menu

သီးနှံပင်များ ဘဝသံသရာ တစ်ပတ်လည်ခြင်းနှင့် အာဟာရ အခန်းကဏ္ဍ


🌿🌾🌱🌾🌿🌿🌾🌱🌾🌿

☑️သီးနှံပင်များ၏ “ဘဝသံသရာ”ဆိုသည်မှာ မျိုးစေ့မှအပင်၊ အပင်မှမျိုးစေ့ စဉ်ဆက်မပြတ် လည်ပတ်ဖြစ်ပေါ်နေမှုကို ဆိုလိုပါသည်။ ထို့အတူ သီးနှံပင်များ၏ “ဘဝသံသရာတစ်ပတ်လည်မှု”ဆိုသည်မှာလည်း မျိုးစေ့မှ ပေါက်လာသည့်အပင်ငယ်သည် တစ်ဖြည်းဖြည်း ကြီးပြင်းအရွယ်ရောက်၍ ပွင့်သီးကာ မျိုးစေ့များ ပြန်လည်ရရှိလာသည်အထိ အချိန်ကာလကို ဆိုလိုခြင်းဖြစ်ပါသည်။

☑️သီးနှံပင်များ ဘဝသံသရာ တစ်ပတ်လည်နိုင်ရန်အတွက် အမှန်တကယ် မရှိမဖြစ်လိုအပ်သည့် အရေးကြီးအာဟာရဓာတ် (၁၇)မျိုးကို မဖြစ်မနေရရှိရန် လိုအပ်ပါသည်။

☑️ထိုအမှန်တကယ် မရှိမဖြစ်လိုအပ်သည့် အရေးကြီးအာဟာရဓာတ် (၁၇)မျိုးမှာ.....

(၁) ပမာဏအားဖြင့် အများအပြားလိုအပ်သော်လည်း လေနှင့်ရေမှ လိုအပ်သလောက် ရရှိနေနိုင်သဖြင့် အပင်၏အာဟာရလိုအပ်မှုအတွက် ပြဿနာမရှိသည့် မရှိမဖြစ် အရေးကြီးအာဟာရဓာတ်(၃)မျိုး။
 • ကာဘွန် Carbon (C)
 • ဟိုက်ဒရိုဂျင် Hydrogen (H)
 • အောက်ဆီဂျင် Oxygen (O) 

(၂) ပထမ မရှိမဖြစ် အရေးကြီးအများလိုဓာတ်(၃)မျိုး။
 • နိုက်ထရိုဂျင် Nitrogen ( N )
 • ဖော့စဖရပ် Phosphrus (P)
 • ပိုတက်စီယမ် Potassium (K)

(၃) ဒုတိယ မရှိမဖြစ် အရေးကြီးအများလိုဓာတ်(၃)မျိုး။
 • ကယ်လ်စီယမ် Calcium (C)
 • မဂ္ဂနီစီယမ် Magnecium (Mg)
 • ဆာလ်ဖာ Sulphur (S)

(၄) မရှိမဖြစ် အနည်းလိုဓာတ်(၈)မျိုး။
 (က) ဓာတ်ဖို (+) (၅)မျိုး
 • သံဓာတ် Iron (Fe)
 • ကြေးနီဓာတ် Copper (Cu)
 • မန်းဂနီးစ် Manganese (Mn)
 • သွပ်ဓာတ် Zinc (Zn)
 • နီကယ် Nickel (Ni)
 (မှတ်ချက်… ၁၉၈၇ ခုနှစ်တွင် ပညာရှင်များက နီကယ်ကို အပင်များအတွက် မရှိမဖြစ် အနည်းလို အာဟာရဓာတ်များစာရင်းတွင် ထပ်တိုးထည့်သွင်းခဲ့ပါသည်။)

 (ခ) ဓာတ်မ (-) (၃)မျိုး
 • ဘိုရွန် Boron (Bo)
 • မိုလစ်ဒီနမ် Molybdenum (Mo)
 • ကလိုရိုဒ် Chloride (Cl)

☑️အထက်ဖော်ပြပါ အပင်အတွက် အမှန်တကယ် မရှိမဖြစ်လိုအပ်သည့် အရေးကြီးအာဟာရဓာတ် (၁၇)မျိုးမှ တစ်မျိုးကိုဖြစ်စေ၊ တစ်မျိုးထက်ပို၍ဖြစ်စေ၊ အားလုံးကိုဖြစ်စေ၊ သီးနှံပင်များမှ အပင်သက်တမ်းတစ်လျှောက် လုံးဝရရှိနိုင်ခြင်းမရှိပါက ၎င်းတို့၏ ဘဝသံသရာကို တစ်ပတ်ပြည့်အောင် လည်ပတ်နိုင်မှု မရှိတော့ပါ။ ဆိုလိုသည်မှာ ထိုသို့ဖြစ်ခဲ့ပါက သီးနှံပင်တစ်မျိုးကို မျိုးစေ့ချစိုက်ပျိုးသော်လည်း ထိုသီးနှံပင်၏မျိုးစေ့များကို ပြန်လည်မရရှိနိုင်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

☑️သီးနှံပင်များ ဘဝသံသရာ တစ်ပတ်လည်ရန်အတွက် မရှိမဖြစ်အရေးမကြီးသော်လည်း သီးနှံပင်ဖြစ်ထွန်းမှုနှင့် သီးနှံအရည်အသွေး တိုးတက်မြင့်မား ကောင်းမွန်မှုအတွက် သီးနှံပင်ကိုအကျိုးပြုသော အာဟာရဓာတ်(၅)မျိုးကိုလည်း ၁၉၈၇ ခုနှစ်တွင် ပညာရှင်များက အပင်အာဟာရအခန်းကဏ္ဍတွင် အကျိုးပြုအာဟာရဓာတ်များအဖြစ် ထပ်မံဖြည့်စွက် သတ်မှတ်ခဲ့ကြပါသေးသည်။

 ၎င်းတို့မှာ.....
 • ကိုဘော့ Cobalt (Co)
 • ဆိုဒီယမ် Sodium (Na)
 • ဆီလီကွန် Silicon (Si)
 • ဆဲလ်နီယမ် Selenium (Se)
 • ဘနေဒီယမ် Vanadium (V)

☑️၎င်းအကျိုးပြုအာဟာရ(၅)မျိုး ရခြင်းမရခြင်းသည် သီးနှံပင်များ ဘဝသံသရာ တစ်ပတ်လည်ရန်အတွက်မူ သက်ဆိုင်မှုလုံးဝမရှိဘဲ အကယ်၍ အပင်ကရရှိနိုင်မည်ဆိုပါက သီးနှံပင်ဖြစ်ထွန်းမှုနှင့် သီးနှံအရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် အကျိုးပြုစေရုံသာ ရှိမည်ဖြစ်ပါသည်။ 

☑️သို့ရာတွင် အထက်ဖော်ပြပါ အမှန်တကယ် မရှိမဖြစ်လိုအပ်သည့် အရေးကြီးအာဟာရဓာတ် (၁၇)မျိုးကို သီးနှံပင်သက်တမ်းတလျှောက် သီးနှံပင်ကလုံးဝမရရှိနိုင်ပါက သီးနှံတစ်မျိုး၏မျိုးစေ့ကို မြေချစိုက်ပျိုးသော်လည်း ဘဝသံသရာ တစ်ပတ်မလည်ပတ်နိုင်တော့သဖြင့် ၎င်းသီးနှံပင်၏မျိုးစေ့များကို ပြန်လည်ရရှိနိုင်မည်မဟုတ်ကြောင်း သိရှိရန်လိုအပ်မည်ဖြစ်ပါသည်။

Written by Saya U Than Win (Than Win Agri)

✅စစ်မှန် ပြည့်ဝ ဝိစာရ✅