menu

သီးနှံပင် အနည်းလိုအာဟာရချို့တဲ့မှု


🌾🌿🌱🌿🌾🌾🌿🌱🌿🌾

✔️သီးနှံစိုက်ပျိုး ထုတ်လုပ်မှုသည် မြေကြီးကိုအဓိကအခြေပြု စိုက်ပျိုးကြရပါသည်။ မြေကြီးထုထည် နက်ရှိုင်းမှုမှာမှ မြေသား၏အပေါ်ယံအလွှာပါးသည် သီးနှံစိုက်ပျိုးရန်အာဟာရဓာတ်ရရှိသော မြေဆီလွှာဖြစ်သည်။ မြေသြဇာကောင်းရှိသော နေရာဖြစ်သည်။ ဤအလွှာတွင် မြေသြဇာဓာတ်များနှင့် ရေရှိသည်။ လေဝင်လေထွက်ရှိသည်။ သက်ရှိအဏုဇီဝများနှင့် အော်ဂဲနစ်ပစ္စည်းများရှိသည်။ သီးနှံအလီလီ သီးထပ်နှစ်စဉ် စိုက်ပျိုး၍ လျော့နည်းသွားလျှင် ပြန်လည်ဖြည့်ပေးကြရသည်။ 

✔️မြေကောင်းမှ သီးနှံကောင်းမည်။ သီးနှံကောင်းမှ အထွက်ကောင်းမည်။သီးနှံကိုလည်း အထွက်ကောင်း ရန် မြေနှင့်လိုက်ဘက်ညီသီးနှံရွေးချယ်ရသည်။ မြေမပျက်ခင် ပြုပြင်ပေးရသည်။မြေပျက်လျှင် သက်ရှိ အားလုံးအတွက် အနေခက်မည်။သီးနှံပင်များသည် အစာစားသုံးမှုကိုအရည်ပုံစံနှင့် အမြစ်မှ စုပ်ယူသည်။ အရွက်အောက်ခြေရှိ သစ်ပေါက်ငယ်များမှ ရယူသည်။ ထို့ကြောင့် ရွက်ဖျန်းမြေသြဇာဖျန်းခြင်း၊ ကြဲပက်ခြင်း၊ မြေထဲထည့်ခြင်း၊ ရေသွင်းခြင်း ပြုလုပ်ကြရသည်။ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာတို့ကိုမြေသြဇာရရန် ထည့်ကြရသည်။

✔️သီးနှံပင်အတွက်လိုအပ်သောအဓိကဓာတ်သုံးမျိုး (N-P-K) နိုက်ထရိုဂျင်၊ ဖော့စပရပ်၊ ပိုတက်စီယမ်ကို စိုက်ပျိုးသူအများစု သိကြသည်။ အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေကြသော ဓာတ်မြေသြဇာအများစုသည် အဓိကဓာတ်တစ်မျိုးတည်းသာ ပါရှိသော ဓာတ်မြေသြဇာကများသည်။ ဥပမာ- ပုလဲဓာတ်မြေသြဇာ (ယူရီးယား) ဆိုပါက နိုက်ထရိုဂျင်တစ်မျိုးတည်း ၄၆ ရာခိုင်နှုန်းပါသည်။ ထို့အတူဖော့စဖိတ်၊ ပိုတက်စီယမ်ပါသော ဓာတ်မြေသြဇာများဆိုပါကလည်း တစ်မျိုးတည်းပါရှိသည်။ 

✔️ယခင်လွန်ခဲ့သည့် နှစ် ၄၀၊ နှစ် ၅၀ အချိန်ကာလများက ဓာတ်မြေသြဇာအိတ်များသည် အဓိကဓာတ်တစ်မျိုးနှင့် အနည်းလိုဓာတ်တစ်မျိုးဖြစ်စေ၊ နှစ်မျိုးဖြစ်စေ ရောစပ်ပါရှိ၍ အနည်းလိုဓာတ်သည် ဖြည့်ပြီးဖြစ်နေသည်။ ဥပမာ- (အမိုးနီးယမ်းဆာလ်ဖိတ်) နိုက်ထရိုဂျင်နှင့် ဆာလ်ဖာတွဲ၍ပါသည်။ နိုက်ထရိုဂျင်သည် အဓိကဓာတ်ဖြစ်၍ ဆာလ်ဖာ (ကန့်) သည် အနည်းလိုဓာတ်ဖြစ်သည်။ အနည်းလို အပင်အာဟာရဓာတ်ဟုခေါ် ဆိုသကဲ့သို့ အပင်မှလိုအပ်သည်မှာလည်း အနည်းငယ်သာ ဖြစ်ပါသည်။ လိုသည်ထက်ပိုများသွားလျှင် အပင်အတွက်အဆိပ်သင့်စေပါသည်။ ဥပမာ- အပင်တွင် အဓိက နိုက်ထရိုဂျင် လိုအပ်ချက်ပါဝင်မှု ၁ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အနည်းလိုသည့် အာဟာရဓာတ်ဖြစ်သော မိုလစ်ဒီနမ်မှာ သုည ဒသမ ၀၀၀၀၁ ရာခိုင်နှုန်းဖြစ်သဖြင့် ဤသည် ကိုကြည့်ခြင်းဖြင့် အချိုးအဆနှိုင်း မရပါ။ အလွန်နည်းပါးလှပါသည်။

✔️သို့သော်နှစ်များစွာ စိုက်ပျိုးထုတ်လုပ်မှု သီးထပ်၊ သီးညှပ်မပြတ် စိုက်ကြပြီး ပြန်လည်ဖြည့်ပေးမှုတွင် အနည်းလိုဓာတ်ကို ပြန်ဖြည့်မပေးပါက လိုအပ်ချက်နည်းနည်းကလည်း အပင်၏ဖြစ်ထွန်းမှုကို ထိခိုက်မှုရှိလာပါသည်။ အများစုသည် ကန့်ဓာတ် (ဆာလ်ဖာ) ချို့တဲ့မှုကို တွေ့လာကြရသည်။ကော့ပါး (ကြေးနီ) ဓာတ်ဆိုလျှင် ပမာဏများလျှင် အပင်ကို အဆိပ်သင့်စေသည်။ တစ်ရာသီ တစ်ကြိမ်ထည့်ပြီး လျှင် နောက်ထပ် သုံးရာသီခန့်အထိ ထပ်ဖြည့်စရာမလိုသော အနည်းလိုဓာတ်ဖြစ်သည်။(လက်ခြား) ဘိုရွန်ဓာတ်သည် နိုက်ထရိုဂျင်ဓာတ်မြေသြဇာနှင့် တွဲဖက်ကျွေးလျှင် ပဲအထွက်များသည်ဆို၍ ရွက်ဖျန်းမြေသြဇာအဖြစ် အသုံးပြုကြသည်။

✔️ဘိုရွန်ကိုလည်း ချို့တဲ့မှသာ ကျွေးသင့်သည်။ ရှိသင့်သည်ထက်များလျှင် သီးနှံပင်ကို ထိခိုက်သည်။ ထို့ကြောင့် အချိုးနှုန်းပမာဏသိသင့်သည်။ မြန်မာနိုင်ငံ၏ ဓာတ်မြေသြဇာအသုံးပြုမှုသည် အသုံးများခြင်းမဟုတ်ဘဲ အသုံးမှားခြင်းဟု သုံးသပ်ကြပါသည်။ သုံးသောဓာတ်မြေသြဇာနှင့် သီးနှံပင် ကိုက်ညီမှု၊ စိုက်ပျိုးမြေကို ဓာတ်ခွဲစမ်းသပ်သိရှိပြီးမှ ဓာတ်မြေသြဇာဖြည့်မှု သုံးသင့်သောအချိန်၊ သုံးသင့်သော အကြိမ်နှုန်းထားမှန် ရှိနေရေးတို့သည် ဓာတ်မြေသြဇာ အသုံးပြုမှုတွင် စိုက်ပျိုးသူများ သိရှိနားလည်ရန် နည်းပညာပေးကြရပါမည်။ကြိုက်သော ဓာတ်မြေသြဇာများများသုံး၍ မကြိုက်သော ဓာတ်မြေသြဇာ၊ ချက်ခြင်းတုံ့ပြန်မှုမပြသောဓာတ်မြေသြဇာ၊ ဈေးကြီးသောဓာတ်မြေသြဇာဖြစ်၍ မသုံးမှုတို့သည်သီးနှံအထွက်နှင့် မြေကိုလည်း ထိခိုက်စေသည်။ 

✔️တရားဝင် စိစစ်မှတ်ပုံတင်မထားသော ဓာတ်မြေသြဇာများဈေးနှုန်းသက်သာသော စိစစ်မှုကင်းသည့် ဓာတ်မြေသြဇာများကြောင့် ငွေကုန်၊ လူပင်ပန်း တစ်ဧကထုတ်လုပ်မှု၊ စရိတ်ကြီးမှု ကြုံနေကြရသည်။ အနည်းလိုဓာတ်လည်း လိုနေကြသည်။ ပိုသည့်ဓာတ်ကပို၊ လိုသည့်ဓာတ်ကလိုနှင့် အချိုးကိုက်၊ နှုန်းထားမှန်၊စနစ်မှန်ကို အသုံးပြုမှသာ အနည်းလိုကိုလည်း အနည်းဘဲဖြည့်နိုင်မည်။ အများလိုကိုလည်း အချိုးမှန်မပိုဘဲ ကျွေးနိုင်မည်။ အပင်ကို အစာကျွေးရာတွင် ဆာသောအချိန်တွင် လိုသောဓာတ်ကျွေးမှ အာဟာရဖြစ်စေပါသည်။

♻️စစ်မှန် ပြည့်ဝ ဝိစာရ♻️

Sources : ကိုရဲ (စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများဂျာနယ်