menu

ကျန်းမာရေးအတွက် ထူးခြားအသုံးဝင် “ပင်စိမ်းပင်”


🍀🍀🍀🍀🍀🍀🍀🍀🍀🍀

⏩ပင်စိမ်းပင်ကို အင်္ဂလိပ်အမည် BASIL ဟုခေါ်သည်။ ပင်စိမ်းသည်မျိုးစုများစွာရှိသည်။ မျိုးစုကွဲပြားသည်နှင့်အမျှမျိုးစိတ်နှင့်မျိုးရင်းလည်းမတူကွဲပြားခြားနားသွားသည်။ အများစု အသုံးပြုကြသည်မှာ မျိုးရင်း(Libiatae)ဝင် ပင်စိမ်းမွှေးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ ပင်စိမ်းပန်းညိုတို့ရှိကြသည်။

⏩ပင်စိမ်းပင်သည်စိုက်ပျိုးရလွယ်ကူသည်။ နေရာဒေသ၊ ရေမြေမရွေး ပေါက်ရောက် နိုင်သည်။ တစ်ကြိမ်စိုက်လျှင်ပွားသည်။ များလာသည်။ ကျန်းမာရေးအတွက်စားသုံးကြသည်။ ပင်စိမ်းပင် များမှန်သမျှအနံ့ပြင်းသည်။ အရွက်သည်ရွက်ဆိုင်ထွက်၍အပွင့်သည် စင်္ကြာပုံရှိသည်။ ပင်စိမ်းပင်ကို စိုက်ပျိုးမြေမရှိသော မြို့ပြတိုက်ခန်းနေသူများပင် ပန်းအိုး၊ သေတ္တာခွံများဖြင့်စိုက်ပျိုးနိုင်သည်။

⏩မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ပင်စိမ်းဖြူ(ဟင်းစားပင်စိမ်း)၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီးတို့ ပေါက်ရောက်ကြသည်။၎င်းတို့တွင်ပါရှိသောအာနိသင် တစ်မျိုးနှင့်တစ်မျိုးအနည်းငယ်ကွာခြားသော် လည်း ပင်စိမ်းမှန်သမျှ ကျန်းမာရေးအတွက် ဆေးဘက်ဝင်သည်ချည်းဖြစ်သည်။ ပင်စိမ်းပင်သည် အပူပိုင်းဒေသတွင် ပိုမို၍စိုက်ပျိုးဖြစ်ထွန်းသော ဆေးဘက်ဝင်ပရဆေးပင်ဖြစ်သည်။ 

⏩ပင်စိမ်းကို စနစ်တကျစိုက်ပျိုးပါက တန်းကြား(၂-၃)ပေ နှင့် ပင်ကြား တစ်ပေထား၍ စိုက်ကျင်း တစ်ကျင်းလျှင် မျိုးစေ့(၁၀)စေ့ခန့်ချ၍စိုက်ကြသည်။ ပင်စိမ်းပင်သည် ဓာတ်မြေဩဇာလည်းထူးကဲ ကျွေးရန်မလို၊ အပင်ပြုစုမှုလည်းလိုအပ်မှုနည်းပါးသည့်အပင်မျိုးဖြစ်ပါသည်။ စီးပွားဖြစ်စိုက်လျှင်မူ ပေါင်းရှင်း၊ မြေဆွ၊ မြေဩဇာကျွေးပေးနိုင်လျှင်ပိုကောင်းပါသည်။

⏩ပင်စိမ်းပင်ကို အရွက်နှင့်အစေ့သာမက တစ်ပင်လုံး မြစ်၊ခေါက်၊ပွင့်၊ သီး အသုံးဝင်ပါသည်။ လူတို့အတွက် ကျန်းမာရေးဓာတ်စာသာမက တိရစ္ဆာန်များရောဂါကုထုံးအတွက်လည်းအသုံးဝင်ပါသည်။ အများစုသည် ပင်စိမ်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာသုံးကြသည်။ ကျန်တာမသုံးကြပေ။ ပင်စိမ်းစေ့ကို မသုံးသလောက်ဖြစ်သည်။ ပင်စိမ်းစေ့သည် ဖျားနာရောဂါကို ကု၏။ ၎င်းအပြင် အပူငြိမ်းစေသည်။ ဆီးရွှင်စေ၍ ဆီးပုပ်၊ဆီးရောဂါတို့ကိုပျောက်စေသည်။ အသည်းရောင်ရောဂါနှင့်သွားကိုက်၊သွားဖုံးရောင်၊ လေရောဂါ၊ သလိပ်ကပ်ခြင်းတို့ကိုပျောက်ကင်းစေနိုင်သည်။ ထို့ပြင် မြွေ၊ကင်း စသည့်အဆိပ်ရှိသတ္တဝါ ကိုက်လျှင်ပင်စိမ်းစေ့ကို စားခြင်း၊ အမှုန့်လိမ်းခြင်းပြုလုပ်ပေးရသည်။

