menu

ကာကွယ်၊ တားဆီး၊ နှိမ်နင်းနိုင်သော စပါးရွက်ခြောက်ရောဂါ


 🌾🍂🌾🍂🌾🍂🌾🍂🌾🍂🌾🍂🌾 

🔸စပါးစိုက်ခင်းများတွင် စပါးရွက်များပေါ်၌တွေ့ရသော အပင်ရောဂါသည် အများအပြားတွေ့ရှိရ တတ်ပါသည်။ စပါးရွက်မှာယက္ကန်းလွန်းပုံသဏ္ဌာန်ရောဂါ အကွက်ဖြစ်သော စပါးဂုတ်ကျိုးရောဂါ၊ စပါးပင်၏ အလံရွက်၏ ရွက်ဖုံးပေါ်တွင် အညိုရောင်အနားရစ်ပါရှိသော မီးခိုးရောင်အနာကွက် ဖြစ်တတ်သည်။ 

 🔸စပါးရွက်ဖုံးပုပ်ရောဂါ၊ စပါးခင်းထဲသွင်းထားသော ရေပြင်နှင့် စပါးပင်ထိစပ်သောတေနရာ အထက်နားတွင်ရှိသော ရွက်ဖုံးပေါ်တွင် စိမ်းညိုရောင်ရှိသောအကွက် စတင်ဖြစ်လာသည်။ ရွက်ဖုံးခြောက်ရောဂါ၊ စပါးရွက်နှင့် စပါးစေ့များပေါ်တွင် အညိုရောင်၊ မီးခိုးရောင်၊ ခရမ်းရောင် အပြောက်အကွက်များဖြစ်သော စပါးရွက်ညိုပြောက်ရောဂါ၊ စပါးရွက်ပြားပေါ်တွင် ရွက်ကြောနှင့်အပြိုင် သေးသေးရှည်ရှည် အညိုရောင်အပြောက်ဖြစ်သော ရွက်ညိုပြောက်ရှည်ရောဂါ စပါးရွက်နှင့် ရွက်ဖုံးထိစပ်သည့် နေရာရှိ ရွက်လျှာတွင် ညိုမည်းသောအကွက်မှနေ၍ စပါးရွက်ပြားများ မစိမ်းဘဲ အဝါရောင်သန်း၍ဖြစ်သော ဘက်တီးရီးယားပင်ခြေပုပ်ရောဂါ၊ စပါးရွက်ဖုံးနှင့် ရွက်ပြားထိသော နေရာတစ်ဝိုက်တွင် အဖြူစက်များမှစပြီး အညိုရောင်၊ ညိုမဲရောင်ဖြစ်လာပြီး စပါးရွက်များ တွန့်လိမ်ကောက်ကွေးသွားသည့် စပါးလောင်မီးရောဂါ (တချို့ကစပါးယူဖရာရောဂါခေါ်ကြသည်) နှင့် စပါးအလံရွက်များ တွန့်ရှုံ့တွန့်လိမ်ကောက်သော စပါးရွက်ဖျားဖြူရောဂါ နွေစပါးနှင့်မိုးစပါးတွင် တွေ့ရသော စပါးရွက်စင်းရောဂါ စသည်ဖြင့် စပါးရွက်တွင် အပင်ရောဂါများ တွေ့ရသည်။ ဤထဲတွင် အဖြစ်များ အတွေ့များသည့် ရောဂါမှာ စပါးရွက်ခြောက်ရောဂါဖြစ်သည်။ 

 🔸အပင်ရောဂါများမှာ မှို၊ ဘက်တီးရီးယား၊ နီမတုတ်၊ ဗိုင်းရပ်(စ်) တို့မှာ ရောဂါဖြစ်ကြောင်း အရင်းအမြစ် များ ဖြစ်ကြသည်။ရွက်ခြောက်ရောဂါသည် ဘက်တီးရီးယားသက်ရှိကြောင့် ဖြစ်သဖြင့် ဘက်တီးရီးယား ရွက်ခြောက်ရောဂါဟု ရောဂါအမည်ကို အပြည့်အစုံဖော်ပြရာတွင် ရှေ့မှ ရောဂါဖြစ်စေသည့် သက်ရှိကို တွဲလျက်ဖော်ပြကြသည်။

 🔸စပါးပင် သက်တမ်းတစ်လျှောက် ရောဂါကျနိုင်သည်။ ရောဂါဖြစ်လျှင် အပင်ငယ်စဉ် အပင်ညိုးလာသည် ကို တွေ့ရသည်။အပင်ပွားစီးချိန်နောက်ပိုင်းတွင် အရွက်ခြောက်လာသည်ကို တွေ့နေရမည်။ အပင်ကြီး လာလျှင် တစ်ပင်လုံး ဝါဖျော့သွားတော့သည်။ ဤသို့ဖြစ်လာသည်မှာ စပါးပင်အောက်ခြေရှိ အစာကြော၊ ရေကြောများကိုဘက်တီးရီးယားတို့က ပိတ်ဆို့လိုက်ပြီး အဆိပ်ထုတ်လာသဖြင့် ဤသို့ဖြစ်လာနိုင်သည် ဟု ယူဆကြသည်။

