menu

“ကောက်ရိုးမှို စိုက်ပျိုးနည်း”


🍄🍄🍄🍄🍄🍄🍄🍄🍄🍄

▶️ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့နှစ်သက်စွာ စားသုံးသောသီးနှံဖြစ်ပြီးကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့်မစိမ်းပါ။ သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံ ၊ နှမ်းပြောင်းရိုးပုံ၊ ချည်လေချည်လွင့်ပုံ၊ ဂုန်လျှော်အဆွေးပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကို တွေ့ရတတ်ပေသည်။ ယင်းအပေါ် အခြေံခံ၍ ကျေးလက်တောရွာများတွင် ကောက်ရိုးပုံများကို သီးသန့်ပုံ၍ရေလောင်းပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးခြင်း ပေါ်ပေါက်လာသည်။ 

▶️ကောက်ရိုးမှိုသည် စိုက်ပျိုးရလွယ်ပြီး ဈေးကွက်လည်းရှိသဖြင့် ကောက်ရိုးမှို စိုက်နည်းကို တင်ပြလိုက်ပါသည်။

▶️ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အရည်အသွေးပြည့်ဝသောမှိုမျိုးထုပ်များရွေးချယ်ဝယ်ယူစိုက်ပျိုးမှသာလျှင် အထွက် နှုန်းကောင်းပြီးအောင်မြင်မှုရရှိနိုင်ပေမည်။ အရည်အသွေးပြည့်ဝသော မှိုမျိုးထုပ်၏ လက္ခဏာများမှာ …..

▪️မျိုးထုပ်အတွင်းရှိနှပ်စာ (မှိုမျှင်များ ရှင်သန်ပွားများနိုင်ရန် ပြုပြင်ထားသောကောက်ရိုးလုံး) ၏ ပတ်ပတ်လည်တွင် ယှက်ဖြာနေသောမှိုမျှင်များကို အလွယ်တကူတွေ့မြင်နိုင်သည်။

▪️မှိုမျိုးထုပ်များကို ဖြည်သောအခါ မှိုနံသင်းနေရမည်။ အချဉ်နံ့ ထွက်နေသော မှိုမျိုးထုပ်များကို အသုံးမပြုသင့်ပေ။ 

▪️မှိုမျှင်များသည် အဖြူရောင်မှ အဝါရောင်(သို့) အစိမ်းရောင်သို့ ကူးပြောင်းနေလျှင် ရောဂါဝင်နေသော မျိုးထုပ်ဖြစ်၍ မသုံးသင့်ပေ။

▪️ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့်သန့်ရှင်းခြောက်သွေ့သော ကောက်ရိုးထုံး(သို့) ရိုးပြတ်များကို စုဆောင်းပြီး ရေစိမ်ရမည်။

▪️ရေစိမ်ရန်ကာလမှာ .....

ကောက်ရိုး - ၆ နာရီ(နွေ)၊ ၁နာရီ(မိုး)၊ ၃နာရီ(ဆောင်း)

ရိုးပြတ်၊နှုတ်ပင် - ၃နာရီ(နွေ)၊ ၃၀မိနစ်(မိုး)၊ ၁နာရီ(ဆောင်း)

ရေစိမ်ပြီး ကုန်ကြမ်းများကို မှိုပုံမပြုလုပ်မီ ရေစစ်ပြီးအသင့်အနေအထားဖြစ်အောင် ပြုလုပ်ထားရမည်။

ဖြည့်စွက်စာပြုလုပ်ခြင်း
--------------------
မှိုပုံအတွက် အဟာရဓါတ် ထောက်ပံ့ရန်နှင့် အပူနှင့်အစိုဓါတ်ကိုထိန်းထားနိုင်ရန် နုတ်နုတ်စင်း အခြောက်ခံထားသည့် ဗေဒါ၊နေကြာ၊ လဲမှို့အူတိုင် (သို့မဟုတ်) အလေအလွင့်၊ ပဲပင်အမျိုးမျိုး၊ ငှက်ပျောရွက်၊ ငှက်ပျောအူ စသည့် တို့မှတစ်မျိုးမျိုး(၂)ပြည်ခန့်နှင့် တိရိစ္ဆာန်ချေး (ဝက်၊ကြက်၊နွား၊မြင်း၊ ကျွဲ) အခြောက်မှုန့်(၁)ပြည်၊ဖွဲ့နုနို့ဆီဘူး(၃)လုံးကို သမအောင်ရောစပ်ကာ ဖြည့်စွတ်စာအဖြစ် ပြင်ဆင် ထားရမည်။

