menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
သီးလှည့်စနစ်ကို ဆန်းစစ်ကြည့်ခြင်း
💠သီးလှည့်စနစ်ကို ဆန်းစစ်ကြည့်ခြင်း💠
🌿🌻🌱🍃🌶🍀🍅🎋🌽🌾
▪️သီးနှံများ စိုက်ပျိုးကြရာမှာ မြေယာကွက်တစ်ခုပေါ်မှာ အမျိုးတူညီတဲ့သီးနှံမျိုးများကိုနှစ်စဉ်ဆက်တိုက် စိုက်ပျိုးမှုမပြုကြဘဲ တခြားမျိုးမတူတဲ့ သီးနှံမျိုးများနဲ့ ပြောင်းလဲစိုက်ပျိုးတဲ့ နည်းစနစ်ကို သီးနှံများအလှည့်ကျ စိုက်ပျိုးနည်းစနစ် (သီးလှည့်စနစ်) လို့ခေါ်ကြပါတယ်။ သီးလှည့်စနစ်ကို ရှေးကာလများမှာကတည်းက တောင်သူများကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။ သီးလှည့်စနစ်ဆိုတာ မြေကွက်တစ်ကွက်ပေါ်မှာ သီးနှံတစ်မျိုးတည်းကို နှစ်စဉ်ဆက်တိုက် မစိုက်ပျိုးဘဲ သီးနှံတစ်မျိုးစိုက်ပျိုးပြီး နောက်မျိုးမတူတဲ့ သီးနှံမျိုးများကို အလှည့်ကျ ဆက်လက်စိုက်ပျိုးကြတဲ့စနစ် ဖြစ်ပါတယ်။
▪️ပထမစိုက်ပျိုးခဲ့တဲ့ သီးနှံမျိုးကို အနည်းဆုံး နှစ်နှစ်ကြာတဲ့အခါမှသာ ထိုမြေပေါ်မှာ ပြန်လည်စိုက်ပျိုးတဲ့စနစ် ဖြစ်ပါတယ်။ လယ်မြေမှာ စပါးကို နှစ်စဉ်စိုက်ပျိုးနေခြင်းဟာ သီးနှံတစ်မျိုးတည်းကို စိုက်ပျိုးနေတဲ့စနစ် (Monoculture)လို့ခေါ်ရမှာ ဖြစ်ပါတယ်။စပါးအပြီး ပဲမျိုးစုံနဲ့ တခြားသီးနှံများစိုက်ပျိုးမှုကို သီးထပ်စိုက်စနစ်လို့ ခေါ်ပါတယ်။ သီးလှည့်စနစ်ဆိုသည်မှာ သီးနှံများရဲ့ သဘာဝအရ ရှိနေကြတဲ့ ရူပနဲ့ ဇီဝဂုဏ်သတ္တိများကို အသုံးချပြီး သီးနှံများရဲ့ ကျန်းမာသန်စွမ်း ကြီးထွားမှုတွေမှာအကျိုးရှိစေကာ တခြားသီးနှံများရဲ့ ယှဉ်ပြိုင်စေနိုင်မှုအခွင့်အရေးကိုလည်း ရယူစေတဲ့စိုက်ပျိုးရေးအလေ့အကျင့် ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့မြေကိုလည်း အကျိုးပြုစေနိုင်ပါတယ်။
▪️အဓိကရည်ရွယ်ချက်မှာ လိုအပ်တဲ့ရင်းမြစ်များကို ကိုယ့်ဘာသာ အားကိုးရယူနိုင်စေကာ မြေကွက်ရဲ့ ထုတ်လုပ်ပေးနိုင်မှုစွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဖြစ်ပါတယ်။ သီးနှံများကို အလှည့်ကျ ဆက်လက်စိုက်ပျိုးပြီး ရေရှည်တည်တံ့စေမယ့်စီးပွားရေးကို ရရှိစေကာ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေရန် ဖြစ်ပါတယ်။ မူရင်းသီးလှည့်စနစ်ရဲ့ ရည်ရွယ်ထားမှုမှာ အဓိကဝင်ငွေရစေမယ့် သီးနှံကိုနှစ်စဉ်ဆက်တိုက် မစိုက်ပျိုးဘဲ သီးနှံမျိုးအလိုက် နှစ်ခြားပေးပြီးမှ ပြန်လည်စိုက်ပျိုးပေးတဲ့စနစ် ဖြစ်ပါတယ်။ အများအားဖြင့်သီးနှံမျိုးများအလိုက် သုံးနှစ်မှ ခုနစ်နှစ်ခြားပြီးစိုက်ပျိုးရန် အဆိုပြုထားပါတယ်။ အဓိကသီးနှံကို အနည်းဆုံး နှစ်နှစ်တစ်ကြိမ်သာပြန်လည်စိုက်ပျိုးရန် အဆိုပြုကြပါတယ်။
▪️သီးနှံများစိုက်ပျိုးရာမှာ ကောင်းမွန်တဲ့သီးလှည့်စနစ် (အလှည့်ကျစိုက်ပျိုးခြင်း)ကို ကျင့်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများမှာ မြေဆောင်ရောဂါနဲ့ ပိုးများကို နှိမ်နင်းပေးနိုင်ခြင်း၊ ပေါင်းပင်များ ပေါက်ရောက်မှုသက်သာလျော့နည်းစေခြင်း၊ မြေမှာ အော်ဂဲနစ်ပစ္စည်းများ ဖြည့်တင်းပေးနိုင်စေခြင်း၊ မြေမှာ အော်ဂဲနစ်ပစ္စည်းများ ရှိနေစေရန် ထိန်းသိမ်းပေးထားနိုင်ခြင်း၊ မြေမှာ နိုက်ထရိုဂျင်ဓာတ် ဖြည့်တင်းရေးနဲ့ မြေတွင်းနိုက်ထရိုဂျင်ဓာတ်ကို ထိန်းနိုင်ရန် ကူညီပေးနိုင်ခြင်း၊ စိုက်ပျိုးနေတဲ့ တချို့သီးနှံမျိုးများက ထုတ်လုပ်လိုက်တဲ့ အဆိပ်သင့်စေနိုင်တဲ့ ဓာတ်ပစ္စည်းများ မြေမှာ စုဆောင်းမှုမရှိစေရန် ကာကွယ်ပေးနိုင်ခြင်း၊ လုပ်အားချွေတာနိုင်ခြင်း၊ မြေကို အလွတ်အအားမရှိစေဘဲ သီးနှံများ အမြဲနီးပါးရှိနေစေခြင်း၊ မြေတွင်းရှိ အပင်များအတွက် အာဟာရဓာတ်များ ရယူသုံးစွဲရေးကို ထိန်းချုပ်ပေးထားနိုင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်နိုင်ခြင်း၊ သီးနှံများအထွက်တိုးတက်စေခြင်းနဲ့ သီးနှံအရည်အသွေးများကိုလည်း တိုးတက်လာစေနိုင်ခြင်းတို့ ဖြစ်ပါတယ်။
▪️ကောင်းမွန်တဲ့သီးလှည့်စနစ်ကို ကျင့်သုံးရာမှာ လိုက်နာဆောင်ရွက်သင့်တဲ့ လိုအပ်ချက်များ ရှိပါတယ်။ ကောင်းမွန်တဲ့ သီးလှည့်စနစ်ရဲ့ လက္ခဏာရပ်များမှာ နှစ်အလိုက် အလှည့်ကျစိုက်ပျိုးနေတဲ့ သီးနှံတစ်မျိုးချင်းရဲ့ စိုက်ဧရိယာများဟာ အခြေအနေအရ စိုက်ပျိုးဧရိယာပြောင်းလဲရန် ပေါ်ပေါက်လာသည်မှအပ အနီးစပ်ဆုံးတူညီနေရပါမယ်။တိရစ္ဆာန်မွေးမြူရေးကို တွဲဖက်ဆောင်ရွက်နေပါက သီးလှည့်စိုက်ပျိုးရာမှာလိုအပ်တဲ့ တိရစ္ဆာန်အစာ လုံလောက်စွာ ရရှိစေနိုင်မယ့် သီးနှံမျိုးများ ပါဝင်နေရပါမယ်။စိုက်ခင်းမြေမှာ ပေါင်းနှိမ်နင်းပေးနိုင်ရန်သီးလှည့်စနစ် စိုက်ပျိုးရာမှာ ထွန်ယက်စိုက်ပျိုးရန်လိုအပ်တဲ့ သီးနှံတစ်မျိုး ပါဝင်နေရပါမယ်။ သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေမှာ အော်ဂဲနစ်ပစ္စည်းများ ပါဝင်နေမှုအခြေအနေကို ထိန်းသိမ်းထားပေးနိုင်ရပါမယ်။
