menu

ကြက်သွန်တောက်တဲ့မြီးရောဂါ အချိန်မီကာကွယ်ပါ


♦️ကြက်သွန်တောက်တဲ့မြီးရောဂါ အချိန်မီကာကွယ်ပါ♦️
🎋🎋🎋🎋🎋🎋🎋🎋🎋🎋  

▪️ဒီတစ်ပတ် တောင်သူလယ်သမားကြီးများကို ဆွေးနွေးအကြံပြုလိုတဲ့ အချက်ကလေးကတော့ ကြက်သွန်မှာကျရောက်တဲ့ ကြက်သွန်တောက်တဲ့မြီး ရောဂါအကြောင်းကလေးပါ။အကြောင်းကတော့ ပြီးခဲ့တဲ့တစ်ပတ် က မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ထဲက ကြက်သွန်စိုက်ပျိုးတဲ့ လယ်သမားကြီးက စာရေးသူဆီကို ဖုန်းနဲ့ဆက်ပြီး အကြံဉာဏ်တောင်းခံလာပါတယ်။သူဖုန်းနဲ့ဆက်ပြီး အကြံဉာဏ်တောင်းခံလာတာကတော့ သူဟာ ကြက်သွန်နီ ငါးဧကစိုက်ပျိုးပါတယ်။ သူရဲ့ကြက်သွန်ခင်းတွေ ကြီးလာမှ အရွက်တွေ အညိုပြောက်တွေ စဖြစ်လာတယ်။ အမြိတ်တွေလည်း ကျိုးကျတယ်။ ဥတွေမှာလည်း အညိုရောင်အနာကွက်လေးတွေဖြစ်ပြီး ပုပ်ကုန်တယ်လို့ ဆိုပါတယ်။  

▪️အနီးအနား တခြားရွာသားတွေရဲ့ အခင်းမှာလည်း ဖြစ်ကြတယ်။ ဒီလိုဖြစ်တာ ကြက်သွန်ခင်းဟာ မှိုရောဂါတစ်မျိုးဖြစ်တာဗျ။ ကြက်သွန် မြိတ်မှာ အညိုရောင်အပြောက်အကွက်ကလေးတွေဟာ တောက်တဲ့အမြီးနဲ့တူလို့ “တောက်တဲ့မြီးရောဂါ“ လို့ ခေါ်တယ်ဗျာ။ဒီရောဂါဟာကြက်သွန်နီ၊ ကြက်သွန်ဖြူနှစ်မျိုးစလုံးမှာ ဖြစ်နိုင်တယ်။ ပူနွေးစွတ်စိုပြီး အပူချိန် ၁၈ ဒီဂရီမှ ၃၀ ဒီဂရီစစ်တီဂရိတ်မှာ ပိုပြီးဖြစ်တယ်။ ရောဂါကိုဖြစ်စေတဲ့ မှို မျိုးစေ့တွေဟာ ကြက်သွန်ပင်အစိတ်အပိုင်းမျိုးစေ့တွေပေါ်မှာ ခိုအောင်းနေတတ်တယ်။သွင်းရေ၊ အင်းဆက်ပိုး၊ လေ စသည်တို့နဲ့ကြက်သွန်တစ်ခင်းမှ တစ်ခင်း ကူးစက်ပျံ့နှံ့နိုင်တယ်။  

▪️ဒါကြောင့် ရောဂါကူးစက်ဖို့မြန်တယ်။ ကိုယ့်ပတ်ဝန်းကျင် တခြားသူများရဲ့ကြက်သွန်ခင်းမှာ ဒီရောဂါဖြစ်ရင်လည်း ကိုယ့်အခင်းကို ကူးလာနိုင်တယ်။ ကိုယ်အခင်းကဖြစ်နေရင်လည်း သူများအခင်းကိုကူးစက်နိုင်တယ်။ ဒါကြောင့် ကြက်သွန်စိုက်ပျိုးသူ လယ်သမားကြီးများအားလုံး က ကိုယ့်ကြက်သွန်ခင်းကို အမြဲကြည့်ရှုပြီးဂရုတစိုက်ကြည့်နေဖို့ လိုတယ်။

ကြက်သွန်တောက်တဲ့မြီးရောဂါရဲ့ မှိုဟာ ကြက်သွန်မြိတ်ပေါ်မှာရှိတဲ့ လေရှူပေါက်၊ ဒဏ်ရာကစပြီး ဝင်နိုင်တယ်။ ရောဂါမှို ကြက်သွန်မြိတ်ထဲ ဝင်ရောက်ပြီဆိုရင် ကြက်သွန်မြိတ်ပေါ်မှာ အညိုဖျော့ရောင်အပြောက်ကလေးတွေ စဖြစ်တယ်။ နောက်တဖြည်းဖြည်းနဲ့ အညိုဖျော့ရောင်အပြောက်ကလေးရဲ့အလယ်မှာ ခရမ်းရောင်လေးပေါ်လာတယ်။  

▪️နောက်ပြီးရင် အပြောက်ဟာ ဘဲဥပုံခရမ်းရောင် ဗဟိုတူစက်ဝိုင်းအရစ် ကလေးဖြစ်လာတယ်။ ကြက်သွန်မြိတ်အရင်းတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ ရောဂါပြင်းထန်လာရင်တော့ ဥပေါ်မှာလည်း အညိုကွက်တွေဖြစ်ပြီး ပျော့ပုပ်သွားတယ်။

ကြက်သွန်အမြိတ်နဲ့ ဥနဲ့ စပ်တဲ့နေရာမှာလည်း အညိုရောင်မှိုမျှင်ကလေးတွေတွေ့ရတယ်။ ဖြစ်ပြီဆိုရင် ဒီရောဂါကာ ကွယ်နှိမ်နင်းရခက်တယ်။ ဂရုမစိုက်ရင် တစ်ခင်းလုံး ပြုတ်သွားနိုင်တယ်။ ဒါကြောင့်ကြိုတင်ကာကွယ်ဖို့ အရေးကြီးတယ်။  

▪️ ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ .....  
- ရောဂါကျတဲ့ ကြက်သွန်ပင်အစိတ်အပိုင်းတွေ ကုန်စင်အောင်ဖယ်ရှားပြီး မီးရှို့ပစ်ပါ။  
- မျိုးကြက်သွန်ဥကို ရောဂါကင်းပြီးခြောက်သွေ့တဲ့မျိုးကိုသုံးပါ။  
- ရေဝပ်ရင် ဒီရောဂါပိုဖြစ်တတ်တဲ့အတွက် ရေမဝပ်အောင် ကြိုတင်စီမံထားပါ။  
- သွင်းရေကတစ်ဆင့် ဒီရောဂါကူးစက်နိုင်တဲ့အတွက် ရောဂါဖြစ်နေတဲ့အခင်းကနေဖြတ်ပြီး ရေမသွင်းပါနဲ့။  
- ရောဂါဖြစ်တဲ့အခင်းကိုလည်း ရေမသွင်းဘဲ ရေလောင်းတဲ့စနစ် အသုံးပြုပါ။  
- ကြက်သွန်နဲ့ တခြားသီးနှံ သီးလှည့်စိုက်ပါ။  
- ပုလဲမြေသြဇာ (သို့) နိုက်ထရိုဂျင်ဓာတ်များတဲ့မြေသြဇာ လွန်ကဲစွာမသုံးပါနဲ့။  
- မှိုသတ်ဆေး တစ်ဧက တစ်ပတ်တစ်ကြိမ် ဖျန်းပေးပါ။  

- အောင်ဆန်း(စိုက်ပျိုးရေး)  
- မြန်မာ‌တောင်သူကြီးများဂျာနယ်