ကောက်ရိုးမှိုစိုက်ပျိုးရန် မြေနေရာရွေးချယ်ခြင်း
-----------------------------------------
မှိုစိုက်ပျိုးရန်အတွက်ညီညာ၍ ရေမဝပ်သောနေရာကိုရွေးချယ်ရမည်။ စိမ့်ပေါက်မြေ၊ဆား၊ဆပ်ပြာ၊ လောင်စာဆီ၊ပိုးသတ်ဆေးများ သိုလှောင်သောနေရာဟောင်းမဖြစ်စေရ။ အရိပ်ရှိပြီး လေဝင်လေထွက် ကောင်းသောနေရာမျိုးတွင် ပိုမိုသင့်လျော်သည်။ ဟင်းလင်းပြင်တွင်ဖြစ်ပါက နွေရာသီတွင် အရိပ်ပြုလုပ် ပေးသင့်သည်။

ကောက်ရိုးမှိုစိုက်ပျိုးခြင်း
---------------------
အဆင့်(၁) 

 ဇလားပုံ ပုံစံခွက်တွင် ကောက်ရိုး(သို့)ရိုးပြတ်များကို အောက်ခြေအနံ(၁) ပေခွဲ၊ အပေါ်ဖက်အနံ(၁)ပေ၊ အမြင့် (၁)ပေခွဲနှင့် အလျား (၄) ပေထုရှိသော ဇလားပုံပုံစံခွက်ထဲသို့ဖြန့်ခင်းရမည်။ ကောက်ရိုးများပေါ်တွင် ရေဖျန်းပြီး အထူ(၃)လက်မခန့် အထိရှိအောင် တက်နင်းပေးရမည်။

အဆင့်(၂)

 မှိုမျိုးထုပ်ကိုဖြည်၍နှပ်စာများကို ခွက်တစ်ခုထဲတွင် ထည့်ကာအလုံးအခဲ မကျန်အောင် ချေမွထားရမည်။

အဆင့်(၃) 

 ဖိသိပ်ပြီး ကောက်ရိုး၏အပေါ်ယံဘေးပတ်လည်တွင် ဖြည့်စွတ်စာများကို အကျယ်(၃)လက်မခန့်နှင့် အထူလက်မဝက်ခန့်ရှိအောင်ဖြန့်ကျဲရမည်။ ထိုဖြည့်စွက်စာများပေါ်တွင် အသင့်ချေမွပြီးနှပ်စာများကို ဖြည့်စွက်စာများပေါ်တွင် အသင့်ချေမွပြီး နှပ်စာများကို ဖြည့်စွက်စာအလယ်ကြောင်းအတိုင်း ပါးပါးညီညီ ဖြူးပေးရမည်။

အဆင့်(၄) 

 အထက်ပါအတိုင်း ၅လွှာ၊ ၆လွှာ ပြုလုပ်ပြီး အပေါ်ဆုံးအလွှာပေါ်တွင် ဖြည့်စွတ်စာနှင့် မှိုနှပ်စာများကို မျက်နှာပြင်အနှံ ညီညီညာညာဖြူးပေးရမည်။ အပေါ်ဆုံးမှ ရေစိုကောက်ရိုးခပ်ပါးပါးအုပ်ပြီး ဇလားခွက်ကို မ၍ချွတ်ယူရမည်။ စိုက်ပုံတစ်ပုံတည်းနှင့် လိုအပ်သောအပူချိန် မရရှိနိုင်သောကြောင့် နွေရာသီတွင် အောက်ခြေ (၁၀)လက်မစီကွာဝေးသော စိုက်ပုံ(၅)ပုံ၊ မိုးရာသီတွင် အောက်ခြေ(၈)လက်မစီကွာဝေးသော စိုက်ပုံ(၇)ပုံ၊ ဆောင်းရာသီတွင် အောက်ခြေ(၆)လက်မဆီ ကွာဝေးသော စိုက်ပုံ(၇)ပုံ ၊ဆောင်းရာသီတွင် အောက်ခြေ(၆) လက်မဆီကွာဝေးသော စိုက်ပုံ (၁၀)ပုံတို့ကို ဘေးချင်းယှဉ် အနေအထားဖြင့် နေရာချရမည်။ စိုက်ပုံများ အပူဓါတ်ကောင်းစွာရရှိစေနိုင်ရန် စိုက်ပုံများအပေါ်မှ ပလတ်စတစ် အကြည်စဖြင့် အိမ်အမိုး (သို့)ပေါင်းမိုးခုံးသဏ္ဍာန်ဖြင့် လုံခြုံစွာအုပ်ထားရမည်။ အရိပ်အောက်မဟုတ်ပါက နေရောင်တိုက်ရိုက် ကျခြင်းမှ ကာကွယ်ရန် ပလက်စတစ်ပေါ်မှ ထန်းရွက်ခြောက်၊ အုန်းလက်ခြောက် စသည့်သင့်တော်ရာ ပစ္စည်းတစ်မျိုးမျိုးနှင့် အုပ်မိုးပေးသင့်သည်။

အမြင့်ပုံတန်းရှည်စိုက်ပျိုးခြင်း
--------------------------

အဆင့်(၁)

 အမှိုက်သရိုက်ရှင်းလင်းထားသောနေရာတွင် အလျား(၁၀)ပေနှင့်အနံ(၂)ပေ ကျယ်သောနေရာတစ်ခု ပြုလုပ်ပါ။ အကွက်၏ထောင့်များတွင် ငုတ်လေးချောင်းကို မြေပြင်ပေါ်တွင် (၃)ပေအရှည်ထား၍ ခိုင်မြဲအောင် နက်နက်ရိုက်သွင်းပါ။

အဆင့်(၂)

 ရေစိမ်ပြီးကောက်ရိုးထုံးများအား အရင်းပိုင်းကိုအပြင်ဘက်တွင်ထား၍ အဖျားပိုင်းကို အတွင်းဘက်တွင် ယှဉ်ထပ်ကာ အတန်းလိုက် နေရာလပ်မရှိအောင် စီချပါ။ ပိပြားစေရန် ရေအနည်းငယ်ဖျန်း၍ တက်နင်းပေးပါ။

အဆင့်(၃)

 ဖြည့်စွတ်စာများကို ခင်းထားသောကောက်ရိုးပြန့်၏ အပေါ်ယံဘေးအနားတစ်လျှောက်တွင် အကျယ် (၄)လက်မနှင့် လက်မဝက်ခန့်အထူရှိအောင်ဖြန့်ပါ။

အဆင့်(၄)

 ဖြည့်စွတ်စာများအပေါ်မှ အသင့်ချေမွထားသော မှိုမျိုးကို အတွင်းဘက်ရောက်လွန်းခြင်း၊ အပြင်ဘက် ရောက်လွန်းခြင်းမရှိအောင် သတိပြု၍ ဖြူးထည့်ပါ။

အဆင့်(၅)

 အထက်ပါအတိုင်း ကောက်ရိုးထုံးစီခြင်း၊ ရေဖြန်းနင်းခြင်း၊ ဖြည့်စွက်စာနှင့် မှိုမျိုးထည့်ခြင်းတို့ကို ဆောင်းနှင့်မိုးရာသီတွင် (၅)လွှာမှ (၇)လွှာအထိ၊ နွေရာသီတွင် (၃)လွှာမှ (၅)လွှာအထိပြုလုပ်ပါ။

အဆင့်(၆)

 အပေါ်ဆုံးအလွှာအပေါ်တွင်ဖြည့်စွက်စာနှင့်မှိုမျိုးကိုတစ်ပြင်လုံးဖြူးထည့်၍ အပေါ်မှကောက်ရိုး အကြေခပ်ပါးပါးအုပ်ပါ။

အဆင့်(၇) 

 ပလတ်စတစ်စကို ခေါင်မိုးပုံချိုး၍ လေလုံအောင်ဖုံးအုပ်ပါ။နေရောင်တိုက်ရိုက်မကျစေရန်ပလတ်စတစ် ပေါ်မှ သင့်တော်ရာပစ္စည်းတစ်ခုခုနှင့် ဖုံးအုပ်ပါ။

ဂျပ်ထူစက္ကူဖြင့်ကောက်ရိုးမှိုစိုက်ပျိုးခြင်း
----------------------------------

အဆင့်(၁) 

 အလျား ၉ ပေ၊ အနံ ၃ ပေ၊ အနက် ၃ လက်မရှိ မြေကျင်းတူးပါ။ ရရှိသော မြေကိုဘေးတွင် ဘောင်ပြုလုပ်ပါ။

အဆင့်(၂)

 နွားချေးများကို နွေရာသီတွင် ၃တင်း(ဆောင်းရာသီတွင် ၅ တင်း)ကို မြေကျင်းထဲတွင် ညီညာစွာဖြန့်ပါ။ ဖျန်းပုံးဖြင့် ရေဝအောင်လောင်းပါ။

