menu

"ဈေးကွက်ရှိနေသောမတ်ပဲ နှင့် မျိုးစေ့ ရွေးချယ်စိုက်ပျိုးခြင်း"


🌱🫘🌱🫘🌱🫘🌱🫘🌱🫘🌱

⏩ပဲမျိုးစုံဈေးကွက်၌ မတ်ပဲဈေးကွက်သည်ခိုင်မာနေသည်။ ပဲအများဆုံးစားသုံးသည့် အိမ်နီးချင်းနိုင်ငံကလည်း ရာသီဥတုမမှန် မိုးရွာမှုနည်းသဖြင့် ပဲလိုအပ်ချက်ရှိနေသည်။ မတ်ပဲသည်နေ့တာတို အပင်အမျိုးအစားဖြစ်သဖြင့် နေ့တာတုံ့ပြန်မှုရှိသည်။ မိုးရာသီစိုက်ပျိုးမှုကို မိုးလယ်ကာလ၌မြန်မာနိုင်ငံအထက်ပိုင်း၌စိုက်ကြသည်။ သို့သော်မြန်မာနိုင်ငံတွင် မတ်ပဲဧကများများစိုက်ကြသည်မှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သည့် ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်း ဒေသကြီးဖြစ်သည်။

⏩စပါးအပြီးမတ်ပဲသီးထပ်စိုက်ကြသလို နိုဝင်ဘာလလယ်တွင် ဆောင်းစိုက်စိုက်ပျိုးကြသည်။ စပါးအပြီးစိုက်ကြသည်မှာ စပါးခင်းမှစပါးရိတ်ပြီး လက်ကျန်မြေအစိုဓာတ်ဖြင့်စိုက်နိုင်လေ ကောင်းလေဖြစ်သည်။ ထို့ကြောင့်စပါးမြန်မြန်ရိတ်ကြ ပဲမြန်မြန်စိုက်ကြနှင့် တက်သုတ်ရိုက်ကြရသည်။ ရေငတ်ဒဏ်ခံနိုင်သောသီးနှံဖြစ်သည်ဆိုသော်လည်း စိုက်ချိန်၊ ပန်းပွင့်ချိန်၊ အစေ့အဆံတည်ချိန်များတွင် မြေအစိုဓာတ်ကောင်းမှသာ အထွက်ကောင်းသည်။ 

⏩သို့သော်ခက်နေသည်က “မျိုး”ဖြစ်သည်။ မျိုးသန့်မျိုးစေ့ဖြင့် စိုက်ပျိုးသူကနည်းပြီး စိုက်ခင်းထဲမှမျိုးကို မျိုးခံ၍မျိုးဆံစိုက်ပျိုးသူက အများစုဖြစ်သည်။ မတ်ပဲမှမဟုတ်ပါ။ သီးနှံတော်တော်များများကို စိုက်ခင်းထဲမှရိတ်သိမ်းချိန် တစ်ချို့ကို မျိုးချန်ပြီး ကျန်တာများရောင်းချလိုက်ကြသည်။ ဤနည်းဖြင့်နောက်တစ်နှစ်လည်းထိုနည်းလည်းကောင်း ရိတ်ချိန်နည်းနည်းချန်၍ ကျန်တာရောင်းပစ်ကြသည်။ ဤသို့ဖြင့်နှစ်ကြာသော် မျိုးစေ့ကိုစိုက်ပျိုးခြင်းမဟုတ်သဖြင့် သီးနှံအထွက်သည် ကျသထက်ကျလာသလို အရည်အသွေးကလည်း ညံ့သထက်ညံ့လာသည်။ ဤသို့ဖြင့် ဈေးကွက်ပျက်ကြရသည်။

⏩ထို့ကြောင့် မျိုးစေ့ကို မျိုးပွားနည်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများဖြင့် ဆင့်ပွားထုတ်လုပ်နိုင်ရန် နည်းပညာများရယူပြီး တောင်သူများကိုယ်တိုင်မျိုးစေ့ထုတ် စိုက်ပျိုးသင့်ပါသည်။ ပြည်ပဝယ်လက်များသည်ပင် အရည်အသွေးကောင်းသောနိုင်ငံများမှပြောင်းလဲဝယ်ယူလာကြပြီ ဖြစ်သည်။ မတ်ပဲတွင် ပုလဲနက်၊ ရေဆင်း(၁)၊ ရေဆင်း(၂)၊ ရေဆင်း(၃)၊ ရေဆင်း(၄)၊ ရေဆင်း(၅)၊ LBG(၁၇) မျိုး နှင့် ဒေသမျိုးများမှ မင်းလှထွန်းမျိုး၊ ဟင်္သာတလုံးကြီး၊ မိုးညိုလုံးကြီးမျိုးများ ကို မျိုးကောင်းထား၍ စိုက်ပျိုးနေကြရသည်။ 

⏩ရေဆင်း(၂)သည် အသက်ရက် (၉၀ - ၁၀၀)နှင့် အစေ့အရွယ်ကြီးပြီး ဒေသမရွေးစိုက်နိုင်သည်။ ရေဆင်း(၃)သည် အစေ့သေးသော်လည်း အထွက်ကောင်းသည်။ ရေဆင်း(၄)သည် ရာသီမရွေးစိုက်နိုင်သည်။ ရေဆင်း(၅)သည်အစေ့ကြီး၍ အထွက်ကောင်းသည်။ မျိုးကောင်းလျှင် တစ်ဧက (၂၅ - ၃၀)တင်းကျော်ထွက်နိုင်သော်လည်း မျိုးစေ့ကိုမစိုက်ကြပဲ မျိုးညံ့မျိုးပျက်ပြီးဗီဇမမှန်၍ တစ်ဧက တင်း(၂၀) မှ (၁၅)တင်းသို့သာ ထွက်နိုင်တော့သည်။ 

⏩ထို့ကြောင့်ပြည်ပဈေးကွက်ကောင်းရှိနေသော မတ်ပဲကို အရည်အသွေးကောင်းကောင်းပဲစေ့ရရန်မှာ မျိုးစေ့စိုက်ကြသင့်ပြီး မျိုးစေ့ထုတ်ခြံများမှလည်း မျိုးများများထုတ်လုပ်ပွားများ၍ဖြန့်ဖြူးသင့်ပေပြီ။ ပုဂ္ဂလိကများကလည်းပဲမျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်းများလုပ်ကိုင်၍ မျိုးစေ့ရောင်းချပေးသင့်ပါသည်။ ဓာတ်မြေဩဇာများလည်း သုံးသင့်သလောက်ထည့်သွင်း အသုံးပြုပေးရပါမည်။ မျိုးကညံ့ သင့်တင့်သည့် မြေဩဇာကိုလည်း ထည့်မသုံးလျှင် ထွက်ရှိလာသောပဲသည် အရည်အသွေးညံ့ညံ့သာဖြစ်နေပါတော့မည်။

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