menu

ဆီထွက်သီးနှံများ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးပါ


🌱🥜🌻🌱🥜🌻🥜🌱🌻🥜🌱

✅တောင်သူဦးကြီးများအတွက် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များရွေးချယ် စိုက်ပျိုးကြရန် အလေးထားဆွေးနွေးပေးချင်ပါတယ်။

✅ဆီထွက်သီးနှံမျိုးပြဿနာက မသေးလှပါ။ အချို့ကဆီထွက်သီးနှံများစိုက်ပျိုးရန် ကိုယ့်မျိုးကိုယ် ဆက်ပြီးနှစ်စဉ်ထားကြသည်။ အချို့က စိုက်ခါနီးမှမျိုးရှာပြီးရသည့်မျိုးနှင့် စိုက်လိုက်ကြသည်။ မျိုးကောင်းမျိုးသန့်လည်းမဟုတ် အထွက်ကောင်းမျိုးများလည်းမဟုတ်လျှင် မြေပဲတွင်တစ်နှစ်ထက် တစ်နှစ် အထွက်ဆုတ်လာခြင်း၊ နှမ်းစိုက်လျှင်အပင်ပေါက်နှုန်း မကောင်းခြင်း၊ အသီးနည်းခြင်း၊ နေကြာစိုက်ပါက အပင်ပေါက်များမသန်စွမ်းခြင်း၊ အပွင့်များသေးခြင်း စသည်တို့ကြုံရမည်ဖြစ်သည်။ 

✅ထို့ကြောင့် မြေပဲစိုက်လျှင် အပင်ပေါက်ရာခိုင်နှုန်း ၈၅ရာခိုင်နှုန်းမှ ၉၀ရာခိုင်နှုန်းရှိသည့်မျိုးကို ရွေးရပါမည်။ တစ်ပင်မှာအတောင့်ပေါင်း ၁၀၀ကျော်သီးနိုင်သည့် ဆင်းပဒေသာမျိုးများကိုရွေးချယ်ပါ။ တစ်ဧကရိတ်သိမ်းပင် ၁၀၀,၀၀၀ ရအောင်စိုက်ပါ။ တစ်ဧကရှိရမည့် အပင်ရေမပြည့်ပါက အပင် ၁၀,၀၀၀လျော့လျှင် မြေပဲအထွက် (၅ မှ ၁၀)တင်း လျော့နိုင်ပါသည်။

✅နှမ်းမျိုးကိုရွေးမည်ဆိုလျှင် အပင်ပေါက်ရာခိုင်နှုန်း ၈၅ရာခိုင်နှုန်းမှ ၉၀ရာခိုင်နှုန်းရှိသည့်မျိုးကိုရွေးပါ။ အထွက်သေချာသည့် ဆင်းရတနာမျိုးများကို စိုက်ပျိုးပါ။ တစ်ဧကရိတ်သိမ်းပင် ၁၃၀,၀၀၀ ရအောင်စိုက်ပျိုးပါ။ အကယ်၍ တစ်ဧကအတွက်အပင်ရေမပြည့်လျှင် အပင်၅,၀၀၀ အထိ လျော့နိုင်ပါသည်။

✅နေကြာမျိုးရွေးချယ်ရာတွင်တော့ ဆင်းရွှေကြာ(၁) ၊ (၂) စပ်မျိုးနေကြာကိုရွေးချယ်ပါ။ ၎င်းစပ်မျိုးများသည် ဆီထွက်နှုန်းလည်းများပါသည်။ တစ်ဧကရိတ်သိမ်းပင် ၂၉,၀၀၀ ရရှိအောင်စိုက်ပါ။ တစ်ဧကအပင်အရေအတွက်မပြည့်ပါက အပင်ရေ ၁၀ရာခိုင်နှုန်းလျော့လျှင် အထွက်လည်း ၁၀ရာခိုင်နှုန်း လျော့သွားနိုင်ပါသည်။ 

✅ထို့ကြောင့် တောင်သူဦးကြီးများဆီထွက်သီးနှံစိုက်ပျိုးရာတွင် မျိုးရွေးချယ်စိုက်ပျိုးမှုကိုအထူးသတိပြုဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

🌻စစ်မှန် ပြည့်ဝ ဝိစာရ🌻

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