menu

သီးနှံဖျက် ကြွက်အန္တရာယ် စုပေါင်းကာကွယ်


🌾🐁🌿🐁🌽🐁🌶🐁🍃🐁🎋

◾️တောင်သူလယ်သမားကြီးများကို ဆွေးနွေးပေးချင်တဲ့ အချက်ကတော့ ကြွက်တွေဟာ သီးနှံတွေကို ဘယ်လောက်ထိ ဖျက်ဆီးပစ်ကြသလဲဆိုတဲ့ အန္တရာယ်ကြီးမားမှုနဲ့ ကာကွယ်နှိမ်နှင်းရေးကို မီးမောင်းထိုးပြပေးချင်ပါတယ်။ ကြွက်လို့ပြောလိုက်ရင် လယ်သမားကြီးတွေရဲ့စိတ်မှာ ပိုးမွှားရောဂါလောက် ဒုက္ခမပေးဘူးလို့ထင်မြင်ယူဆထားလေ့ရှိကြပါတယ်။ တကယ်တော့ ကြွက်ရဲ့ သီးနှံဖျက်ဆီးခံရမှုဟာ အလွန်များပြားတာတွေ့ရပါတယ်။ 

◾️အာရှနိုင်ငံများမှာ ကြွက်ဖျက်ဆီးမှုကြောင့် လူဦးရေသန်း ၁၈၀ အတွက် တစ်နှစ်စာစားသုံးဖို့ လုံလောက်တဲ့ ဆန်တန်ချိန် သန်း ၃၀ အဟောသိကံဖြစ်နေရတယ်လို့ ဆိုတယ်။ ကမ္ဘာမှာ ကြွက်ဖျက်ဆီးမှုကြောင့် စားနပ်ရိက္ခာ အမေရိကန် ဒေါ်လာငါးဘီလျံတန်ဖိုးမျှ ဆုံးရှုံးခံနေရကြောင်း သိရပါတယ်။ 

◾️မြန်မာနိုင်ငံမှာ စပါးသီးနှံတစ်ခုတည်းပင် ကြွက်ရဲ့ဖျက်ဆီးမှုဟာ ၃၀ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ တခြားသီးနှံများပါဆိုရင် ဆိုဖွယ်ရာမရှိပေ။စပါးသီးနှံတွင် ကြွက်ကို အစီအစဉ်တကျ အချိန်မီကာကွယ်နှိမ်နင်းမှု မပြုလုပ်လျှင် စပါးအထွက်စုစုပေါင်းရဲ့ ၅% ကနေ ၆၀% အထိ ဆုံးရှုံးမှုရှိကြောင်းတွေ့ရပါတယ်။ 

◾️ကြွက်မျိုးတွေမှာ အိမ်ကြွက်၊ မြေကြွက်၊ ကြွက်ဝမ်းဖြူ၊ လယ်ကြွက်၊ ကြွက်ဖလောင်း စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ ကြွက်များဟာ လူနေအိမ်၊ အစာသိုလှောင်ရုံ၊ စပါးကျီ၊ သီးနှံစိုက်ခင်းတွေ၊ တော၊ ချုံပုတ်တွေမှာ ခိုအောင်းကျက်စားလေ့ ရှိပါတယ်။ သီးနှံဆက်တိုက်စိုက်ပျိုးသော ဒေသတွေ၊ သီးထပ် သီးညှပ်စိုက်ပျိုးတဲ့ ဒေသတွေမှာ တစ်နှစ်ပတ်လုံး အစာပြတ်တောက်မှုမရှိသဖြင့် ကြွက်တို့ရဲ့ ဘဝစက်ဝန်းမပြတ်ဘဲ ပွားများလည်ပတ်နေတတ်ပါတယ်။ ကြွက်များဟာ နို့တိုက်သတ္တဝါဖြစ်ပြီး ကြီးမားတဲ့ ရှေ့သွားနှစ်စုံ ပါရှိပါတယ်။ ထူးခြားတဲ့ ပါးစပ်၊ မေးရိုးတို့နဲ့ တည်ဆောက်ထားတဲ့အတွက် အလွန်မာတဲ့ သစ်သား၊ သစ်သီးခွံတွေ၊ သစ်ခေါက်တွေကို လွယ်လွယ်ကိုက်ဖြတ်နိုင်ပါတယ်။ အမြင်အာရုံ အလွန်အားနည်းပြီးအနံ့၊ အရသာခံအာရုံ အလွန်ထက်မြတ်တာတွေ့ရပါတယ်။ 

