menu

"အလေအလွင့်ထိန်း၍ မြေပဲသိမ်းကြပါစို့"


🌿🌿🥜🌿🌿🥜🌿🌿🥜🌿🌿

🔸မြန်မာနိုင်ငံတွင် မိုးမြေပဲကို မေလထဲတွင် ပထမိုးစတင်ရွာသည်နှင့် စိုက်ပျိုးကြသည်။ စကမြေပဲကို မိုးနှင့် ဆောင်းကြားကာလ ဩဂုတ်လလယ်တွင်စိုက်ကြသည်။ ဆောင်းမြေပဲကို နိုဝင်ဘာလနောက်ဆုံးထား စိုက်ကြသည်။ မြေပဲသိမ်းချိန်ရောက်လျှင် မြေပဲတောင့်များရင့်မှည့်ပြီး အချိန်မှီမဖော်နိုင်ပါက ဆုံးရှုံးလေလွင့်မှုများပြားသည်။ မြေပဲတောင့်များသည်မြေကြီးထဲတွင်ရှိနေသဖြင့်အားလုံးဖော်ယူ နုတ်သိမ်းရန်မှာခက်ခဲသည်။ သေချာစနစ်တကျစေ့စေ့စပ်စပ်လုပ်မှ ဆုံးရှုံးမှုနည်းသည်။ တစ်ဧက ရင်းနှီးမြှုပ်နှံမှုငွေကြေးများသောသီးနှံဖြစ်၍ ပို၍ဂရုပြုရသည်။ မိမိစိုက်ပျိုးသောမြေပဲမျိုး၏ သက်တမ်း ရက်လကို သိရမည်။

🔸စိုက်ပျိုးပြီးတစ်လခန့်ကြာလျှင် ပန်းပွင့်တတ်ပြီးပန်းပွင့်ရက်ကလည်း နှစ်လခန့်ထိကြာတတ်သည်။ ပန်းပွင့်ချိန်မတူညီသော ဆုတ်တက်ဖြစ်သဖြင့် မြေကြီးထဲ၌မြေပဲတောင့်ဖြစ်တည်သည်ကလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းမဖြစ်တော့ဘဲ ဖော်ချိန်တွင် နုတာနု၊ ရင့်တာရင့် နှင့် အချို့မြေပဲတောင့်များ အဆန်ပိန်နှင့် တွေ့ရတတ်သည်။ သို့သော် မြေပဲသိမ်းချိန်၊ မြေပဲဖော်ချိန်သည် တခြားပဲများကဲ့သို့ အကြိမ်ကြိမ်ပြုလုပ်ရသည်မဟုတ်ဘဲ တစ်ကြိမ်တည်းနှင့် ဖော်ကြရသည်။ ထို့ကြောင့် နုတ်ဖော်ချိန်စောလျှင် အစေ့အဆံနု၍ နောက်ကျလျှင် မြေပဲတောင့်များမြေကြီးထဲကျန်ရစ်ခဲ့တော့သည်။

🔸မြေပဲတောင့်ရင့်မှည့်ချိန်သိမ်းမှသာ ဆီကြိတ်ရာတွင်ဆီထွက်ကောင်းသည်။ ထားသိုရာတွင်ကြာရှည်ခံ သည်။ မြေပဲတောင့်ရင့်ချိန်၌ မြေပဲတောင့်အတွင်းပိုင်းသည်အရောင်ဝါညိုပြောင်းလာသည်။ နုလျှင် မြေပဲတောင့်အတွင်းပိုင်းသည် ဖြူနေမည်။ နုလျှင်အစေ့ပေါ်၌အဖြူရောင်အမှေးပါးရှိပြီး ရင့်လျှင် အနီရောင်၊ နီညိုရောင်အမှေးပါးဖြစ်လာသည်။ ကျွမ်းကျင်ရာလိမ္မာဆိုသကဲ့သို့ မြေပဲစိုက်တောင်သူများ သည် မြေပေါ်ရှိမြေပဲပင်၏ အပင်ဝါလာမှု၊ မြေပဲတောင့်အဆံပြည့်လာမှု၊ မြေပဲတစ်ပင်တွင် အတောင့် ၇၅ ရာခိုင်နှုန်း မြေပဲတောင့်ထဲရှိအဆံဖြစ်စေ မြေပဲတောင့်အတွင်းသား အရောင်ပြောင်းလဲလာလျှင်ဖြစ်စေ နုတ်သိမ်းရမည်ကို သိကြသည်။

🔸မြေကြပ်လျှင် ဓားကွင်းတိုက်၍ဖော်ကြသည်။ မနုလွန်း မရင့်လွန်းသောအခြေအနေဖော်ယူနိုင်မှ အထွက် ကောင်းသည်။ နုလွန်းလျှင်မြေပဲဆန်မှိုတက်မှုမြန်သည်။ နုတ်သိမ်းပြီးမြေပဲပင်များ တန်းဖြင့်ချိတ်ဆွဲ အခြောက်ခံခြင်း၊ အတောင့်လိုက်သိမ်းခြင်း၊ အတောင့်မှအဆံခြွေ၍ နေလှန်းသိမ်းဆည်းခြင်းပြုကြသည်။ မြေပဲဆံများသည်အစိုဓာတ်ရှိပါက မှိုတက်မှုမြန်သဖြင့် အစိုဓာတ် ၆ ရာခိုင်နှုန်းအထိလျှော့ချ အခြောက်ခံပြီးမှ သိုလှောင်သင့်သည်။ နေလှန်းအခြောက်ခံမှုထက် အခြောက်ခံစက်များဖြင့် အစိုဖယ်ထုတ်အခြောက်ခံခြင်းများ ပြုလုပ်သင့်ပါသည်။ 

🔸အဓိကမှာ နုတ်သိမ်းချိန်မှန်ကန်ရန်နှင့် ခြောက်သွေ့မှသိုလှောင်ရန်ဖြစ်သည်။ စနစ်တကျ နည်းမှန် စနစ်မှန်ပြုလုပ်လျှက် မျိုးမြေပဲအဖြစ်ထားရှိအသုံးပြုနိုင်ပါသည်။ မြေပဲမျိုးကလည်း စိုက်ချိန်တွင် မျိုးသန့်မရမှု၊ မျိုးဈေး ကြီးမြင့်မှုတို့ကြောင့် မျိုးမြေပဲစနစ်တကျ သိုလှောင်မှုကိုလည်း မြေပဲစိုက် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်လိုက်နာလုပ်ကိုင်သင့်ပါသည်။ အများစုသည်မြေပဲကိုဆီကြိတ်၍ စားသုံးဆီရယူကြသည်။ မှိုပါရှိမှုကင်းသောမြေပဲဆန်မှသာ သန့်ရှင်းသောစားသုံးဆီကိုရရှိမည်။

🔸ထို့ကြောင့် ဆီကြိတ်သည်ဖြစ်စေ၊ အစေ့အဆံရောင်းချသည်ဖြစ်စေ မြေပဲဖော်ချိန်မှန်ကန်မှုသည် အရေးကြီးပါသည်။ အလေအလွင့်ကိုလည်းထိန်းနိုင်ပါသည်။ တစ်ဖက်ကလည်း မိုးနှောင်းတွင်ရွာတတ်သော အချိန်အခါမဲ့မိုးကိုလည်း ဂရုပြုရပါမည်။ ဖော်ချိန်မဖော်နိုင်ဘဲ နောက်ကျလျှင်မြေကြီးထဲရှိရင့်မှည့်သော မြေပဲတောင့်များမှအစိုဓာတ်ရ၍ အညှောင့်ပေါက်ပြီးဆုံးရှုံးနိုင်ပါသေးကြောင်း စိုက်ပျိုးဗဟုသုတအဖြစ် ရေးသားတင်ပြအပ်ပါသည်။

Sources : ကိုရဲ (စိုက်ပျိုးရေး)

စိုက်ပျိုးရေးရာအကြံပြုချက်များ