menu

အထူးဂရုပြု ကာကွယ်ပါ “ပဲတီစိမ်း၊ မတ်ပဲ အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ”


🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿

↗️ ယခုလတ်တလောတွင် ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲမျိုးစုံစိုက်ခင်းများတွင် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါများ အများအပြားကျရောက်နေကြသည်ကိုတွေ့ရပါသည်။ ၎င်းရောဂါသည်ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ကုသဆေးမရှိပါ။ မိုစေ့ဗိုင်းရပ်စ်ရောဂါကျရောက်ခဲ့ပါက လျှင်မြန်စွာကူးစက်ပြန့်နှံ့ပြီး တစ်ခင်းလုံးအနှံ့ရောဂါများ ဖြစ်ပွားကာ မိမိတို့ပြုစုစောင့်ရှောက်ခဲ့သမျှ လေလွင့်ဆုံးရှုံးပြီး အထွက်နှုန်းကျကာ ဝင်ငွေကျဆင်းစေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် “အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါ” အကြောင်းသိရှိပြီး ရောဂါမကျရောက်အောင်ကြိုတင်ကာကွယ်နိုင်ရန် ရေးသားတင်ပြအပ်ပါသည်။

ရောဂါလက္ခဏာ
-------------

ရောဂါကျရောက်လျှင် ပဲပင်အရွက်များအောက်ကိုကွေးပြီး လိပ်သွားပါသည်။ အစောပိုင်းကာလများတွင် ပဲတီစိမ်း၊ မတ်ပဲအရွက်များပေါ်တွင် သေးငယ်ပြီး ပုံသဏ္ဍာန်မမှန်သော အဝါရောင်အစက်အပျောက်များ ဖြစ်ပေါ်နေပါသည်။ ထိုအစက်များသည် တဖြည်းဖြည်း ကြီးထွားလာကာ အရွက်တစ်ခုလုံးနီးပါး ပျံ့နှံ့သွားကာ စိမ်းဝါရောင်အကွက်များ ဖြစ်ပေါ်နေပါသည်။ နောက်ပိုင်းကာလများတွင် အရွက်တစ်ခုလုံး အဝါရောင်ပြောင်းသွားပါသည်။ ထို့နောက် ပုံသဏ္ဍာန်မမှန်သော အရွက်များ၊ အသီးများကိုလည်း တွေ့ရပါသည်။ ရောဂါကူး စက်ခံထားရသော အပင်များသည် သိသိသာသာ ပုနေပါသည်။ အဆစ်ကြားများလည်းတိုသွားပြီး ကိုင်းများလည်းပိုထွက်လာကာ ချုံပုပ်ပုံသဏ္ဍာန်များ ဖြစ်နေပါသည်။ ထို့အပြင် အသီးများရင့်မှည့်မှု နောက်ကျပြီး အထွက်နှုန်းများကိုလည်းသိသာစွာ လျော့ကျသွားပါသည်။ ရောဂါကျရောက်မှုဆိုးရွားပါက အခင်းသည် အပင်ကြီးထွားမှု နှေးခြင်း၊ အသီးတောင့်များမပြည့်မီခြင်း၊ အဖျင်းအမှော်များခြင်းနှင့် ရိတ်သိမ်းရန်မကျန်ရှိသည်အထိဖြစ်တတ်ပါသည်။

ရောဂါဖြစ်စေသော အကြောင်းအရင်းများ
----------------------------------

“အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ” ကိုဖြစ်စေသည့် အဓိကအကြောင်းအရင်းမှာ ပဲစိုက်ခင်းများသို့ ယင်ဖြူကျရောက်ခြင်းကြောင့်ဖြစ်သည်။ ယင်ဖြူသည် အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါကို သယ်ဆောင်သူဖြစ်သည်။ ပဲပင်၏ အစိတ်ပိုင်းတစ်ခုခုသို့ ယင်ဖြူထိုးစုပ်ချိန် ခြောက်စက္ကန့်ကြာလျှင် ၎င်းဗိုင်းရပ်စ်သည် အပင်ထဲသို့ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် တစ်ကြိမ်ထိုးစုပ်သည်နှင့် အပင်ထဲသို့ရောက်ရှိပြီး ဗိုင်းရပ်စ်အရေအတွက် သောင်း၊ သိန်းချီအောင် ပွားများနိုင်ပါသည်။ ရောဂါကျရောက်လျှင် အချိန်ပမာဏနည်းနည်းဖြင့် တစ်ခင်းလုံးဝါသည့်တိုင် ပျံ့နှံ့နိုင်သော ရောဂါမျိုးဖြစ်သည်။

ကာကွယ်နှိမ်နင်းခြင်း
-----------------

ပဲစိုက်ခင်းများသို့ ယင်ဖြူကျရောက်သည်ကို သိရှိပြီးမှ ပိုးသတ်ဆေးဖျန်းလျှင် ယင်ဖြူရန်မှ ကာကွယ်နိုင်မည်ဖြစ်သော်လည်း အဝါရောင်မိုစေ့ဗိုင်းရပ်စ်အား ကာကွယ်တားဆီးနိုင်မည်မဟုတ်ပါ။ ရောဂါကျရောက်ပြီးလျှင် ထိရောက်စွာကာကွယ်နှိမ်နင်းရန် မလွယ်ကူသောကြောင့် ကြိုတင်ကာကွယ်သည့်နည်းလမ်းကို အသုံးပြုရန် လိုအပ်သည်။ ယင်ဖြူကျရောက်မှုကို တားဆီးပြီး ရောဂါကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရန် နည်းလမ်းများမှာ .....

(၁) ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း

အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါအား ခံနိုင်ရည်ရှိသောပဲတီစိမ်းမျိုးများမှာ ရေဆင်း-၁၄၊ ရေဆင်း-၁၁၊ ရေဆင်း-၉၊ ရေဆင်း-၈ မျိုးများဖြစ်ပြီး၊ မတ်ပဲမျိုးသည် ရေဆင်း-၇ ဟု ထုတ်ပြန်ထားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မျိုးစေ့မလုံလောက်ခြင်းနှင့် ၎င်းရေဆင်းမျိုးများသည် မိမိစိုက်ပျိုးမည့်နေရပ်ဒေသနှင့် ကိုက်ညီမှုမရှိခြင်း စသည့် အခက်အခဲများကြောင့် ဤနည်းလမ်းသည် အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါကိုကာကွယ်ရန် ရာနှုန်းပြည့် အောင်မြင်မှုမရှိနိုင်ပါ။

(၂) စိုက်ချိန်မှန်အောင်စိုက်ပျိုးခြင်း (သို့) စိုက်ချိန်စောစိုက်ခြင်း

ဤနည်းလမ်းသည် မိုးစပါးအပြီး ဆောင်းသီးနှံ များများစိုက်ပျိုးရခြင်းဖြစ်သည့်အတွက် မိုးစပါးရိတ်သိမ်းချိန်များတွင် တစ်ချို့နေရာတွင် အခက်အခဲဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် မိုးနည်းသည့် မိုးစပါးရိတ်သိမ်းချိန် မှန်ကန်မှုမရှိသော နေရာများတွင် အဆင်ပြေနိုင်သော်လည်း ရိတ်သိမ်းမှု အခက်အခဲရှိသော နေရာများတွင် ထိရောက်စွာ ကာကွယ်နိုင်မှုမရှိပါ။