◾️သီးနှံစိုက်ခင်းဝန်းကျင်၊ ကန်သင်း၊ ချုံတွေကြားမှာ တွင်းများတူး ခိုအောင်းနေပြီး ညအချိန်မှာ သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးစားသောက်လေ့ရှိတာ တွေ့ရပါတယ်။ အစားအစာ အစုံစားလေ့ရှိတဲ့အတွက် နေရာအနှံ့အပြားမှာ အစားအစာအခက်အခဲ မရှိနေနိုင်ကြပါတယ်။ သီးနှံပေါ်ချိန် အောက်တိုဘာလ၊ နိုဝင်ဘာလတွေမှာ ကြွက်ပေါက်နှုန်း ၇၀% ထိ မြင့်တက်လာပါတယ်။ မိုးတွင်း စိုစွတ်ကာလမှာတော့ ၁၃% သာ ပေါက်ပွားတယ်လို့ ဆိုပါတယ်။ ကြွက်မတစ်ကောင်ဟာ တစ်လခွဲမှ သုံးလသားဆိုရင် သားပေါက်နိုင်ပြီး တစ်နှစ်ငါးကြိမ် ပေါက်ပွားနိုင်ပါတယ်။ တစ်ကြိမ်မှာ ၁၀-၁၆ ကောင်အထိ ပေါက်နိုင်ပါတယ်။ တစ်နှစ်ဆိုရင် ကြွက်ကောင်ရေ ၂,ဝဝဝ ကျော်ထိ ပေါက်ပွားနိုင်တာ တွေ့ရပါတယ်။ ဒါဆိုရင် ကြွက်ရဲ့သီးနှံဖျက်ဆီးမှုအန္တရာယ် ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။

◾️ကြွက်ကို ကာကွယ်နှိမ်နင်းမယ်ဆိုရင်တော့ .....

(၁) ကြွက်ပေါက်ပွားမှုမစမီ အောက်တိုဘာလမှ စတင်နှိမ်နင်းပါ။ 

(၂) ကြွက်ထောင်ချောက်၊ ကြွက်မုဆိုးနဲ့ ဖမ်းဆီးပါ။ 

(၃) ဖြစ်နိုင်လျှင် ကြွက်စားသော လင်ကောင်ပိုးငှက်၊ ဇီးကွက်များကို ဧက ၅၀ အိမ်တစ်အိမ် ပြုလုပ်မွေးမြူထားပါ။ 

(၄) ကြွက်တွင်းများကို ဆေးရွက်ကြီး၊ တမာရွက်တို့ဖြင့် မီးခိုးမှိုင်းတိုက်မှုတ်သွင်းပါ။ 

(၅) သီးနှံသိုလှောင်ရုံပတ်ဝန်းကျင် သန့်ရှင်းစွာထား၍ ကြွက်ထောင်ချောက်ထားပါ။ 

(၆) ကြွက်ကို ညအချိန်တွင် ဖမ်းဆီးပါ။ 

(၇) ကြွက်တစ်အုပ်စုကို ကာကွယ်နှိမ်နင်းပြီးသော နေရာတွင် အခြားတစ်အုပ်စုချက်ချင်း အစားထိုးဝင်ရောက်လာတတ်သဖြင့် လွှတ်မထားဘဲ အမြဲစောင့်ကြည့် ကာကွယ်နှိမ်နင်းပါ။ 

(၈) ကြွက်ကာကွယ်နှိမ်နင်းခြင်းကို နီးစပ်ရာစိုက်ခင်းများ တပေါင်းတစည်းတည်း စုပေါင်းဆောင်ရွက်ပါ။ 

(၉) ကြွက်သတ်ဆေးနဲ့ ကာကွယ်နှိမ်နင်းပါ။ 

Sources : အောင်ဆန်း(စိုက်ပျိုးရေး)