 🔸၁၉၉၆ ခုနှစ်တွင်ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်များစွာတွင် မိုးစပါးစိုက်ခင်း များ၌ မနောသုခစပါးမျိုးတွင် ရွက်ခြောက်ရောဂါကျခဲ့ဘူးသည်။ ထိုစဉ်က စပါးရွက်များ၏ နုတ်ခမ်းနား တစ်လျှောက်စိမ်းရာမှဝါ၊ ဝါရာမှဖြူသော လက္ခဏာရှိသည့် ရွက်ဖြူခြောက်များ ဖြစ်လာကြသည်။ ရောဂါကျချိန်မှာ စပါးအနှံစုံပြီး နောက်ပိုင်းကာလဖြစ်လျှင် စပါးထွက်မှု ထိခိုက်မှုနည်းသော်လည်း စပါးပင်ပွားချိန်၊ ဖုံးချိန်လုံးချိန်ရောဂါကျလျှင် ထိခိုက်ပျက်စီးမှုများတတ်သည်။

 🔸ရောဂါပျံ့နှံ့ကူးစက်မှုသည် မိုးရွာ၊ လေတိုက်လျှင် ပိုများသည်။ မိုးတွင်းကာလရာသီကလည်း မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများသည် မိုးရွာမှုများသည်။ လေပြင်းတိုက်ခံရမှုလည်း များပြားသည်။ စပါးပင် အတွက် ဓာတ်မြေဩဇာထည့်မှု အချိုးအစားမညီမှု စိုက်ပျိုးသောစပါးမျိုး ခံနိုင်မှုမရှိမှုတို့ကြောင့် ဖြစ်ရ သဖြင့် စပါးရွက်ခြောက်ရောဂါ ခံနိုင်သော စပါးမျိုးများကို ထုတ်လုပ်ပေးနိုင်မှုဖြင့် ဤရောဂါကို လျော့နည်းစေအောင် ပြုလုပ်နိုင်ခဲ့သည်။

 🔸ထိုစဉ်က ရောဂါဖြစ်မှုများပြားစွာ ဖြစ်လာခြင်းမှာ ရောဂါခံနိုင်ရည်မရှိသော စပါးမျိုးကို တစ်ကွင်းတစ်စပ် စိုက်ကြခြင်း၊ ကောက်ကွက်စိပ်စိပ်စိုက်ခြင်း၊ နိုက်ထရိုဂျင်ဓာတ်ပါသော ဓာတ်မြေဩဇာများများ သုံးခြင်း၊ ပိုတက်စီယမ်ဓာတ်မြေဩဇာအချိုးကိုက် မထည့်ခြင်းတို့ကြောင့်ဟု သုံးသပ်ခဲ့ကြပြီး စပါးမျိုးပြောင်းလဲ စိုက်ပျိုးမှု၊ရိတ်သိမ်းပြီးစပါးခင်းများတွင် စပါးရိုးပြတ်များ၊ ကောက်လေများ၊ ပေါင်းမြက်များ ၊ အဆိုပါဒေသတွင် ပေါက်ရောက်တတ်သော စပါးအရိုင်းပင်များ ဖယ်ရှားခြင်း၊မီးရှို့ခြင်း၊ ထယ်ထိုးမြေမြုပ် မြန်မြန်ဆွေးမြေ့အောင်ပြုလုပ်ခြင်း၊ ပျိုးပင်သန်အောင် ပြုလုပ်ခြင်း၊ ပျိုးနုတ်ရာတွင် ပျိုးပင်ဒဏ်ရာ ထိခိုက်မှုနည်းအောင် ပြုလုပ်ခြင်း၊ ကောက်ကွက်မှန်အောင်စိုက်ခြင်း၊ ရေသွင်းရေထုတ်မှန်မှန်လုပ်ခြင်း တို့ကို မိုးစပါးတွင် ဂရုပြုဆောင်ရွက်ကြရာ ရောဂါလျော့နည်းသက်သာ ပျောက်ကင်းအောင် ကာကွယ် တားဆီးနှိမ်နင်းမှုများ ပြုလုပ်နိုင်ခဲ့ကြပါသည်။ ခံနိုင်သောစပါးမျိုးများ စိုက်ပျိုးခြင်းဖြင့် ရောဂါသိသိ သာသာ သက်သာလာပါသည်။

 🔸ထို့ပြင် မြေထဲရှိ အပင်အာဟာရဓာတ်အချိုးညီစေရန် ပိုတက်စီယမ်ဓာတ်မြေဩဇာကို တစ်ဧကလျှင် အိတ်တစ်ဝက်နှုန်း ထယ်ရေးပြုပြင်ချိန်ထည့်ခြင်း၊ အနည်းလိုအာဟာရဓာတ်များလည်း စပါးပင်မှ ရရှိစေရန်နှင့် စပါးပင်က ရောဂါခံနိုင်ရည်ကောင်းစေရန် အကျိုးပြုအဏုဇီဝမြေဩဇာ (အီးအမ်ဖျော်ရည်) ဖျန်းခြင်း၊ သစ်ရွက်ဆွေးသဘာဝမြေဩဇာထည့်ပေးခြင်းတို့ကို ပြုလုပ်ပေးလိုက်သောအခါ ရောဂါကျ ရောက်မှုလျော့နည်းသက်သာလာသည်ကို တွေ့လာရသည်။ အထူးသဖြင့် ခံနိုင်သောစပါးမျိုး သိသိ သာသာ လျော့နည်းလာကြောင်းတစ်ချိန်က တွေ့ရှိခဲ့ရသည်ကို မှတ်တမ်းပြုဖော်ပြလိုက်ရပါသည်။ 

ကိုရဲ(စိုက်ပျိုးရေး)
The Farmer Media

🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