menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဆေးဘက်ဝင် ဈေးကွက်ဝင် “ရှားစောင်းလက်ပတ်”စိုက်ပျိုးနည်း
🌵🌵🌵🌵🌵🌵🌵🌵🌵🌵
မြန်မာအမည် - ရှားစောင်းလက်ပတ်
အင်္ဂလိပ်အမည် - ALOES
ရုက္ခဗေဒအမည် - ALOE VERA LINN
မျိုးရင်း - LILIACEAE
နိဒါန်း .....
ရှားစောင်းလက်ပတ်ပင်မှထုတ်သောတိုင်းရင်းဆေးဝါးများသည် ဆီးဆေး၊ ဝမ်းမှန်ဆေး၊ ပန်းနာရင်ကြပ် သမားများ၊ အစာအိမ်နာခြင်း၊အောင့်ခြင်းများအတွက် အထူးသက်သာပျောက်ကင်း စေသောဆေး၊ ဆီးပူခြင်း၊ မျက်စိပူခြင်း၊ အပူကန်ခြင်းတို့အတွက်လည်း တကယ့်ဆေးစွမ်းကောင်း တစ်လက်ဖြစ်သလို၊ ရှားစောင်းလက်ပတ်ကို အချိုရည်၊ ခေါင်းလျှော်ရည်၊ စနိုး၊ ဂျယ်စသည့် ကျန်းမာရေးနှင့် ကိုက်ညီသော လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်များစသည့် Value added တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအဖြစ် အမျိုးမျိုးပြုလုပ်၍ ထုတ်လုပ်လာကြပါသည်။ ရှားစောင်းလက်ပတ်ကို သဘာဝထွက်ကုန်ဖြစ်သော ပျားရည်ဖြင့်ကျိုချက်စားပါက အမျိုးသမီးများအတွက် အသားအရည် လှပကာကျန်းမာဝဖြိုး အလှတိုးစေမှာ ဖြစ်ပါသည်။ ရှားစောင်းလက်ပတ်ကို စိုက်ပျိုးခြင်းဖြင့် လူတို့ရဲ့ကျန်းမာရေး၊ စားသောက်ရေး၊ သုံးစွဲဖို့အရေး ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် “ကုသိုလ်လည်းရ ၊ ဝမ်းလည်းဝ၊ ဆေးဘက်လည်းဝင်၊ စျေးကွက်ဝင်” သော ရှားစောင်းလက်ပတ်ပင်ကို စိုက်ပျိုးသင့် ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မူရင်းဒေသ .....
ရှားစောင်းလက်ပတ် မူရင်းဒေသမှာအာဖရိကတိုက်ဖြစ်သည်။
အမျိုးအစား .....
ကမ္ဘာပေါ်တွင် ရှားစောင်းလက်ပတ် မျိုးစိတ်ပေါင်း (၁၆၀) ခန့် ရှိပါသည်။
ပုံသဏ္ဍာန် .....
မြန်မာပြည်၌ရှိသော ရှားစောင်းလက်ပတ်ပင်၏ ယေဘုယျပုံသဏ္ဍာန်မှာ အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်ပြီး အမြင့် (၁)ပေမှ (၁.၅)ပေ အထိမြင့်သည်။ ပင်ရင်းမှ အရွက်များ (၅ - ၆) ခု ဖြာလျက်ထွက်သည်။ အရွက်၏ အပေါ်ယံအခွံသည် အစိမ်းနုရောင်ရှိပြီး အတွင်း၌ကျောက်ကျောကဲ့သို့ ပျစ်ချွဲသော အရည်အသားများ ပြည့်လျက်ရှိသည်။ အရွက်အလျား (၁) ပေခန့် ရှိသည်။ ရွက်နားပတ်လည် ဆူးလေးများခြားလျက်ရှိသည်။
စိုက်ပျိုးသည့်ဒေသ .....
မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားစိုက်ပျိုးပေါက်ရောက်သော်လည်း အထူးသဖြင့် အပူပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်းသည်။
ရာသီဥတု .....
ရှားစောင်းလက်ပတ်မှာ မိုးနည်းရေရှားရပ်ဝန်းဒေသကို ကြိုက်နှစ်သက်သည်။ အပူဒဏ်ကို ခံနိုင်ရည် ရှိသော အပင်မျိုးဖြစ်၍ မြန်မာနိုင်ငံတွင် ရှားစောင်းလက်ပတ်နှင့် သင့်လျော်သော ရာသီဥတုမှာ အကြမ်းအားဖြင့် အပူချိန် (၈၅) ဒီဂရီဖာရင်ဟိုက်အထက်နှင့် မိုးရေချိန်မှာ (၄၀) လက်မအောက် ရွာသွန်းသော ရာသီဥတုဖြစ်သည်။
မြေအမျိုးအစား .....
အထူးသဖြင့် မြေပြန့်အရပ်တွင်ပေါက်ရောက်ဖြစ်ထွန်းသည်။ ကျောက်ထူထပ်သောမြေ၊ ဆပ်ပြာပေါက် သောမြေနှင့် ရေဝပ်သောမြေ၊ စိမ့်ရေအလွန်များသော မြေမျိုးမှလွဲ၍မြေအမျိုးအစားမရွေးပေါက်ရောက် ဖြစ်ထွန်းနိုင်သည်။
မြေပြုပြင်ခြင်း .....
