menu

သီးနှံအထွက်တိုးရန် လယ်ယာမြေကို မျက်နှာပြင်ညီအောင်ညှိပါ


🌾🌿🍃🌿🌾🌾🌿🍃🌿🌾

✔️သီးနှံများစိုက်ပျိုးကြရာတွင် လယ်ယာမြေတွေကို မျက်နှာပြင်ညီအောင်ညှိကြဖို့လိုအပ်တဲ့အကြောင်း အချက်များကိုဆွေးနွေးအကြံပြုလိုက်ပါတယ်။ “လယ်ဆို ညီမှ၊ ယာဆို ညီမှ” အထွက်ကောင်းသည်ဟု ပြောစမှတ်ရှိကြပါတယ်။ လယ်မြေတွေဟာမျက်နှာပြင်မညီဘဲ လိပ်ခုံးဖြစ်နေမယ်၊ ဒယ်အိုးပုံဖြစ်နေမယ်၊ ထရံထောင်ဖြစ်နေမယ်ဆိုရင် ဒီဇယ်တင်ပြီးနွေစပါးစိုက်စိုက်၊ ဆည်မြောင်းရေနဲ့ဘဲနွေစပါးစိုက်စိုက် လယ်တစ်ကွက်လုံးရေအပြည့်အဝဝင်အောင် ရေတင်ရတာခက်ခဲပါတယ်။ အချိန်ပိုကြာ၍ ကုန်ကျစရိတ် များပြားပါမယ်။ ဆည်ရေဖြစ်ပါက ဆည်ရေများအလဟသဖြစ်ကုန်၍ ဧကများများရေမဝင်နိုင်တော့ပါဘူး။ 

✔️အဓိကဆိုးကျိုးခံစားရတာကတော့ လယ်ယာမြေမျက်နှာပြင်မညီတဲ့အတွက် ရေနေရေထိုင်လည်း မညီပါဘူး။ ခုံးနေရင်ခုံးတဲ့နေရာကရေစပ်စပ်ဘဲရောက်မယ်၊ နိမ့်နေတဲ့နေရာတွေက ရေ(၈-၁၀) လက္မလောက်ဖြစ်နေတယ်။ ဒယ်အိုးပုံ၊ ထရံထောင်ပုံဖြစ်နေရင်လည်း ဒီအတိုင်းပါဘဲ၊ မြင့်နေတဲ့ အပိုင်းကရေခပ်စပ်စပ်၊ တစ်ချို့ကုန်းတောင်ပေါ်နေတယ်၊ နိမ့်နေတဲ့အပိုင်းက ရေများပြီးနစ်နေပါမယ်။

✔️မြေမျက်နှာပြင်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မညီတဲ့လယ်ယာကွက်ကိုစပါး စိုက်စိုက်၊ ကြဲကြဲ အပင်ပေါက်မညီ ၊ စပါးပင်ကြီးထွားမှုမညီဖြစ်တတ်ပါတယ်။ ကုန်းပေါ်နေတဲ့အပိုင်းက စပါးပင်ဟာပေါင်းမြက်ထူပြောပြီး ပေါင်းနဲ့နပန်းလုံးနေရပါမယ်။ အပင်မထနိုင်တော့ပါ။ နိမ့်လို့ရေနက်တဲ့အပိုင်းက စပါးပင်ဟာ ရေနယ် ခံရပြီး အပင်ပေါက်ကြဲနေမယ်။ အပင်မကောင်းဘဲ အပင်ကြီးထွားမှုလည်းညံ့နေတတ်ပါမယ်။ စပါးတစ်ခင်းလုံး အပင်ပေါက်မစုံဘဲ အပင်ကြီးထွားမှုလည်းညီညီညာညာမရှိ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် တစ်ဧကရှိရမည့် ကောက်ကွက် (သို့မဟုတ်) အပင်ဦးရေလည်းမပြည့်တော့ပါဘူး။

✔️စပါးတင်းရာကျော်ထွက်နိုင်ရန် စပါးတစ်ဧက၏ ၁/၄,၀၀၀ ဧရိယာအတွင်းမှာ စပါးနှံပေါင်း ၄၀၀ခန့် ရှိရမှာဖြစ်ပါတယ်။ မြေမျက်နှာပြင်မညီလို့အပင်ပေါက်လည်းမညီ၊ အပင်ပွားလည်းမကောင်း၊ အပင်အရေအတွက်လည်းမရရှိပါလျှင် ဘယ်လိုမှစပါးထွက်မည်မဟုတ်ပါ။ ထိုအချက်ကို အထူး သတိပြုရပါမည်။

✔️ထိုကဲ့သို့မျက်နှာပြင်မညီသောလယ်ယာမြေကွက်များတွင် စပါးသီးနှံစိုက်ပျိုးမှု ကိုသာဆိုးကျိုးပေးနိုင် သည်မဟုတ်ပါ။ စပါးရိတ်သည့်အခါတွင်လည်းရေပြောင်အောင်ထုတ်၍မရသည့်အတွက် ရေထဲမှာ ရိတ်ရတတ်ပါသည်။ စပါးစေ့များကိုနွံကပ်စေပြီးစပါးအရည်အသွေးကျစေပါသည်။ ထို့ပြင်နောက်သီးနှံ သီးထပ်စိုက်ပျိုးရန်မြေကြီးရေပြောင်အောင်ထုတ်မရသောကြောင့် မြေကြီးရေခြောက်အောင် စောင့်နေ ရသည့်အတွက် နောက်ထပ်သီးထပ်စိုက်မည့်သီးနှံစိုက်ချိန်နောက်ကျရပါသည်။ ၎င်းအပြင်မြေနိမ့်သည့် နေရာရဲ့ အစိုဓာတ်ကတော်တော်နှင့်မခြောက်နိုင်သည့်အတွက် စိမ့်ဆွဲသကဲ့သို့ဖြစ်ပြီး ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အပင်ပေါက် မကောင်းနိုင်တော့ပါ။ ထယ်ရေး၊ ထွန်ရေးလည်းပတ်ပတ်နပ်နပ် မထွန်ယက်ရပါ။ 

✔️သို့အတွက် လယ်ယာမြေမျက်နှာပြင်အနိမ့်အမြင့်မညီတဲ့အကွက်များတွင် မြေမျက်နှာပြင်ညီအောင် တဖြည်းဖြည်းနှင့်အချိန်ယူ၍ ပြုပြင်မြေညှိပေးသင့်ပါကြောင်း အကြံပြုတိုက်တွန်းရေးသားအပ်ပါသည်။

💠စစ်မှန် ပြည့်ဝ ဝိစာရ💠

Sources : Saya U Aung San (အောင်ဆန်း - စိုက်ပျိုးရေး)