန်းကဏ္ဍကလည်း အရေးပါပါတယ်။

⏭အခြေခံမြေအမျိုးအစားများကွာခြားနေကြသော်လည်း သီးနှံပင်ဖြစ်ထွန်းအောင်မြင်ဖို့အတွက် မြေဆွေး ဓါတ်ကလည်း အရေးပါပါတယ်။ မြေဆွေးဓာတ်ကြွယ်ဝနေပါက ရေထိန်းစွမ်းအားကောင်းခြင်း၊ လေဝင် လေထွက်ကောင်းစေခြင်းတို့အပြင် မြေတွင်းရှိအကျိုးပြုသက်ရှိများရဲ့ လှုပ်ရှားလုပ်ဆောင်မှုကိုလည်း ကူညီပေးပါတယ်။ မြေဆွေးဓါတ်အဖြစ် ကောင်းစွာဆွေးနေပြီဖြစ်တဲ့ တိရိစ္ဆာန်အညစ်အကြေးများ ထည့်ပေးခြင်း၊ သစ်စိမ်းမြေသြဇာများထည့်ပေးခြင်း၊ သစ်ရွက်ခြောက်မြေသြဇာများထည့်ပေးခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

⏭ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွင် ဒေသအလိုက်မိုးခေါင်မှု၊ ရေကြီးမှု၊ အပူချိန်မြင့်တက်လာမှု စတဲ့ အခြေအနေများကြောင့် အဏုဇီဝသက်ရှိများအပါအဝင်ဇီဝသက်ရှိများရဲ့ ရှင်သန်ပေါက်ဖွားလာမှု အခြေအနေများလည်း ပြောင်းလဲလာတာကိုတွေ့ရပါတယ်။ အပူချိန်မြင့်မားလာခြင်းကြောင့် မြေကြီးအပူချိန်မြင့်မားလာတဲ့အတွက် မြေတွင်းရှိ မြေဆွေးဓာတ်များ (အော်ဂဲနစ်ပစ္စည်းများ)ဓာတ်ပြိုကွဲမှုကို လျင်မြန်စွာဖြစ်ပေါ်လာစေပါတယ်။ ထို့ကြောင့် မြေအရည်အသွေးကျဆင်းလာပြီး လိုအပ်တဲ့အာဟာရဓါတ်လျော့နည်းချို့တဲ့လာခြင်းများကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှုကိုလည်း လျော့နည်းလာစေပါတယ်။ ဒါကတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုကြောင့် တွေ့လာရတဲ့ သံသရာလည်မှုဖြစ်စဉ်ဖြစ်ပါတယ်။

⏭မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေများမှာ မြေဆွေးထည့်သွင်းပေးနိုင်တဲ့ပမာဏဟာ အထူးနည်းပါးလာတာကို တွေ့ရပါတယ်။ ရာသီဥတုပြောင်းလဲလာမှုနဲ့အတူသီးနှံအထွက်နှုန်းကျဆင်းလာမှု၊ သီးနှံဈေးနှုန်းများ မတည်ငြိမ်မှု၊ မျိုးစေ့အပါအဝင် သွင်းအားစုများရဲ့ဈေးနှုန်းမြင့်လာမှု၊ လယ်ယာလုပ်သားများ ရှားပါးလာနေမှုများကြောင့် မိသားစုစီးပွားရေးကျဆင်းလာခဲ့ကြရပါတယ်။ ထို့ကြောင့် ခိုင်းနွား၊ ခိုင်းကျွဲများကိုရောင်းချကာ မိသားစုအခက်အခဲများဖြေရှင်းရတဲ့အတွက် လယ်ယာလုပ်ငန်းကိုအချိန်မှီ ဆောင်ရွက်နိုင်မှု မရှိတော့တာကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကိုများစွာထိခိုက်လာစေပါတယ်။ 

⏭တစ်ဘက်မှာလည်း တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို မရနိုင်တော့တဲ့အတွက် မြေဆွေးထည့်သွင်းနိုင်မှု နည်းလာပါတယ်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုကြောင့် ဒေသအလိုက် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးလာမှုအပါအဝင် စိုက်ပျိုးချိန်နှင့်စိုက်ပျိုးပြုစုနည်းများကိုလည်း ပြောင်းလဲဆောင်ရွက် လာခဲ့ကြတာကိုတွေ့ရပါတယ်။ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာဖြင်း၊ ရရှိတဲ့မိုးရေချိန်နည်းလာခြင်း စတဲ့အခြေအနေများကြောင့် စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲကျင့်သုံးရာတွင် မြေတိုက်စားမှုများ၊ ရေတိုက်စားမှုများ ဖြစ်ပေါ်လာပြီး မြေပျက်စီးလာရပါတယ်။

⏭စိုက်ပျိုးမြေတွင် သဘာဝမြေသြဇာဓာတ်များလျော့နည်းလာမှုကြောင့် ဓာတ်မြေသြဇာအမျိုးမျိုးကို ထည့်သွင်းအသုံးပြုလာကြတဲ့အတွက် မြေပျက်စီးမှုများပိုဖြစ်လာတာကိုလည်းတွေ့ကြုံနေရပါပြီ။ ရာသီဥတုဖောက်ပြန်လာမှု၊ မြေဆီလွှာပျက်စီးလာမှု၊ မြေဆီသြဇာညံ့လာမှုများကြောင့် မြေဆီလွှာ ပျက်စီးလာမှုတို့ကို ပြုပြင်ပေးနိုင်ရန် စိုက်ပျိုးမြေများတွင်သစ်စိမ်းမြေသြဇာများ စိုက်ပျိုးထည့်သွင်းခြင်း၊ သဲဆန်သောမြေများတွင်လေကာပင်များ စိုက်ပျိုးပေးခြင်းအပြင် ပဲမျိုးရင်းဝင်အပင်များကို သီးညှပ်စိုက်ခြင်း၊ သီးလှည့်စိုက်ခြင်း စသည်တို့ကို ပြုလုပ်ပေးသင့်ပါသည်။ ထို့ကြောင့် မြေဆီလွှာရေရှည်ကောင်းမွန်နေစေရန်အတွက် ယခုကတည်းကစတင်ပြီး ပြုပြင်ထိန်းသိမ်းခြင်းကို ဆောင်ရွက်သင့်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Sources - ဆရာဒေါက်တာစိန်လှဗိုလ်