▪️သီးလှည့်စနစ် ကျင့်သုံးရာမှာ တောင်သူများအတွက် ဝင်ငွေအများဆုံးပေးစွမ်းစေနိုင်မယ့် အဓိကသီးနှံစိုက်ပျိုးဧရိယာဟာ တခြားသီးနှံမျိုးများထက် ပိုမိုကျယ်ပြန့်နေရပါမယ်။ သီးလှည့်စနစ်ကျင့်သုံးရာမှာ စိုက်ပျိုးမယ့်သီးနှံများအတွက် အသင့်တော်ဆုံးစိုက်ပျိုးချိန် ရရှိစေနိုင်ရပါမယ်။ သီးလှည့်စနစ်ဖြင့် စိုက်ပျိုးရာမှာ ဝင်ငွေအများဆုံးရရှိစေနိုင်မယ့် အဓိကသီးနှံအတွက် စိုက်ပျိုးရန်သတ်မှတ်ထားတဲ့ မြေကွက်နေရာဟာ မြေဆီသြဇာအကောင်းဆုံးနေရာ ဖြစ်နေရပါမယ်။
▪️သီးလှည့်စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ချက်များမှာ ရာသီအလိုက်စိုက်ပျိုးနိုင်မယ့် ဒေသနဲ့ကိုက်ညီတဲ့ သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးရန်မြေတစ်ကွက်တည်းမှာ စိုက်ပျိုးရန်ဖြစ်ပါက သီးနှံတစ်မျိုးချင်းအတွက် စိုက်ပျိုးမယ့်မြေဧရိယာကို သတ်မှတ်ထားရန်၊ သီးလှည့်စိုက်ပျိုးမယ့်နှစ်ကာလ (နှစ်နှစ်သီးလှည့်သို့မဟုတ် သုံးနှစ်သီးလှည့် စသည်) ကိုသတ်မှတ်ထားရန်၊ နှစ်သတ်မှတ်ချက်အတိုင်း မြေကွက်အရေအတွက်နဲ့ မြေကွက်အလိုက် စိုက်ပျိုးမယ့်သီးနှံအုပ်စု သတ်မှတ်ထားရန်၊ မြေကွက်တစ်ကွက်သာရှိသော် သီးလှည့်နှစ်အလိုက် စိုက်ပျိုးရန် အကွက်ငယ်များ ခွဲခြားသတ်မှတ်ထားရန်၊ သီးနှံအုပ်စုများအတွင်း အဓိကဝင်ငွေရသီးနှံ၊ မိုးရာသီစိုက်သီးနှံ၊ ဆောင်းရာသီစိုက် သီးနှံများကို ခွဲခြားသတ်မှတ်ထားရန်၊ သီးလှည့်စနစ် စိုက်ပျိုးမယ့် သီးနှံအုပ်စုများမှာ ပဲမျိုးရင်းဝင် သီးနှံများ ထည့်သွင်းရွေးချယ်ရန်၊ သီးညှပ်၊သီးရော စိုက်ပျိုးလိုတဲ့ သီးနှံများကို သီးသန့်ရွေးချယ်သတ်မှတ်ထားရန်၊ သီးနှံတစ်မျိုးချင်းအလိုက် စိုက်ပျိုးမယ့်အစီအစဉ်များ ရေးဆွဲကာ မြေယာပြုပြင်ခြင်းနဲ့ သီးနှံစိုက်ပျိုးခြင်းများကို အချိန်မီဆောင်ရွက်နိုင်ရေး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်တို့ ဖြစ်ပါတယ်။
