menu

သီးနှံစိုက်ပျိုးရေးမှာ သဘာဝမြေသြဇာ နှစ်စဉ်သုံးစွဲပါ


🌾🌶🌿🌽🍀🍍🎋🍅🍃🍉🌱

➡️သီးနှံစိုက်ပျိုးရာတွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာကို တွဲဖက်အသုံးပြုရန်လိုအပ်သည်ကို တောင်သူလယ်သမားကြီးများ သိပြီးဖြစ်သည်။ ယခုအခါ သဘာဝမြေသြဇာကိုသုံးစွဲမှုမှာ တဖြည်းဖြည်း လျော့နည်းလာပြီး ဓာတ်မြေသြဇာကိုသုံးစွဲမှုသည် ယခင်နှင့်နှိုင်းယှဉ်လျှင် ပိုမိုလာသည်ကိုတွေ့ရှိရသည်။ ဒေသအလိုက် အလွယ်တကူရရှိနိုင်သည့်သဘာဝမြေသြဇာများကို သီးနှံစိုက်ပျိုးရာတွင်နှစ်စဉ်ထည့်သွင်းအသုံးပြုရေး နှိုးဆော်တိုက်တွန်းလိုပါသည်။

သဘာဝမြေသြဇာ
---------------
 
နွား၊ ကြက်၊ ဝက်၊ ဘဲ၊ မြင်း၊ သိုး၊ ဆိတ်၊ လင်းနို့ချေးများ၊ အပင်တို့၏ရုပ်ကြွင်းများ၊ ဆီကြိတ်ဖတ်များ၊ မြို့နယ်၊ ကျေးရွာလယ်ယာမြေတို့က စွန့်ပစ်သော အမှိုက်ဆွေးများ၊ ကြံမြှုပ်ချေး၊ အရိုးမှုန့်၊ သစ်ရွက်စိမ်း မြေသြဇာ၊ သစ်ရွက်ဆွေးစသည်တို့သည် သဘာဝမြေသြဇာများတွင် ပါဝင်ပါသည်။ သဘာဝမြေသြဇာကို ရှေးယခင်ကပင် သီးနှံစိုက်ခင်းများတွင် ထည့်သွင်းခဲ့ပါသည်။ လွန်ခဲ့သောအနှစ် ၅၀ ကျော်ကပင် နွားချေး သိုလှောင်စုဆောင်းနည်း၊ ထည့်သွင်းအသုံးပြုနည်းများကိုစိုက်ပျိုးရေးဌာနမှတောင်သူလယ်သမားများကို ပညာပေးဆောင်ရွက်ခဲ့ဖူးသည်။ သို့သော်လည်း တောင်သူများစနစ်တကျလိုက်နာဆောင်ရွက်ရန်အား နည်းခဲ့ပါသည်။ သုတေသနပညာရှင်တစ်ဦး၏ လေ့လာတင်ပြချက်အရ ကျွဲ၊ နွားတစ်ကောင်က တစ်နေ့လျှင် ပျမ်းမျှ နွားချေး ငါးပိဿာရရှိနိုင်ပြီး ကျွဲ၊ နွားတစ်ရှဉ်းရှိသော တောင်သူတစ်ဦးလျှင် တစ်နှစ် နွားချေး ၃,၆၀၂ ပိဿာ ရရှိသုံးစွဲနိုင်သည်ဟုဆိုပါသည်။ စိုက်ပျိုးမြေ ၁၀ ဧကရှိသောတောင်သူဖြစ်ပါက တစ်ဧက ပိဿာ ၃၆၀ သုံးစွဲနိုင်မည်ဖြစ်သည်။ သို့သော် တောင်သူများအနေဖြင့် စနစ်တကျသိုလှောင်သည့်အလေ့အထ မရှိသဖြင့် သုံးစွဲနိုင်သူ ရှားပါးလှပါသည်။ သဘာဝမြေသြဇာများကို စိုက်ပျိုးရေးနိုင်ငံတိုင်းလိုလို အသုံးပြု လျက်ရှိပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဓာတ်မြေသြဇာလုံလောက်မှုမရှိသဖြင့် သဘာဝမြေသြဇာများကို အလေးပေးသုံးစွဲလျက်ရှိကြောင်း သိရသည်။ 

