menu

ဈေးကွက်ဝင် “ရုံးပတီသီး”ကို စိုက်ပျိုးကြစို့

🍂🌱🍂🌱🍂🌱🍂🌱🍂🌱🍂

⏭ရုံးပတီပင်၏ မူရင်းဒေသမှာ အာရှတိုက်ကဟု ယူဆရပါသည်။ ၁၃ ရာစုခန့်ကစတင်၍ အီဂျစ်လူမျိုးများ စတင်စားသုံးလာကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင်လည်း ယခုအခါ ဟင်းချက်စားသည့် ရုံးပတီပင်များကို နေရာဒေသအနှံ့အပြားတွင် စိုက်ပျိုးထုတ်လုပ် စားသုံးလာလျက် ရှိနေပါသည်။ တောင်သူဦးကြီးများ မိသားစု ဝင်ငွေတိုးရရှိစေရေးအတွက် နေ့စဉ်စားသုံးမည့် ရုံးပတီသီးများ များများရရှိရန် များများစိုက်ပျိုးကြရန် လိုအပ်ပါသည်။

⏭ရုံးပတီပင်တွင် အပင်၏ အနိမ့်၊ အမြင့်၊ အသီး၏ ပုံသဏ္ဌာန်များအပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြပါသည်။ ပင်မြင့်မျိုး၊ ပင်လတ်မျိုး၊ ပင်ပုမျိုး၊ အသီးတွင် အမြှောင်းပါသည့်မျိုး၊ အသီးအရောင်စိမ်းသည့်မျိုး၊ အသီးနီမျိုး စသည်ဖြင့် မျိုးကွာခြားမှုရှိပါသည်။ အာရှရုံးပတီမျိုးများသည် အသီးတွင်အမွေးနုကလေးများ ပါသည့်အပြင် အမြှောင်းပါ ပါရှိပါသည်။ တစ်ထောင့်နှင့် တစ်တောင့် ဆင့်ကဲဆင့်ကဲ ဝါးဒလက်ကဲ့သို့ သီးပါသည်။

⏭အသီးအရေအတွက်နည်းပြီး တစ်ပင်လျှင် ၂၅ တောင့်ခန့် သီးပါသည်။ အမေရိကန်ရုံးပတီမျိုးများသည် အသီးအမြှောင်းများမရှိဘဲ အမွေးအနုမပါ အသီးချင်း ဆိုင်ပြီးသီးပါသည်။ တစ်ပင်လျှင် ရုံးပတီအသီးပေါင်း ၄၀ ကျော်အထိ သီးနိုင်ပါသည်။ ရုံးပတီပင်ကို စိုက်ပျိုးရာတွင် ရုံးပတီမျိုးကွဲအလိုက် စိုက်သည့်အချိန် ကွဲပြားကြပါသည်။ ရုံးပတီပင်သည် မြေအမျိုးအစားမရွေး စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေဩဇာကောင်းမွန်သော နုန်းမြေများတွင် အပင်ပိုမို ဖြစ်ထွန်း၍ အသီးအထွက်ကောင်းသည်။ မြေ၏ အချဉ်အငန်ဓာတ်မှာ ၆ ဒသမ သုညမှ ၆ ဒသမ ၈ အတွင်း အကောင်းဆုံးဖြစ်ပါသည်။ ရုံးပတီပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အေးသော ရာသီဥတုနှင့် ဆီးနှင်းများကျရောက်မှုဒဏ်ကို မခံနိုင်ပါ။ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက်တွင် အပင်မပေါက်နိုင်ပါ။ ရုံးပတီစိုက်ပျိုးရန် တစ်ဧက ရုံးပတီမျိုးစေ့ (၇ မှ ၁၀) ကီလိုဂရမ်အထိ လိုအပ်ပါသည်။

⏭မြေပြင်ချိန်၊ မြေခံအဖြစ် မြေဆွေးဓာတ်၊ တစ်ဧက နွားချေးဆွေး တင်း ၁၀ဝအထိ နှံ့စပ်အောင်ထည့်ပေးပါ။ ထယ်ရေးနက်နက်၊ ထွန်ရေး ညက်ညက်ဖြင့် အပေါ်ယံမြေမျက်နှာပြင် ညီညာနေစေရန် စိုက်ပျိုးမည့်ထယ်ရေးတွင် ကျမ်းတုံးရိုက်ပါ။ စိုက်ပျိုးရာတွင် တန်းကြားသုံးပေ၊ ပင်ကြားတစ်ပေဖြင့် စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီပင်သည်မျိုးအလိုက် အပင်၏အရွယ်အစားများ ကွာခြားကြပါသည်။ ရုံးပတီကို နွေ၊ မိုး၊ ဆောင်းရာသီသုံးမျိုးလုံး စိုက်ပျိုးလျက်ရှိကြပါသည်။

⏭နွေစိုက်သည့် ရုံးပတီမျိုးများသည် အပင်ကြီးထွားမှု နည်းခြင်းတို့ကြောင့် စိုက်စနစ် အရ စိုက်တန်းနှင့် အပင်အကွာအဝေးလျှော့ပေးရပါသည်။ ရုံးပတီပင်စိုက်ပျိုးရန် ရုံးပတီအစေ့များကို မစိုက်ပျိုးမီ ၁၂ နာရီခန့် ရေစိမ်ပါ။ အပင်ပေါက်ရန် မြေ၏အပူဓာတ်များလည်းလိုအပ်ပါသည်။ ရေစိမ်ပြီး စိုက်ပျိုးပါကအပင်ပေါက်စုံပြီး အပင်သန်စွမ်းမှုများကိုလည်း ရရှိ နိုင်ပါသည်။ ရုံးပတီစိုက်ခင်းများတွင် စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ အတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးပါ။ ရုံးပတီစိုက်ခင်းများ အသီးအထွက်ကောင်းနေစေရန် ပင်ဖြစ်ရေလိုအပ်ပါက ရေသွင်းပေးရန် လိုအပ်ပါသည်။

⏭ရုံးပတီပင်သည် ရေငတ်သည့်ဒဏ်ကိုခံနိုင်ရည်ရှိသော်လည်း အပင်ခြေရေဝပ်မှုကိုမကြိုက်ပေ။ အစိုဓာတ် ထိန်းသိမ်းနိုင်သော နုန်းမြေများတွင် အသီးအတွက် ပိုမိုကောင်း မွန်စေပါသည်။ ရုံးပတီသီးများကို အတောင့်များ ကြီးရင့်အောင်မထားရပါ။ အသီးကင်းဝင်စမှ ၁၀ ရက်၊ ၁၂ ရက်ခန့်ရှိနေချိန်တွင် အသီးများရင့်ပြီး စားမကောင်းတတ်တော့ပါ။ ထို့ကြောင့် ဟင်းချက်စားရန် အကောင်းဆုံးအဆင့်မှာ အသီးကင်းဝင်ပြီး လေးရက်မှခြောက်ရက်အတွင်း ခူးဆွတ်ပြီးရောင်းချရန် ဖြစ်ပါသည်။ ရုံးပတီသီးကို ပန်းပွင့်ပြီးတစ်ပတ်အကြာ ခူးဆွတ်ပါ။ ရာသီဥတုပူပြင်းပါက အသီးအရင့်မြန်တတ်ပါသည်။

⏭ရုံးပတီပင် စိုက်ပျိုးကြရာတွင် တစ်ဧကလျှင် အသီးအထွက် ပိဿာ ၁,ဝဝဝ မှပိဿာ ၂,ဝဝဝ ကျော်အထိ ထွက်ရှိနိုင်ပါသည်။ ရုံးပတီမျိုးစေ့အဖြစ် ရယူကြရာတွင်မျိုးကောင်း၊ မျိုးသန့် အပင်များမှ အသီးတောင့် များကို ရင့်မှည့်သီးတောင့်များအဖြစ်ထားရှိပြီး မျိုးစေ့များ ရယူပွားများ စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီသီး များကို အဓိကအားဖြင့်ဟင်းချက်စားကြရာတွင် လည်းကောင်း၊ အတို့အမြှုပ်များအဖြစ်လည်းကောင်းစားသုံးကြပါသည်။ အချို့ဒေသများတွင် ရုံးပတီသီးကို ဆားရေစိမ်ပြီးစားသုံးကြပါသည်။ ထို့ကြောင့်မြန်မာတောင်သူလယ်သမား ကြီးများ မိသားစုဝင်ငွေတိုးရရှိစေရန် “ဟင်းစား ရုံးပတီသီးကို စိုက်ပျိုးကြပါစို့”ဟု တိုက်တွန်းအပ်ပါသည်။

Sources : ရွှေမင်းအောင်(ကျောက်ပန်းတောင်း)

မြန်မာတောင်သူကြီးများဂျာနယ်