(၃) ဖျက်ပိုးများအန္တရာယ် ကြိုတင်ကာကွယ်ခြင်း

ပဲတီစိမ်း၊ မတ်ပဲအဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ မဖြစ်စေရန်အတွက် အဓိက ကာကွယ်ရန်မှာ ယင်ဖြူဖြစ်သည်။ ထို့ကြောင့်ပဲမျိုးစုံတွင်အပင်နှင့် အရွက်များသန်မာမှုရှိစေရန်နှင့် ယင်ဖြူအားကာကွယ်ရန် ရွက်ဖျန်းမြေဩဇာများနှင့် ပိုးသတ်ဆေးအား ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ တောင်သူဦးကြီးတို့အနေဖြင့် အပင်များသန်မာစေရန်ဝိစာရ၏ “စူပါ ပါဝါ၊ မေခလာ(၁)၊ ဓနတိုး” စသည့်ရွက်ဖျန်းမြေဩဇာများ နှင့် ပင်လုံးပြန့်အာနိသင်ရှိ “ကေလာ၊ နိုးဝမ်း” ပိုးသတ်ဆေး တစ်မျိုးမျိုးအား ပေါင်းစပ်ကာ အချိန်မှန်မှန်ကြိုတင်ပက်ဖျန်းအသုံးပြုရန်လိုအပ်ပါသည်။ ကြိုတင်ပေါင်းစပ်အသုံးပြုရာတွင် မတ်ပဲပင် (၁၅) ရက်သားမှစကာ (၁၀) ရက်တစ်ကြိမ် ပုံမှန်ပက်ဖျန်းပေးခြင်းအားဖြင့် ကာကွယ်နိုင်သည်။ ဆေးများပက်ဖျန်းသည့်အခါ ပဲပင်များ၏ အရွက်အပေါ်နှင့်အောက် အနှံ့ရောက်အောင်ပက်ဖျန်းပေးရမည်။ အများအားဖြင့် ယင်ဖြူသည် အရွက်၏အောက်မျက်နှာပြင်တွင် ခိုအောင်းကပ်တွယ်နိုင်သောကြောင့် ပဲပင်၏ အရွက် အောက်မျက်နှာပြင်အား ဆေးရည်ရောက်ရှိရန် အထူးလိုအပ်သည်။

↗️ ဖော်ပြပါကာကွယ်နှိမ်နင်းနည်းများအနက် တတိယမြောက်နည်းလမ်းသည် ပိုမိုထိရောက်မှုရှိပြီး ကျန်နှစ်ခုသည် ထိရောက်မှုမရှိဟု ဆိုလိုခြင်းမဟုတ်ပါ။ မိမိနေထိုင်ရာ အရပ်ဒေသအလိုက် အဆင်ပြေ၊ သင့်တော်မည့် နည်းလမ်းများအား ပေါင်းစပ်အသုံးပြုခြင်းဖြင့် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲမျိုးစုံတွင် ကျရောက်သော အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ပြီး ပဲမျိုးစုံအထွက်တိုး စေရန်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

↗️ ဆက်လက်၍ အကြံပြုရေးသားလိုသည်မှာ .....

☑️ ထိုရောဂါသည် မျိုးစေ့ဆောင်ရောဂါမဟုတ်သော်လည်း မျိုးစေ့မှ ၃ မှ ၆ ရာခိုင်နှုန်း ကူးစက်နိုင်သည့်အတွက် ယခုကဲ့သို့ရောဂါကျအခင်းများမှထွက်ရှိလာသော ပဲစေ့များကို မျိုးအဖြစ်သိုလှောင်ခြင်း၊ နောက်သီးနှံတွင်မျိုးအဖြစ်ပြန်လည်စိုက်ပျိုးခြင်းမျိုးမပြုလုပ်ရန် အထူးဂရုပြုရပါမည်။

☑️ ရောဂါကျခဲ့သောစိုက်ခင်းများကို စနစ်တကျ ထယ်ထိုးမြေလှန်ပြီးမှ နောက်သီးနှံ စိုက်ပျိုးပေးရပါမည်။ 

☑️ ထို့အပြင် ရောဂါကျစိုက်ခင်းများပတ်ဝန်းကျင်ရှိကန်သင်းမြေများပေါ်မှ ယင်ဖြူနှင့် ဖျက်ပိုးများခိုအောင်းနိုင်မည့် ပေါင်း၊မြက်များကို ပြောင်စင်အောင်ရှင်းလင်းပေးပါ။ 

☑️ ပဲတီစိမ်း၊ မတ်ပဲ စိုက်ခင်းများထဲတွင် ထိုရောဂါ ကူးစက်ခံထားရသော အပင်များတွေ့ရှိပါက နောက်ထပ်အပင်များကို မကူးစက်စေရန် ချက်ချင်းနုတ်၍ မီးရှို့ပစ်ရပါမည်။

↗️ သို့ဖြစ်ရာ ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲမျိုးစုံတွင်ကျရောက်တတ်သော အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ နှင့် ပတ်သက်သည်များကိုသိရှိမှတ်သားပြီး ဦးကြီးတို့၏ပဲမျိုးစုံစိုက်ခင်းများတွင် “အဝါရောင်မိုစေ့ဗိုင်းရပ်စ်” ရောဂါကင်းစင်ပြီး အထွက်နှုန်းကောင်းသည့်စိုက်ခင်းများဖြစ်စေဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့။

🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