⏩ပင်စိမ်းစားခြင်းဖြင့်ချွေးကိုထွက်စေသည်။ အရွက်ကိုအမှုန့်ပြုလုပ်၍ရှူသော်နှာခေါင်းရောဂါပျောက် သည်။ ပင်စိမ်းရွက်အရည်ညှစ်လောင်းပေးလျှင် ပွေး၊ ဝဲ၊ ယားနာပျောက်သည်။ ပင်စိမ်းသည်စားသုံးမှု၊ ဆေးဝါးကုသမှုတွင်သုံးသည်သာမက ဆေးဝါးဖော်စပ်မှုမှ တစ်ဆင့်တက်၍ ရေမွှေးထုတ်လုပ်ရာတွင် လည်းသုံးနိုင်ပါသည်။ ပင်စိမ်းစေ့မှဆေးဘက်ဝင်ပင်စိမ်းဆီ ထုတ်ယူနိုင်သည်။ ပင်စိမ်းရွက်ကို လက်ဖက်ခြောက်ပြုလုပ်သောက်ခြင်းဖြင့် ရောဂါကာကွယ်မှု၊ စိတ်ကြည်ရွှင်လန်းဆန်းမှုကို ရစေနိုင် သည်ဟုဆိုကြသည်။

⏩ပင်စိမ်းရွက်အခြောက်ကို လေးညှင်းပွင့်အစားထိုးသုံးကြသည်။ မဆလာပြုလုပ်၍လည်းစားသုံးနိုင်ပါ သည်။ပင်စိမ်းနံ့သည်ပိုးမွှားများမလာ၍ ပိုးမွှားကာကွယ်ရေးအတွက်လည်းအသုံးပြုနိုင်ပါသည်။ ပင်စိမ်းပင်ကို ငှက်ဖျားရောဂါ၊ တုတ်ကွေးရောဂါ၊ နာတာရှည်ရောဂါများအတွက်သုံးကြရပါသည်။ မြွေ၊ ကင်း များသည်ပင်စိမ်းတောတွင်နေထိုင်မှုနည်းပြီး အညာဒေသတွင် မြွေကိုက်လျှင်ပန်းသုံးဆင့်အပင်၊ အပွင့်များစားသုံးကြပြီးသက်သာပျောက်ကင်းစေသည်ဟု ကိုယ်တွေ့ကြုံသူကပြောပြခဲ့သည်။ 

⏩မြန်မာနိုင်ငံ အညာဒေသရှိယာစိုက်ခင်းများတွင် တောပင်စိမ်းဟုခေါ်သောပင်စိမ်းအရိုင်းများအလေ့ကျ ပေါက်ကြသည်။ ၎င်းတို့သည်ပင်စိမ်းအယဉ်ပင်ထက်အနံ့ပိုပြင်းပြီး ပရဆေးဖော်စပ်ရာတွင် အသုံးများ ကြသည်။ ထို့အပြင် တောင်သူဦးကြီးတို့အတွက် ကျွဲ၊နွားများရောဂါဖြစ်လျှင် ပင်စိမ်းရွက်လက်တစ်ဆုပ် နှင့် ငရုတ်ကောင်းစေ့ အစေ့(၂၀)ကို ရေ(၅၀)ကျပ်သားနှင့် ရော၍ကြိုပြီးတိုက်ကျွေးခြင်းဖြင့်ပျောက်ကင်းစေ နိုင်ပါသည်။ ကြက်၊ဘဲ ဝမ်းရောဂါအတွက် ပင်စိမ်းရွက်ပြုတ်ရေနှင့်ဆေးကြောပေးခြင်း၊ ပင်စိမ်းစေ့အမှုန့် လိမ်းပေးခြင်းများဖြင့်ကုသပေးနိုင်ပါသည်။

⏩ဤမျှအသုံးဝင်သော “ပင်စိမ်းပင်” ကို တစ်ပင်၊နှစ်ပင် တစ်ပိုင်တစ်နိုင်မှ စိုက်ခင်းကြီးများအထိစိုက်ပျိုး၍ နည်းလမ်းမျိုးစုံပြုလုပ်ပြီးကျန်းမာရေးဆိုင်ရာအတွက် အသုံးပြုနိုင်ကြပါသည်။ တစ်ကြိမ်စိုက်လျှင် ရေရှည်ပွားသည့် “ပင်စိမ်းပင်”ကို စိုက်ပါ၊ စားပါ၊ ဆေးဝါးသုံးကြပါ ဟုတိုက်တွန်းလိုက်ရပါသည်။ 

🍀စစ်မှန် ပြည့်ဝ ဝိစာရ🍀

ကိုးကား : ဆွေရည်(ဟင်းသီးဟင်းရွက်ဆောင်းပါးများ)