သစ်ဆွေးမြေသြဇာ
----------------

တိရစ္ဆာန်ချေးများ မရနိုင်သောဒေသများတွင် သစ်ဆွေးမြေသြဇာသည် သီးနှံစိုက်ပျိုးရာတွင် များစွာ အသုံးဝင်သည်။ သစ်ဆွေးမြေသြဇာကို လယ်ယာမြေတို့က စွန့်ပစ်ပစ္စည်းမျိုးစုံနှင့် မြို့နှင့်ကျေးရွာတို့တွင် ရှိသော အမှိုက်သရိုက်တို့က ပြုလုပ်နိုင်သည်။ ဥပမာ - လယ်ယာမြေတို့က ပေါင်းမြက်၊ ကောက်ရိုး၊ ကြံကြိတ်ဖတ်၊ စပါးခွံ၊ မြစ်ချောင်းများက ဗေဒါပင်၊ သစ်တောကကြွေကျသော သစ်ရွက်များကို ပြုလုပ် နိုင်ပါသည်။ သစ်ဆွေးမြေသြဇာ ပြုလုပ်ခြင်းသည် ယေဘုယျအားဖြင့်ပြောရလျှင် အသုံးမပြုသော အလေအလွင့်များကို အသုံးဝင်အောင်ပြုလုပ်ခြင်းပင်ဖြစ်သည်။ လယ်ယာမြေအတွင်း ထည့်သွင်း ပေါင်းစပ်လိုက်ခြင်းဖြင့် မြေဆီလွှာကို နောင်ကာလအတွက် ထိန်းသိမ်းတည်တံ့စေရန်အထောက် အကူ ပြုလိုက်ခြင်းပင်ဖြစ်သည်။ သစ်ဆွေးမြေသြဇာ၏ ကောင်းကျိုးများမှာ အပင်အတွက် လိုအပ်သောအရေးကြီးတဲ့ အာဟာရဓာတ်တွေ ကို ထောက်ပံ့ပေးပါတယ်။ အဲဒီတော့ ဓာတ်မြေသြဇာဝယ်ယူဖို့ လိုအပ်ချက်ကို လျှော့ချနိုင်တယ်။ တစ်ခါ တည်းနဲ့ မကုန်ဘဲ အပင်ကို အာဟာရဓာတ်တွေ ထောက်ပံ့ပေးနေပါတယ်။ အပင်အမြစ်တွေအတွက် လေဝင်လေထွက်ကောင်းစေပြီး မြေဆီလွှာတိုက်စားမှုကိုလည်း ခံနိုင်ရည်ရှိစေတယ်။ မြေရဲ့အချဉ်အငန် ဓာတ်ကိုလည်း ထိန်းပေးတယ်။ ထွက်ရှိလာတဲ့ သီးနှံအရည်အသွေးကိုလည်း ကောင်းစေပါတယ်။

➡️မြေဆွေးမြေသြဇာပြုလုပ်ရန် ကုန်ကြမ်းကို သဘာဝအလေအလွင့်များက ရယူသည်ဆိုသော်လည်း ခွေး၊ ကြောင်နှင့် လူတို့၏ အညစ်အကြေးများကို အသုံးမပြုကြောင်း၊ ပိုးမွှားရောဂါ ကျရောက်နေသော အပင် များ၊ အဆိပ်အတောက်ဖြစ်စေသော ပေါင်းမြက်ပင်များ၊ လွှင့်ပစ်ရန်ဖြစ်သော တိရစ္ဆာန်အသားများ၊ စားသုံးဆီ၊ တိရစ္ဆာန်ဆီ၊ အမဲဆီ၊ ချောဆီစသည်တို့ကိုလည်း အသုံးမပြုကြောင်း သိရပါသည်။

➡️မြန်မာနိုင်ငံတွင် တောင်သူများ၏ပတ်ဝန်းကျင်ရှိ သဘာဝပစ္စည်းများဖြင့် သဘာဝမြေသြဇာများကို ပြုလုပ်သုံးစွဲရန် အီးအမ်မပေါ်မီကပင် ခေတ်အဆက်ဆက် လမ်းညွှန်အားပေးခဲ့သည်။ မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်ကို သင်တန်းပေးခြင်း၊ စာအုပ်စာစောင်များ ရိုက်နှိပ်ဖြန့်ဝေခြင်း၊ လက်တွေ့ပြသ ခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ လယ်ယာမြေအမှိုက် ရတနာသိုက် ဟုလည်း နှိုးဆော်ခဲ့သည်။ သို့သော် ရေရှည်တည်တံ့မှုနှင့် ကျယ်ပြန့်စွာ လိုက်နာဆောင်ရွက်မှုမှာ ယခုအချိန်အထိ အားနည်းနေဆဲဖြစ်သည်ဟုမြင်ပါသည်။

➡️ဤသည်မှာ အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ သဘာဝမြေသြဇာပြုလုပ်ရန် ကုန်ကြမ်း (Bio-mass)ထုထည်ပမာဏကြီးမားသဖြင့် ရှာဖွေစုဆောင်းရန် ခက်ခဲခြင်းလည်းဖြစ်နိုင်သည်။ သဘာဝမြေသြဇာ ပြုလုပ်ရန် လိုအပ်သော ကောက်ရိုး၊ ပြောင်းရိုး၊ နှမ်းရိုး၊ မြေပဲရိုး၊ ပဲမျိုးစုံရိုး၊ သစ်ရွက်၊ ပြာ၊ မြက်၊ ကျွဲ၊ နွား၊ ဝက်စသည် တိရစ္ဆာန်ချေးတို့ကိုတစ်ပြိုင်တည်းရရှိရန် ခက်ခဲခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

➡️မည်သို့ဖြစ်စေ ဓာတ်မြေသြဇာဈေးနှုန်းမြင့်မားပြီး လယ်ယာသီးနှံအချို့နှင့် ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံတို့တွင် ဓာတ်ကြွင်းအာနိသင်ကို စိုးရိမ်စရာဖြစ်နေသော ယနေ့ကာလတွင် သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်းသည် ပို၍ပင် လိုအပ်ချက်ဖြစ်သည်ဟုဆိုချင်ပါသည်။ သို့ဖြစ်၍ နေရာဒေသလိုက်၍ မိမိစိုက်ခင်းနှင့် အလှမ်းမဝေးလှသည့်နေရာများတွင် အများအပြားရရှိနိုင်မည့် ကုန်ကြမ်းအပေါ် အခြေခံ၍ မြေဆွေးမြေသြဇာပြုလုပ်သုံးစွဲရေး ဆောင်ရွက်သင့်ပါသည်။

သစ်စိမ်း မြေသြဇာ
----------------

မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို တိုးတက်‌စေရန် အပင်၏အစိမ်းရောင် အစိတ်အပိုင်းများကို မြေတွင်ပေါင်းစပ်ထည့်ပေးခြင်းဖြင့် ဆွေးမြည့်စေခြင်းကို သစ်စိမ်းမြေသြဇာဟု ခေါ်နိုင်သည်။ မြေဆီသြဇာထက်သန်စေရန် သစ်စိမ်းမြေသြဇာပင်များကို မြေဆီလွှာအတွင်းသို့ ထယ်ထိုးမြေမြှုပ်ခြင်းဖြင့် သစ်စိမ်းမြေသြဇာကျွေးနိုင်ပါသည်။ သစ်စိမ်း မြေသြဇာပင်များအဖြစ် အသုံးများသည့်အပင်များမှာ ပဲလွမ်း၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲကြီးစသည့် ပဲမျိုးနွယ်ဝင်အပင်များ၊ အာဖရိကညံ၊ ပိုက်ဆံလျှော်စသည့်အပင်များဖြစ်သည်။ သစ်စိမ်းမြေသြဇာပင်များတွင် ထူးခြားသည့်လက္ခဏာများရှိရန် လိုသည်။ ဖော်ပြရလျှင် မြေညံ့မှာပင် အပင်ဖြစ်ထွန်းနိုင်ခြင်း၊ ကြီးထွားမှုလျင်မြန်ခြင်း၊ ဒြပ်ခြောက်ထုတ် လုပ်မှုများခြင်း၊ နိုက်ထရိုဂျင်ပါဝင်မှု များခြင်း၊ အလင်းရောင်တုံ့ပြန်မှုမရှိခြင်း စသည်တို့ဖြစ်ပါသည်။ 

သဘာဝမြေသြဇာ၏ကောင်းကျိုး 
----------------------------

သဘာဝမြေသြဇာများသည် သီးနှံပင်အတွက် လိုအပ်သောအာဟာရဓာတ်စုံကို ပေးနိုင်သည်။ သဲနှင့် သဲနုန်းကဲ့သို့မြေများကို အစိုဓာတ်ထိန်းနိုင်စေပြီး ရွှံ့စေးကဲ့သို့သောမြေမာများတွင် ချပေးပါက မြေသား ပွလာကာ မြေသားအသွင်အပြင်ကို ကောင်းမွန်စေသည်။ သီးနှံပင်အမြစ်များသည် မြေသားအတွင်းသို့ လွယ်ကူစွာထိုးဖောက်ဝင်ရောက်နိုင်သည်။ တစ်နှစ်ထည့်ပေးပြီးနောက်နှစ်တွင် ထည့်မပေးသည့်တိုင် အောင် သီးနှံအထွက်နှုန်းကို ကောင်းမွန်စေသည်။ သဘာဝမြေသြဇာများကို နှစ်စဉ်ရသလောက်ထည့် ပေးလျှင် လေး - ငါးနှစ် ကြာသည့်အခါ မြေဆီသြဇာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရပါသည်။ သဘာဝမြေသြဇာတွင် ဓာတ်မြေသြဇာနှင့်နှိုင်းယှဉ်ပါက အာဟာရဓာတ်ပါဝင်မှု မများသော်လည်း မြေဆီလွှာ၏ ရုပ်သဘာဝအခြေအနေကို ပြုပြင်ပြောင်းလဲပေးနိုင်ခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် အထောက်အကူပြုခြင်းတို့ကြောင့် သဘာဝမြေသြဇာများသည် မြေဆီလွှာကောင်းမွန် စေရေးအတွက် မရှိမဖြစ်လိုအပ်သော မြေသြဇာများပင်ဖြစ်ပါသည်။ နှစ်ရှည်စမ်းသပ်ချက်များအရ နွားချေးဆွေး (သို့မဟုတ်) မြေဆွေးသည် ဓာတ်မြေသြဇာနီးပါးခန့် စပါးအထွက်ကို ရရှိစေသည်ဟု ဆိုပါသည်။ 

➡️တောင်သူလယ်သမားများသည် ဝယ်ယူသုံးစွဲရန်မလို၊ အရင်းအနှီး မလို၊ လုပ်အားသာလိုအပ်သော သဘာဝမြေသြဇာများကို သုံးစွဲရန် အခြေအနေပေးဆဲဖြစ်သည်။ နှစ်စဉ်ထည့်ပေးသွားခြင်းအားဖြင့် စိုက်ပျိုးမြေကို တစ်နှစ်ထက်တစ်နှစ် မြေဆီသြဇာထက်သန်ကောင်းမွန်လာစေသည်သာမက ယခုခေတ်အမြင်အားဖြင့်ပြောရလျှင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်စေမည်ဖြစ်ပါတော့သည်။ 

မောင်ဖူးဝေ(တောင်တွင်းကြီး) 

မြန်မာတောင်သူကြီးများဂျာနယ်