မြေညံ့တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း တဧကအထွက်နှုန်းကောင်းမွန်စေရန်မြေအတန်းအစား ကောင်း သင့် ညံ့ အလိုက် သစ်ဆွေးမြေဩဇာ၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို သင့်လျော်မည့် နှုန်းထားသတ်မှတ်ထည့်သွင်းစိုက်ပျိုးသင့်သည်။ ဓာတ်မြေဩဇာအလွန်အကျွံထည့်ခြင်း ကိုမူ ရှောင်ရပါမည်။ထွန်ယက်ရန် လွယ်ကူသောမြေတွင် နွားထယ် (၁)စပ်နှင့် နွားထွန် (၄)စပ်၊ မြေစေးတွင် နွားထယ် (၂)စပ်နှင့် နွားထွန် (၈)စပ် ထွန်ယက် ပြုပြင်ပေးရသည်။ ဘောင်ယောင်ပြုလုပ်၍ မိုးများသောအရပ်တွင် တောင်ထိပ်တွင်၎င်း၊ မိုးနည်းသော အရပ်တွင်ဘောင်ကြား၌၎င်း၊ မိုးသင့်သော အရပ်တွင် ထွန်ရေးပြင်၌စိုက်တန်းဖော်စိုက်ရမည်။
စိုက်ပျိုးခြင်း .....
မိုးဦးကျအချိန်တွင် ရှားစောင်းလက်ပတ်သားတက်များကို မူလပင်မမှ ဖဲ့ယူ၍ ပြုပြင်ထားသော စိုက်ခင်းမြေအတွင်း တိုက်ရိုက်စိုက်နိုင်သည်။ သားတက်ပင်ငယ်လေးများအား အနည်းဆုံး တစ်ပင်နှင့် တစ်ပင် (၁) ပေ တစ်တန်းနှင့်တစ်တန်း (၁)ပေခြား စိုက်ရသည်။ အခြားနည်းမှာ တစ်ပင်နှင့်တစ်ပင်(၂) ပေ အကွာထားပြီး တစ်ပင်နှင့်တစ်ပင်ကြားတွင် သားတက် ပင်ငယ်လေးများ တစ်ပင်စီ ကြားညှပ်စိုက်ပျိုးထားလျှင် အပင်ကြီး ကျသွားချိန်၌ အပင်သစ်များမှ အရွက်များဆက်လက်ရရှိ ဆွတ်ခူးသွားနိုင်၏။ ဤနည်းအားဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေပုံမှန်ရရှိစေနိုင်သည်။
မြေသြဇာကျွေးခြင်း .....
မြေညံ့တွင် တစ်ဧကအတွက် နွားချေးမြေဆွေးလှည်း (၆) စီး၊ မြေကောင်းတွင်နွားချေးမြေဆွေးလှည်း (၃)စီးချပေးသင့်သည်။ လိုအပ်ပါက ပျိုးပြီးနောက် မိုးတစ်ကြိမ်ရွာသွန်းပြီး သို့မဟုတ်ရေပေးသွင်းပြီးလျှင် ဓာတ်မြေသြဇာကိုသင့်တော်မည့်အချိုးနှုန်းထားနှင့် ရောစပ် ထည့်သွင်းသုံးစွဲရမည်။ မြေဩဇာ အသုံးပြုမှုနှုန်းထားမများစေရပါ။ ထို့နောက် ကြားထွန်လိုက်ပေးသင့်သည်။
မျိုးပွားခြင်း .....
သားတက်များကို ဖဲ့ယူ၍ မျိုးပွားသည်။ စိုက်ခင်းတွင် စိုက်ပျိုးထားသော အပင် (၁) နှစ် (၆) လ အရွယ်တွင် တပင်လျှင် သားတက်ပင် အနည်းဆုံး (၅)ပင်ခန့် ရရှိနိုင်သည်။
တစ်ဧက အပင်ဦးရေ .....
တန်းကြား (၁) ပေ၊ ပင်ကြား (၁) ပေ အကွာအဝေးဖြင့် စိုက်ပျိုးလျင် တစ်ဧကလျှင် စိုက်ပျိုးနိုင်သည့် အပင်ပေါင်း (၄၄,၀၀၀) ခန့်ဖြစ်သည်။
အပင်ပြုစုခြင်း .....
စိုက်ခင်းအတွင်း ရှားစောင်းလက်ပတ်သားတက်ပင်များချ၍ စိုက်ပျိုးပြီး (၆) လခန့်အကြာတွင် အပင်၏ အောက်လက်(၂)ရွက်မှ (၃) ရွက်ထိ ခူးဆွတ်ပြီး ပင်ကြားများ၌ပေါင်းရှင်းမြက်နုတ်ပေးရန်လိုသည်။ ပထမအကြိမ်အရွက်များဆွတ်ခူးပြီးနောက် ပင်ခြေများတွင် ပေါင်းသင် မြေဆွပေးခြင်းများ ပြုလုပ်ရမည်။ အကယ်၍ သားတက်များထွက်ရှိလာပါက သားတက်များကို ဖယ်ရှားပစ်ရန်လိုသည်။ သို့မှသာ အပင် သန်မာပြီး အရွက်များကြီးထွားနိုင်မည်ဖြစ်သည်။
အရွက်ဆွတ်ခူးခြင်း .....
ရှားစောင်းလက်ပတ်များ၏ ပင်ခြေရှိ အလျား (၁၀)လက်မနှင့် (၁၂) လက်မ၊ အနံ (၂.၅ - ၃) လက်မ ရှိသော အလက်များကို တပင်လျှင် အနည်းဆုံး (၃) လက်ခန့် လှီးဖြတ်၍ ခူးယူရပါမည်။ အရွက်များကို (၆)လတစ်ကြိမ်၊ တနှစ်လျှင် (၂)ကြိမ်ဆွတ်ခူးနိုင်ပါသည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန