menu

ရေသွင်းနှမ်း အထွက်တိုးစိုက်နည်းပညာ

 
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿  

✔️မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံများအနက် နှမ်းသည် စိုက်ဧကအများဆုံးဖြစ်သည်။ ဆီထွက်သီးနှံစုစုပေါင်း စိုက်ဧက၏ ၅၁.၃ ရာခိုင်နှုန်းရှိသည်။ နှမ်းကို အထွက်တိုးအောင် ဆောင်ရွက်နိုင်လျှင် စားသုံးဆီအတွက် ရတက်အေးရမည်။နှမ်းကို နှမ်းကြီး၊ နှမ်းလျင် ခွဲထားသည်။ စိုက်ချိန်ပေါ်မူတည်၍ မိုးနှမ်း၊ ဆောင်းနှမ်း၊ မိုးကြိုရေသွင်းနှမ်း ဟုလည်းခွဲခြားထားသည်။ ဒေသအလိုက်၊ မြေအမျိုးအစားအလိုက် စနစ်အမျိုးမျိုးဖြင့် မြေယာပြုပြင် ထွန်ယက် စိုက်ပျိုးကြသည်ကို တွေ့ရသည်။ မည်သည့်စနစ်ဖြင့်စိုက်စိုက်အပင်၏ဇီဝကမ္မ ဖြစ်စဉ်အရ အထွက်တိုးအောင် ပြုစုစောင့်ရှောက်ရမည့် သဘောတရား အတူတူပင်ဖြစ်သည်။  

✔️နှမ်းတစ်ဧက တင်း ၂၀ ကျော်ထွက်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက်နိုင်ရန် ကောင်းမွန်သည့်မြေ၊ အထွက်နှုန်းကောင်းသည့်မျိုး၊ မှန်ကန်သောစိုက်စနစ်များဖြစ်ရန် အဓိကအရေးကြီးသည်။ လယ်မြေ၊ နုန်းမြေ၊ နုန်းသမမြေ၊ သဲနုန်းမြေ၊ ကိုင်းကျွန်းမြေများတွင်နှမ်းအထွက် ကောင်းသည်။ မြေချဉ်ငန်ဓာတ် (၅ .၅ မှ ၈) အတွင်း နှစ်သက်သည်။ရေဝပ်သောမြေကို မကြိုက်ပေ။မျိုးအနေဖြင့် ဆင်းရတနာ ၃၊ ၄၊ ၅ စသည့်မျိုးများသည် အထွက်ကောင်း၍ စိတ်ချရသည်။ တစ်ဧကအပင်တစ်သိန်းပြည့်စေရန် အပင်ပေါက်ကောင်းပြီး မျိုးသန့်ရန်လိုအပ်သည်။ မိုးကြိုရေသွင်းနှမ်းစိုက်ပျိုး လျှင် တစ်ပင်တိုင်နှမ်းမျိုးကို စိုက်ပျိုးသင့်သည်။  

✔️စိုက်စနစ်အနေဖြင့် တစ်ဧက အပင်တစ်သိန်းရအောင် အပင်ပေါက် ၈၀ ရာခိုင်နှုန်းကျော်ရှိသည့်မျိုးကို စိုက်ရမည်။ ဒုတိယအချက် အပင်ပေါက်စုံစေရန် အစိုဓာတ်မိအောင် စိုက်ပျိုးရန်လိုအပ်သည်။ နှမ်းသည် စိုက်ပြီးလျှင် ( ၂၀- ၃၀) ရာခိုင်နှုန်း အပင်သေ အပင်ပျောက်ရှိသည်။ အပင်တစ်သိန်းတင်းတင်းကျန် အောင် စိုက်ချိန်ကတည်းက မျိုးကိုကာမိအောင် အသုံးပြုလေ့ရှိကြသည်။ လယ်သမားကြီးများက “ထူမမှား-ပါးမရ“ဆိုပြီး စိုက်စဉ်ကတည်းက ထူထူကြဲပြီး အပင်ပေါက်လာမှသာ လူဖြင့်လက်ကြားခွဲခြင်း၊ထွန်ဖြင့် ထွန်စိပ်တိုက်၍ မှုန်းပစ်ခြင်းများပြုလုပ်ကြသည်။ အပင်တစ်သိန်းထက်လျော့လျှင်အထွက်လည်းလျော့သွားသည်။  

✔️မိုးကြိုရေသွင်းနှမ်း စိုက်ပျိုးရန်မိုးစပါးကို အောက်ခြေပြတ်ရိတ်ရမည်။ သို့မဟုတ်လျှင် ရိုးပြတ်ကို မီးရှို့ ရမည်။အချို့ ရေရနိုင်သည့် ယာမြေများတွင်လည်း ရေသွင်းနှမ်း စိုက်ပျိုးကြသည်ကို တွေ့ရသည်။ မြေယာမပြုပြင်မီ နွားချေးလှည်း၁၀ စီးခန့် နေရာနှံ့အောင်ချပြီး နွားထယ် (သို့) ထွန်စက်ကြီးဖြင့် ထယ်ရေးနှစ်စပ်ထိုးရမည်။ ထယ်စာထိပ်ခေါင်းဖွေးသည်အထိ မြေလှန်ထားရမည်။ဇန်နဝါရီ တတိယပတ် အအေးဓာတ်ပေါ့သွားချိန်တွင် တစ်ဧက ယူရီးယား ၈၄ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်၊ဂျစ်ပဆန် တို့ကို မိုးနှောင်းထယ်ရေးပြင်ထားသော အကွက်ထယ်စာခဲကြားသို့ညီညာအောင် ကြဲပက်ရ မည်။ ၎င်းအကွက်ထဲသို့ အပေါ်ရေနှင့်အောက် အစိုဓာတ်ဆက်မိစေရန် ထယ်စာခဲမြုပ်သည်အထိရေသွင်း ပေးရမည်။ ထယ်စာထိပ်ခေါင်းဖွေးသည်အထိ နေလှန်းအခြောက်ပြန်ခံရမည်။

✔️အစိုဓာတ်အနေတော်ပါက ထယ်ရေးနက်နက် ညက်ညက်ရရန်နှင့် မြေသားသိပ်သည်းကျစ်လျစ်ပြီး အပေါ်မြေလွှာနှင့် အောက်မြေလွှာ ဆက်စပ်မိစေရန် ထယ်ထိုးလိုက်၊ ထွန်မွှေလိုက် တလိမ့်ကျမ်းတုံးဖြင့် ပြန်အုပ်ပေးလိုက် သုံးကြိမ်ခန့် ပြုလုပ်ပေးရမည်။ နောက်ဆုံးအကြိမ် တလိမ့်ကျမ်းတုံးဖြင့်အုပ်ပြီး ညနေပိုင်းတွင် အသွားတို၊ အသွားသေးထွန်နှင့် တစ်တန်းနှင့်တစ်တန်း ၁၂ လက်မခြားစိုက်ကြောင်း ဆွဲပေးရမည်။ စိုက်ကြောင်းအနက်ကို တစ်လက်မမှတစ်လက်မခွဲခန့်ရှိအောင် ဂရုစိုက်ရမည်။ စိုက်ကြောင်း နက်လွန်းလျှင်၊ တိမ်လွန်းလျှင်အပင်ပေါက်ကျဲသွားမည်။  

✔️နှမ်းစိုက်ပျိုးလျှင် အထွက်ကောင်း စေရန် အတန်းလိုက်စိုက်ပျိုးသင့်သည်။ အတန်းစိုက်မျိုးစေ့ချကိရိယာ သုံးနိုင်လျှင်ပိုကောင်းသည်။ ဒေသတွင် လွယ်လွယ်လုပ်နိုင်သောနည်းမှာ နို့ဆီဘူးခွံအောက်ခြေ အလယ် အတည့်တည့်ကို သုံးလက်မသံဖြင့်အပေါက်တစ်ပေါက်ဖောက်ရမည်။ ၎င်းနို့ဆီဘူးခွံကိုလက်ကိုင်တုတ် တပ်ဆင်ရမည်။နှမ်းစေ့များကို နို့ဆီဘူးခွံတွင်ထည့်ပြီး လူဖြင့်လေးလက်မမှ ငါးလက်မခြားတစ်ကြိမ် စိုက်ကြောင်းအတွင်း လက်ကိုင်တုတ်ကို လှုပ်ချပါက လေးလက်မမှ ငါးလက်မခြား နှမ်းစေ့လေးငါးစေ့ခန့်ကျမည်။  

✔️မျိုးစေ့ချပြီးလျှင်ပြီးချင်း ကျမ်းတုံးဖြင့် ခေါင်းဖြတ်ကြမ်းနှစ်ပြန်အုပ်ပေးရမည်။ သို့မှသာ အစိုဓာတ်မိရန် စိတ်ချရမည်။ စိုက်ပြီး သုံးလေးငါးရက်ကြာလျှင်အပင်စပေါက်သည်။ ခုနစ်ရက်မှ ၁၀ ရက်ကြာလျှင် အပင်ပေါက်စုံလာသည်။ အပင်နှစ်ပတ်သားခန့်တွင် လူနှင့် လက်ပေါင်းလိုက် သားခွဲပြုလုပ်ပေးရမည်။ ကြားထွန်ဖြင့် ခြောက်ကြိမ်ခန့် ကြားထွန်ဝင်ပေါင်းရှင်း မြေဆွ ပြုလုပ်ပေးရမည်။မျိုးစေ့ချကျမ်းအုပ်ပြီး သည်နှင့် ရေသွင်းရလွယ်ကူအောင် ကန်သင်းတစ်လျှောက် ထယ်ဖြင့်ပတ်မြောင်းဖော်ပေးရမည်။ စိုက်ကြောင်းငါးကြောင်းခြား တစ်မြောင်းစိပ်မြောင်း ဖော်ပေးရမည်။ တစ်ဖန်စိပ်မြောင်းများကို ကန့်လန့် ဖြတ်၍ အကွက်၏အလယ်မှ ခါးမြောင်းပေးရမည်။  

✔️နှမ်းမြစ်သည် မြေထဲသို့ နက်နက်ထိုးဝင်နိုင်သည်။ အပင်ငယ်စဉ် ၁၀ ရက်မှ ရက်၂၀ သားတွင် အမြစ်ဖြာ ထွက်မှုရော၊ မြေတွင်းထိုးဖောက်ဝင်ရောက်မှုပါ အားကောင်းချိန်ဖြစ်သည်။ရေစုပ်အားလည်းကောင်း သည်။အပင်သက် ၄၅ ရက်သားတွင် အမြစ်ထိုးဖောက်ဝင်ရောက်မှု အားအကောင်းဆုံးအချိန်ဖြစ်သည်။ အပင်သက် ၇၀ မှ ၈၀ ရက်သားခန့်တွင် အမြစ်ဖြာထွက်မှုရော၊ မြေတွင်း ထိုးဖောက်ဝင်ရောက်မှုပါ ရပ်တန့်သွားသည်။ ရေစုပ်ယူမှုအားလည်း နည်းသွားသည်။သို့အတွက် နှမ်းပင်ကြီးထွားဖွံ့ဖြိုးစေရန် ထယ်ရေးနက်ရန် ညက်ရန်လိုသည်။အပင်ငယ်စဉ် အမြစ်ဖွံ့ဖြိုးမှုအားကောင်းနေချိန်တွင်အစိုဓာတ်မပြတ် စေရန်၊ အာဟာရမချို့တဲ့စေရန် ပေါင်းမြက်ကင်းရှင်းရန်၊ပိုးမွှားရောဂါမကျရောက်စေရန် အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်သည်။  

✔️အပင်နှစ်ပတ်သားမှ ပန်းမပွင့်မီအချိန်ထိ သုံးကြိမ်ခန့် ကြားပေါင်းလိုက်၊ ပေါင်းရှင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်သည်။ ၃၀ ရက်သားတွင် ပန်းစပွင့်သည်။ ၄၅ ရက်သားကျော်လျှင် ပန်းဖြိုင်ဖြိုင်ပွင့်သည်။ ပန်းပွင့်သည် အောက်ခြေမှသည် အပေါ်သို့ တဖြည်းဖြည်း ပွင့်သွားသည်။ တစ်ပင်တိုင်မျိုးဖြစ်လျှင် အောက်ခြေနှစ်ဆစ်၊ သုံးဆစ်မှ စပွင့်သည်။ ပန်းပွင့်ကာလ ရက် ၆၀ ခန့်အထိ ဖြစ်သည်။ ပန်းပွင့်ပြီးငါးရက်တွင် သန္ဓေစအောင်သည်။ သန္ဓေအောင်ပြီး အသီးဖြစ်တည်မှုဆက်လက်ဖြစ်ပွားသည်။ ပန်းပွင့်ခြင်းသည်အသီးဖြစ်ပေါ်ရန် အခြေခံအဆင့်ဖြစ်သည်။နှမ်းပွင့် ကောင်း ကောင်းပွင့်ရန်နှင့် ဝတ်မှုန်ကူးသန္ဓေအောင်စေရန် အစိုဓာတ်လိုအပ်သည်။ ၎င်းအချိန်တွင်စုစုပေါင်း ရေလိုအပ်ချက်၏ သုံးပုံတစ်ပုံ လိုအပ်သည်။  

✔️သို့အတွက် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် ရေတစ်ကြိမ်မှုတ်ရေ (စိမ့်ရေ) သွင်းပေးရန် လိုအပ်သည်။ပန်းပွင့်ပြီး တစ်လအတွင်း အသီးအဆင့်ဆင့်ဖြစ်ပေါ်သည်။ ပထမအဆင့် အစေ့ခွံဖြစ်ပေါ်သည်။ ဒုတိယအဆင့် အစေ့ခွံထဲတွင် နှမ်းစေ့များ တဖြည်းဖြည်းဖြစ်ပေါ်ကြီးထွားသည်။ ပန်းပွင့်ပြီး ၂၀ မှ ၂၅ ရက်သားတွင် အသီးအလေးချိန် တိုးတက်လာသည်။ အသီးစတင်ကြီးထွားပြီး အသီးအတွင်း အစေ့တဖြည်းဖြည်း ဖြစ်တည်ကြီးထွားချိန်သည် အောင်သီးနှင့် အောင်စေ့ဖြစ်ရန် အရေးကြီးဆုံးအချိန် ဖြစ်သည်။ ၎င်းအချိန်သည် အစာအလိုအပ်ဆုံးအချိန်ဖြစ်သည်။ ၎င်းအချိန်တွင် အရွက်အားလုံး ချက်လုပ်သောအစာ၏ ၆၀ ရာခိုင်နှုန်းကို အသီးကြီးထွားရန်နှင့် အစေ့ဖြစ်တည်ရန် အသုံးချသည်။ အစာအာဟာရ မချို့တဲ့ရန်နှင့် အစိုဓာတ်မပြတ်စေရန် အထူးဂရုစိုက်ရန်လိုအပ်သည်။  

✔️အသီးကြီးထွားချိန်နှင့်အစေ့ဖြစ်တည် ကြီးထွားနေချိန်တွင် စုစုပေါင်းရေလိုအပ်ချက်၏ သုံးပုံနှစ်ပုံ လိုအပ် သည်။ ၎င်းအချိန် ရေတစ်ကြိမ်သွင်းပေးရန် လိုအပ်သည်။ ရေသွင်းပေးပါက အောင်သီးများ၊ အောင်စေ့ များပြီး အထွက်လည်း တိုးပွားလာမည်။ ရေသွင်းသည့်အခါ စပါးခင်းရေသွင်းသကဲ့သို့လျှံနေအောင် မသွင်းမိစေရန် ဂရုပြုသင့်ပေသည်။နှမ်းအောင်စေ့ဖြစ်လာလျှင် နှမ်းစေ့အလေးချိန် တိုးတက်လာသည်။  

✔️နှမ်းပင်သက်တမ်းတစ်လျှောက် နှမ်းဖိုရောဂါ၊ ဖြုတ်ညို၊ ရွက်လိပ်နှင့် နှမ်းခုတ်ဂျပိုးများ ကျရောက်ပါက ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ နှမ်းရိုးမည်းနှင့် ပင်ညှိုး ရောဂါ ကျရောက်ပါက ပင်လုံးပြန့်မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။နှမ်းရိတ်သိမ်း ချိန် စောစောရိတ်မိပါက နှမ်းသီးနှံများ ဆုံးရှုံးနိုင်ပြီး နောက်ကျနုတ်မိပါက အောက်ခြေသီးများ ကွဲအက် ဆုံးရှုံးနိုင်သည်။ တစ်ပင်မှ နှမ်းသီး ၁၀ သီး ဆုံးရှုံးလျှင် တစ်ဧက ခြောက်တင်းခန့် အထွက်ကျသွားနိုင် သည်။ သို့အတွက် နှမ်းအောက်ခြေသီးများနှင့် အောက်ရွက်များ ဝါလာပါကရိတ်သိမ်းသင့်သည်။

✔️ရိတ်သိမ်းပြီးပါက နှမ်းပုံ၊ နှမ်းထောင်း၊ နှမ်းဝါခြင်းများကို အချိန်မီ စနစ်တကျဆောင်ရွက်သင့်သည်။ ၎င်းအဆင့်တွင် စနစ်မကျပါက လေလွင့်ဆုံးရှုံးမှု ပိုများနိုင်သည်။ နှမ်းပုံ၊ နှမ်းထောင်းချိန်တွင် နှမ်းရိုးမည်းရောဂါနှင့် နှမ်းစေ့စုပ်ဂျပိုးများ ကျရောက်တတ်သည့်အတွက် ဂရုတစိုက်ကာကွယ် နှိမ်နင်းရန် လိုအပ်သည်။သို့အတွက် မိုးကြိုရေသွင်းနှမ်းကို အထွက်တိုးစေရန် အထက်ပါနည်းပညာများအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။  

အောင်ဆန်း(စိုက်ပျိုးရေး)  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄-၁၀)ရက်။