menu

ဆေးဖက်ဝင်တဲ့ “ပူစီနံ” စိုက်ပျိုးနည်း


🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀

✅ကမ္ဘာပေါ်တွင်ဆေးဘက်ဝင်အပင်အမျိုးအစားပေါင်းမြောက်များစွာရှိသည့်အနက် “ပူစီနံရွက်” သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပူစီနံရွက်သည် မြန်မာ့အစားအသောက်တွင်ထည့်ချက်သော ဟင်းခတ်အမွှေး အကြိုင်တစ်မျိုးလည်းဖြစ်ပါသည်။ ထို့ကြောင့် ဆေးဖက်လည်းဝင် စားသုံးလို့လည်းရတဲ့ “ပူစီနံ” စိုက်ပျိုးနည်းကို တင်ပြအပ်ပါသည်။

မြေပြုပြင်ခြင်း
------------
 ရေမဝပ်သော နုံးမြေသည် ပူစီနံပင် စိုက်ပျိုးရန်အသင့်တော်ဆုံး ဖြစ်သည်။ ရွှံ့စေးဆန်သော မြေနှင့် သဲမြေများ၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာ တို့ကို ထည့်၍သင့်တော်သည့် မြေအနေအထားရအောင် ပြုပြင်၍ စိုက်နိုင်သည်။

စိုက်ပျိုးခြင်း
----------
 ပူစီနံပင်ကို ဘောင်များပြုလုပ်စိုက်ပျိုးပါက အထူးကောင်းမွန်သည်။ ဘောင်များကို (၄-၅)လက်မ အမြင့် ပြုလုပ်ပြီး (၂-၃)ပေ အကျယ်ဖြင့်အရှည်ကို အလိုရှိသလောက်ထားကာ ပြင်နိုင်သည်။ နံနံစေ့ မစိုက်ခင် မြန်မြန် အပင်ပေါက်ရန် ရေတွင် (၂၄)နာရီကြာ စိမ်ရသည်။ အစေ့ကိုရေမစိမ်မီ ဂုံနီအိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန်အသာအယာလှိမ့်ပါ။ ထို့နောက် ရေတွင် (၂၄) နာရီကြာစိမ်ရာ၌ ရေနှစ်ကြိမ်လဲပေးပါ။ ပြီးလျှင်ဆယ်ယူ၍ စစ်ထားပါ။ ထို့နောက်ဘောင်ပေါ်တွင် (၀.၅) လက်မ အနက်မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့များကိုချပါ။ နွားချေးအမှုန့်(သို့မဟုတ်) မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး ကောက်ရိုးမြက်ခြောက်တို့ဖြင့်အုပ်ပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင်အစိုဓာတ်ထိန်းပေးခြင်း၊ ပေါင်းပင်ပေါက်ရောက်မှုသက်သာခြင်း တို့ သာမက အပင်ငယ်များကိုလည်း သန့်ရှင်းစေသည်။ ကောက်ရိုး၊ မြက်ခြောက်ဆွေးသောအခါ မြေဆွေး ဓာတ်ကိုလည်း ရရှိစေနိုင်သည်။ စိုက်ပျိုးပြီးပါက ရေကို တစ်နေ့နှစ်ကြိမ်လောင်းရမည်။ အပင်ငယ်များ ပေါက်လာပြီးနောက် ရေကိုလျော့လောင်းပေးနိုင်ပါသည်။ အပင်များပေါက်ချိန်တွင်ရေများပါက ခါးရိရောဂါကျရောက်နိုင်သည်။

မြေသြဇာထည့်သွင်းခြင်း
---------------------
 ပူစီနံပင်သည် ရွက်စားသီးနှံ ဖြစ်ခြင်းကြောင့် နွားချေး မြေဆွေးနှင့် ယူရီးယားဓာတ်မြေသြဇာများ အဓိက ကျွေးရန်လိုအပ်သည်။ သို့သော် မြေတွင်အခြားဓာတ်မြေသြဇာများ ချို့တဲ့နိုင်သဖြင့် ဖော့စဖိတ်နှင့် ပိုတက်ရှ် မြေသြဇာ အနည်းငယ်တို့ကို မြေပြုပြင်ချိန်၌ မြေခံအဖြစ်ထည့်ပေးရမည်။ အပင်ငယ်များ ပေါက်လာပြီး နှစ်ပတ်ခန့်ကြာလျှင် ယူရီးယားမြေသြဇာ ထမင်းစားဇွန်းနှစ်ဇွန်းစာကို ရေလေးဂါလံတွင် ဖျော်၍လောင်းပေးခြင်းဖြင့် သန်မာသောအပင်များကိုရရှိနိုင်သည်။

ခူးယူခြင်း
-------
 အပင်များပေါက်ပြီး (၄၅) ရက်သားမှ စတင်၍ နုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်း ပြုလုပ်နိုင်သည်။

မျိုးစေ့ထုတ်ယူခြင်း
----------------
 ပူစီနံပင်ကို မျိုးစေ့ထုတ်ယူမည်ဆိုပါက ဆောင်းရာသီ၊ နိုဝင်ဘာလတွင် အပင်များကို ဘောင်ဖြင့် သီးသန့်ရွှေ့ပြောင်းစိုက်ထားရမည်။ ပင်ကြား၊ တန်းကြား (၆x၈)လက်မခန့်ခွာ၍ စိုက်ထားလျှင် ပန်းများပွင့်လာပြီး အသီးများသီးလာသည်။ အသီးများရင့်မှည့်လျှင် အပင်များကို ရိတ်သိမ်းပြီး အစေ့များကို ချွေလှေ့ယူနိုင်သည်။

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလမ်းညွှန်