▪️မြန်မာနိုင်ငံမှာလည်း မိုးခေါင်ခြင်း၊ရေကြီးခြင်း၊ အပူချိန်မြင့်မားလာနေခြင်း စတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာနေမှုများကြောင့် သင့်တော်ကိုက်ညီမယ့် သီးနှံမျိုးများကို ပြောင်းလဲစိုက်ပျိုးခြင်းနဲ့အတူ စိုက်ပျိုးတဲ့မြေရဲ့ ရူပနဲ့ ဓာတုဂုဏ်သတ္တိများလျော့နည်းခြင်း၊ ပျက်စီးခြင်းများ မရှိစေရန်သီးနှံများကို အလှည့်ကျစိုက်ပျိုးကြရန် စည်းရုံးတိုက်တွန်းနှိုးဆော်နေပါတယ်။ မြန်မာနိုင်ငံမှာ သီးနှံများ အလှည့်ကျစိုက်ပျိုးရေးကို ကျင့်သုံးနေကြသော်လည်း အများစုကသတ်မှတ်ထားတဲ့ သီးလှည့်စိုက်ပျိုးနည်းစနစ်များနဲ့ မတူညီတာကို တွေ့ရပါတယ်။ သတ်မှတ်ထားတဲ့ သီးလှည့်စိုက်ပျိုးနည်းစနစ်မှာ ဥပမာ - နှစ်နှစ်တစ်ကြိမ် သီးလှည့်စနစ်ကို ကျင့်သုံးမည်ဆိုသော် မြေကွက်နှစ်ကွက် ခွဲခြားသတ်မှတ်ထားရန် လိုပါမယ်။မြေကွက်တစ်ကွက်သာရှိသော် မြေကွက်ထဲမှာ အကွက်ငယ်နှစ်ကွက် ပိုင်းခြားထားပြီးနောက် သီးလှည့်စိုက်ပျိုးမယ့် သီးနှံအုပ်စုနှစ်ခု ရွေးချယ်သတ်မှတ်ရန် လိုအပ်မှာဖြစ်ပါတယ်။
▪️ယာသီးနှံများမှာ သီးလှည့်စနစ်ကို ဆောင်ရွက်ရန် လွယ်ကူနိုင်သော်လည်း လယ်မြေတွေမှာ စပါးကို နှစ်နှစ်တစ်ကြိမ်စိုက်ပျိုးရန်မှာမူ မလွယ်ကူလှပါ။ မိုးမှာစိုက်ပျိုးမယ့် သီးနှံမျိုးနဲ့ ဆောင်းမှာစိုက်ပျိုးနိုင်မယ့် (သီးထပ်) သီးနှံမျိုးများကို အုပ်စုနှစ်အုပ်စု ခွဲခြားသတ်မှတ်ထားရန် ဖြစ်ပါတယ်။ဥပမာ- မိုးရာသီမှာ အစေ့ထုတ်ပြောင်းနဲ့မြေပဲကို အဓိကသီးနှံများအဖြစ် ရွေးချယ်ထားပြီး ဆောင်းရာသီစိုက်ပျိုးနိုင်ဖို့ ပဲတီစိမ်းနဲ့ဂျုံကို ရွေးချယ်ထားပါက ပထမနှစ်မှာ မြေကွက်တစ်ပိုင်းကို မိုးရာသီမှာ အစေ့ထုတ်ပြောင်းနဲ့ ဆောင်းရာသီမှာ ပဲတီစိမ်းကိုလည်းကောင်း၊ ကျန်မြေကွက်တစ်ပိုင်းပေါ်မှာ မိုးရာသီမှာ မြေပဲနဲ့ ဆောင်းရာသီမှာ ဂျုံကိုစိုက်ပျိုးရန်ဖြစ်ပါတယ်။
▪️ဒုတိယနှစ်ရောက်သော် ယခင် အစေ့ထုတ်ပြောင်းစိုက်ခင်းနေရာမှာ မိုးရာသီမှာ မြေပဲကိုလည်းကောင်း၊မြေပဲနေရာမှာ အစေ့ထုတ်ပြောင်းကိုလည်းကောင်း၊ ဆောင်းရာသီမှာ ယခင်နှစ် ပဲတီစိမ်းနေရာမှာ ဂျုံကိုစိုက်ပျိုးပြီး ယခင်နှစ် ဂျုံနေရာမှာ ပဲတီစိမ်းကို စိုက်ပျိုးရန်ဖြစ်ပါတယ်။
တတိယနှစ်ရောက်သော် ပထမနှစ်မှာ စိုက်ပျိုးခဲ့တဲ့ သီးနှံများကို ပထမနှစ်မှာ စိုက်ပျိုးခဲ့တဲ့နေရာများမှာ ပြန်လည်စိုက်ပျိုးခြင်းဖြင့်ကောင်းမွန်တဲ့ နှစ်နှစ်တစ်ကြိမ် သီးလှည့်စိုက်ပျိုးစနစ် ဖြစ်လာစေပါမယ်။ မြန်မာနိုင်ငံမှာ နှစ်နှစ်တစ်ကြိမ် သီးလှည့်စနစ်သို့မဟုတ် သုံးနှစ်တစ်ကြိမ် စိုက်ပျိုးတဲ့ သီးလှည့်စနစ်ဟာ ယာသီးနှံများအတွက် သင့်တော်ကိုက်ညီနိုင်မယ်လို့ ယူဆမိပါတယ်။သီးနှံအုပ်စုများ ရွေးချယ်ရာမှာမူ စိုက်ပျိုးမယ့်ဒေသများရဲ့ ရေ၊ မြေ၊ ရာသီဥတုနဲ့ကိုက်ညီပြီး ဝင်ငွေကောင်းမွန်သေချာစေနိုင်မယ့်သီးနှံမျိုးများကို ရွေးချယ်ကြရန် ဖြစ်ပါတယ်။
▪️ယခုအခါ သီးနှံများ စိုက်ပျိုးထုတ်လုပ်ကြရာမှာ စိုက်ပျိုးမြေမှာ မြေဆီသြဇာထက်သန်ကောင်းမွန်စေရေးနဲ့ ရောဂါ၊ ပိုး၊ပေါင်းများ လျော့နည်းကင်းစင်စေရေး၊ အစိုဓာတ်ကောင်းစွာ ထိန်းသိမ်းနိုင်ကာ ရေစိမ့်စီးမှုကောင်းစေရေး၊ မြေမှာ အော်ဂဲနစ်ပစ္စည်းများ ပုံမှန်ရှိနေစေရေးနဲ့အတူ မြေတွင်းအဏုဇီဝသက်ရှိများ ရှင်သန်ပွားများစေကာ သီးနှံစိုက်ပျိုးရေးမှာ အကျိုးပြုစေရေး စတဲ့အချက်များကို စဉ်းစားဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ အစားအစာများ ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူများ အန္တရာယ်ကင်းကာ ကျန်းမာရေးကိုအထောက်အကူပြုစေနိုင်ရေးတို့ကိုလည်းထည့်သွင်းစဉ်းစားလာကြပါတယ်။
▪️ဒါကြောင့် သီးနှံအလိုက် ကောင်းမွန်တဲ့စိုက်ပျိုးရေးအလေ့အကျင့်များ အသုံးပြုစိုက်ပျိုးရေး၊ ဓာတုဆေးဝါးကင်းစင်တဲ့ စိုက်ပျိုးရေး၊ အော်ဂဲနစ်စနစ် စိုက်ပျိုးရေး စတဲ့နည်းစနစ်များကို ကျင့်သုံးစိုက်ပျိုးလာကြရတာ ဖြစ်ပါတယ်။ ထိုနည်းစနစ်များ ကျင့်သုံးရာမှာ ကောင်းမွန်မှန်ကန်တဲ့ သီးလှည့်စိုက်ပျိုးနည်းကို ထည့်သွင်းအသုံးပြုခြင်းဖြင့် စိုက်ပျိုးမြေများ အာဟာရဓာတ်ကြွယ်ဝစေကာ ဇီဝနဲ့ အဇီဝဖိစီးမှုများမှလည်း လျော့နည်းသက်သာစေနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ စိုက်ပျိုးသူတောင်သူများမှာလည်း ဝင်ငွေသေချာစေကာ အကျိုးအမြတ်များလည်းပိုမိုရရှိလာစေနိုင်မှာ ဖြစ်ပါတယ်။
- ကိုရဲ(စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်