menu

ဖရဲပင် ဒေါင်းနီးရွက်ခြောက်ရောဂါ ဒီလို ကာကွယ်ပါ


🍂🍃🍉🍂🍉🍃🍉🍂🍉🍃🍂  

🔳ဖရဲပင် ဒေါင်းနီးရွက်ခြောက်ရောဂါဟာ ဖရဲပင်ရဲ့အရွက်တွေမှာပဲကျရောက်လေ့ရှိပါတယ်။ ရောဂါ လက္ခဏာအနေနဲ့ကတော့ အရွက် အပေါ်မျက်နှာပြင်မှာ အဝါမှအညိုရောင်ရှိတဲ့ ရေစိုနာအကွက်များကို တွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့် အဝါရောင်အကွက်တွေဟာ တဖြည်းဖြည်း အညိုရောင်ပြောင်းသွား ပါမယ်။ နောက်ဆုံးမှာတော့ ရောဂါရအရွက်တွေဟာ တွန့်လိမ်ခြောက်သွေ့ပြီးတော့ သေဆုံးသွားပါမယ်။  

🔳ရောဂါကျရောက်ဖို့အတွက် ရာသီဥတု အခြေအနေပေးပါက အလျှင်အမြန် ပျံ့နှံ့နိုင်ပြီးတော့တစ်ကွင်းလုံး အကွက်လိုက် မီးလောင်ထားသလို ဖြစ်နေတတ်ပါတယ်။ စွတ်စိုတဲ့ရာသီဥတုနဲ့ ကြုံခဲ့ရင်တော့ မှိုမျှင်တွေ ဟာ မီးခိုးရောင်ကနေ ခရမ်းရောင် ပြောင်းသွားတတ်ပါတယ်။ဖရဲပင်မှာကျတဲ့ဒေါင်းနှီးရွက်ခြောက်ရောဂါ တွေဟာ အခြေအနေပေးရင် ဆိုးရွားစွာကျရောက်တတ်တဲ့အတွက် ကြိုတင် ကာကွယ်ခြင်းကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။  

စိုက်နည်းစနစ်ဖြင့်ကြိုတင်ကာကွယ်ခြင်း  
-----------------------------------

ဒေါင်းနီးရွက်ခြောက်ရောဂါဟာ ရေကနေတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တာကြောင့် စိုက်ခင်းကို အပေါ်ကနေ ရေဖျန်းပေးခြင်းကို ရှောင်ရှားရပါမယ်။ စိုက်ချိန်စောစော စိုက်ခြင်းကလည်း ဒေါင်းနီးရွက်ခြောက်ရောဂါ အဆိုးရွားဆုံးအချိန်ကို ရှောင်ရှားနိုင်တဲ့အတွက် ရောဂါကျရောက်မှုနှုန်းကို လျော့နည်းစေပါတယ်။  

ဘက်စုံရောဂါ ကာကွယ်နှိမ်နင်းခြင်း  
-------------------------------  

၁ ။ ရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးနှင့် သက်တမ်းတိုမျိုးကို စိုက်ပျိုးပါ။ ဒေသရဲ့ ရေမြေရာသီဥတု နှင့် ကိုက်ညီ၍ ဒေသအတွင်း ရရှိနိုင်တဲ့မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။  

၂ ။ ဖရဲစိုက်ခင်း အတွင်း လေဝင်လေထွက် ကောင်းစေရန် နှင့် အပင်ဦးရေများမှုအား လျော့နည်းစေရန် အတွက် ကျန်းမာသန်စွမ်းသည့်အပင်ကို ချန်၍ မသန်စွမ်းသည့်အပင်ကို ဖယ်ရှားပေးပါ။  

၃ ။ ရေသွင်း၊ရေထုတ်စနစ်ကို စနစ်တကျလုပ်ဆောင်ပေးပါ။  

၄ ။ ရိတ်သိမ်းပြီးနောက် ပင်ကြွင်းပင်ကျန်များကို ရှင်းလင်း၍ မီးရှို့ဖျက်ဆီးခြင်း၊ တိရစ္ဆာန်များကို ကျွေးခြင်း၊ မြေကြီးနှင့်အတူ ထယ်ထိုးခြင်းများ ပြုလုပ်ပေးပါ။  

၅ ။ ပေါင်းမြက်များကိုနှိမ်နင်းပေးပါ။  

ဓါတုဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း  
------------------------------  

ဒေါင်းနီးရွက်ခြောက် ရောဂါကို ကာကွယ်နှိမ်နှင်းရန်အတွက် စူပါမော့၊ ဆိုင်မောက်၊ ဆိုင်မို-ဇက်၊ တိုက်တန် မှိုသတ်ဆေးများထဲမှ တစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။  

🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