အဆင့်(၃) 

 ဂျပ်ထူးစက္ကူကို ၁၅ မိနစ်ခန့် ရေစိမ်၍ လက်ဝါးအရွယ်ထက်သေးငယ်သော အပိုင်းအစလေးများ ဖြစ်အောင်ဆုတ်ဖြဲပါ။ ထို့နောက် အောက်ခံနွားချေးပေါ်တွင် ပတ်ပတ်လည် (၁)မိုက်ခန့်စီချန်၍ ဂျပ်ထူစက္ကူအပိုင်းအစများကို ညီညာစွာဖြန့်ပါ။

အဆင့်(၄) 

 ချေမွထားသော မှိုများကို ဖွဲနုနှင့်ရော၍ ဂျပ်စက္ကူပေါ်တွင် ညီညာစွာဖြူးပါ။ ဂျပ်စက္ကူအုပ်မထားသော ဘေးပတ်လည် နွားချေးပေါ်တွင်လည်းဖြူးပါ။

အဆင့်(၅)

 ထို့နောက် နွားချေးမှုန့်(၂)တင်း( ဆောင်းတွင်း(၃)တွင်း) ကိုဂျပ်စက္ကူများ မှိုမျိုးများဖုံးမိအောင် ညီညာစွာဖြူးပါ။

အဆင့်(၆)

 ရေတစ်ပုံးလျှင် ယူရီးယားမြေသြဇာစတီးဇွန်း(၂)ဇွန်း ထည့်၍ ရေဖျန်းပုံးဖြင့် ၃ ပုံးလောင်းပါ။

အဆင့်(၇) 

 မှိုပုံပေါ်တွင် ဝါးဘောင်ပြုလုပ်ပါ။ မှိုပုံ၏ထိပ်နှစ်ဘက်တွင် ခေါင်တိုင်နှစ်တိုင်စိုက်ပါ။ ခေါင်တိုင်၏ အမြင့်မှာ မိုး၊နွေရာသီတွင် ၁ပေမှ ၁ပေခွဲ၊ ဆောင်းရာသီတွင် (၁) ပေအောက်ချိန်ညှိ၍ပြုလုပ်ပါ။ ခေါင်းတန်းတန်းပါ။ အမိုးကိုင်း၄ခုစိုက်ပါ။ ခေါင်တန်း၏ တစ်ဘက်စီတွင် ဘေးတန်းနှစ်တန်းစီထည့်ပါ။

အဆင့်(၈)

 ဝါးဘောင်ပေါ်မှ ပလတ်စတစ်အကြည်ဖြင့်အုပ်ပါ။ ဘေးနားများကိုခဲဖြင့်ဖိထားပါ။ 

အဆင့်(၉) 

 နေရောင်တိုက်ရိုက်မကျစေရန် ပလတ်စတစ်ပေါ်မှ ဂျပ်ထူ၊ အုန်းလက်စသည့် သင့်တော်ရာပစ္စည်း တစ်ခုခုဖြင့်အုပ်ပေးပါ။

အဆင့်(၁၀)

 စိုက်ပြီး (၄-၅)ရက် သားတွင် အမှတ်စဉ်(၆) မှရေလောင်းနည်းအတိုင်း ရေလောင်းပါ။

အဆင့်(၁၁)

 (၇-၁၀) ရက်သားအရွယ်တွင် ဆန်ကွဲစေ့သဏ္ဍာန် မှိုသန္ဓေခဲလေးများကိုစမြင်ရပြီးနောက် နေ့စဉ်နေအေးသောအချိန်တွင် ပလပ်စတစ်ကို (၁၅)မိနစ်ခန့်လှပ်ပေးပါ။

အဆင့်(၁၂) 

 မှိုသန္ဓေစမြင်ရပြီး (၄-၅) ရက်အတွင်းခူးဆွတ်နိုင်သောမှိုငုံကြီးများ အဆင့်သို့ရောက်ရှိမည်။ (၃)ရက် ခန့်ဆက်တိုက်နှုတ်ယူပြီး (၃-၅) ပိဿာအထိ ထွက်နိုင်ပါသည်။

အဆင့်(၁၃) 

 ပထမအကြိမ်မှိုခူးပြီး အားကောင်းသည့် မှိုငုံမရှိတော့ပါက ကျန်မှိုငုံအားလုံးကိုပါနှုတ်ယူပြီး ရေလောင်း လျှင် ဒုတိယအကြိမ် (၁-၂) ပိဿာအထိ မှိုထွက်နိုင်ပါသည်။

Sources : ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း