menu

“သရက်ပွင့်သီးမှုအတွက် ရိုးရှင်းတဲ့ဆောင်ရွက်နည်းများ”


🥭🥭🥭🥭🥭🥭🥭🥭🥭🥭

🔼သရက်ပင်မှ အသီးသီးလာရန်အတွက် ပန်းပွင့်မှုဟာ အရေးကြီးတဲ့ ဇီဝကမ္မဖြစ်စဉ် ဖြစ်ပါတယ်။ သရက်ပန်းပွင့်လာစေရန်အတွက်ပန်းခိုင်၊ ပန်းပွင့်စတင်ဖြစ်လာမှုဟာ ပထမဆုံးဖြစ်စဉ် ဖြစ်ပါတယ်။ သရက်ပင်ရဲ့ ကြီးထွားမှုဖြစ်စဉ်ကိုကြည့်သော် အညွန့်စတင်ဖြစ်ပေါ်လာပြီးနောက် ထိပ်ဖူးမှ ပန်းခိုင်ဖူးခွဲခြားဖြစ်ပေါ်လာကာ ပန်းခိုင်ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်။ သရက်တွင် ပန်းခိုင်ထွက်ကာ ပန်းပွင့်မှု မတူကွဲပြားခြားနားနေမှုဟာ စိုက်ပျိုးထားတဲ့ သရက်သီးမျိုး၊ သရက်ပင်ရဲ့ သက်တမ်း၊ ပတ်ဝန်းကျင်အခြေအနေများ၊ စိုက်ပျိုးထားရာဒေသများဖြစ်တဲ့ ခြောက်သွေ့တဲ့ သို့မဟုတ် စိုစွတ်တဲ့ အပူပိုင်းဒေသရဲ့အပင်ကြီးထွားဖြစ်ထွန်းနေမှု အခြေအနေများပေါ် မူတည်ကွဲပြားခြားနားတာကို တွေ့ရပါတယ်။

🔼သရက်ဟာအမြဲစိမ်း အပူပိုင်းအပင်မျိုးဖြစ်ကာ နှစ်ခြားသီးမှုခေါ်တဲ့ အသီးသီးပြီး နောက်နှစ်တွင် အသီးမသီးတော့ဘဲ လာမည့်နှစ်ရောက်မှသာ အသီးပြန်သီးလေ့ရှိတဲ့ “အလှည့်ကျအသီးသီးတဲ့ အလေ့အထရှိတဲ့” အပင်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သရက်စိုက်ပျိုးထုတ်လုပ်နေကြတဲ့ဒေသများ အနက်၊ အပူပိုင်းဒေသများဟာ ရှမ်းပြည်နယ်ကဲ့သို့သော အပူလျော့ပိုင်းဒေသများထက် နှစ်စဉ် ပန်းပွင့်အသီးရရှိမှုတွင် မတည်ငြိမ်မှုများ၊ အခက်အခဲများ ကြုံတွေ့ရပါတယ်။

🔼ယခုအခါ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသများတွင် သရက်ပွင့်သီးမှု နည်းပါးတာကို တွေ့ရပါတယ်။ ယခင်နှစ်က အသီးများခဲ့တဲ့ နှစ်စဉ်အသီးသီးလေ့ရှိကြတဲ့သရက်မျိုးများပင်လျှင် အသီးမသီးတဲ့အပင်များ သို့မဟုတ်အသီးနည်းသွားတဲ့ အပင်များကို တွေ့ရပါတယ်။ ဥပမာ မြကျောက်သရက်မျိုးဟာ နှစ်စဉ်ပွင့်သီးလေ့ရှိတဲ့ သရက်မျိုးထဲမှာ ပါဝင်ပါတယ်။ ယခုနှစ်တွင် ပန်းပွင့်မှုမရှိတဲ့အပင်များကို တွေ့လာရသကဲ့သို့ ပန်းပွင့်မှုနည်းတဲ့ အပင်များကိုလည်း တွေ့လာရပါတယ်။ အထူးသဖြင့် စီးပွားဖြစ်စိုက်ခင်းများနဲ့ စိုက်ပျိုးထားတဲ့ အပင်များထက် အိမ်ခြံဝင်းများမှာ စိုက်ပျိုးထားကြတဲ့ အပင်များမှာတွေ့ရပါတယ်။ ယခင်နှစ်က အသီးများခဲ့တဲ့ စိန်တလုံးကဲ့သို့ နှစ်ခြားသီးလေ့ရှိတဲ့ အပင်မျိုးများမှာ ယခုနှစ်တွင် လုံးဝမသီးကြတာကို တွေ့ရပါတယ်။

🔼စီးပွားဖြစ် စိုက်ခင်းများမှာမူ ပန်းပွင့်မှုနည်းတဲ့အပင်များနဲ့အတူ ပန်းမပွင့်တဲ့အပင်များ ရောနှောရှိနေတာကိုတွေ့ရပါတယ်။ အပူပိုင်းဒေသ၊ အိမ်ခြံဝင်းအတွင်းအပင် အနည်းငယ်ကိုသာ စိုက်ပျိုးကြရာတွင် သဘာဝအတိုင်းသာ စိုက်ပျိုးထားကြတာ များပါတယ်။ ရေလောင်းမှု၊ မြေသြဇာကျွေးမှု၊ ပိုးသတ်ဆေးများ၊ ပွင့်သီးစေတဲ့ ဆေးများကို အသုံးပြုလေ့ မရှိကြပါ။ သို့အတွက် အိမ်ခြံဝင်းများမှ ထွက်ရှိတဲ့ သရက်သီးအများစုဟာ အော်ဂဲနစ်သရက်သီးများအဖြစ်ပင် သတ်မှတ်နိုင်ပါတယ်။ သို့သော်ရာသီဥတုဖောက်ပြန်မှုများကြောင့် အအေးဓာတ်လုံလောက်စွာ မရရှိတဲ့အခါ သရက်ပင်များပန်းပွင့်မှုမရှိခြင်း (သို့မဟုတ်) နည်းခြင်းများ ဖြစ်စေတာဖြစ်ပါတယ်။

🔼စီးပွားဖြစ်စိုက်ခင်းများမှာမူ စိုက်ပျိုးပြုစုနည်းများဖြစ်တဲ့ ကိုင်းဖြတ်၊ ကိုင်းရှင်းခြင်း၊ မြေသြဇာ ကျွေးမွေးပေးခြင်း၊ ပိုးသတ်ဆေးများ၊ ပန်းပွင့်သီးဆေးများကို ပက်ဖျန်းပေးခြင်းများကို ဆောင်ရွက်ပေးကြတဲ့အတွက် အအေးဓာတ်လုံလောက်စွာမရသည့်တိုင် ပန်းပွင့်လာနိုင်ကြတာကို တွေ့ရပါတယ်။ သို့အတွက် အပူပိုင်းဒေသများမှာ အိမ်ခြံဝင်းများအတွင်း အပင်အနည်းငယ်ကိုသာ စိုက်ပျိုးနေကြသူများအနေနဲ့ အသီးခူးပြီးနောက် သဘာဝမြေသြဇာများ၊ ဓာတ်မြေသြဇာများကို ပုံမှန်ကျွေးပေးသင့်ပါတယ်။ မိုးနှောင်းရာသီ သရက်ပင်များ ပန်းဖူးစတင်မဖြစ်သေးမီတွင်လည်း နောက်ထပ်တစ်ကြိမ် မြေသြဇာကျွေးပေးသင့်ပါတယ်။

🔼အသီးခူးပြီးနောက် အပင်အလင်းဖွင့်ပေးခြင်းအဖြစ် ကိုင်းဖြတ်၊ ကိုင်းရှင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ မိုးရာသီကုန်ပြီးနောက်သရက်ပင်များ ရေငတ်နေစေရန် အစိုဓာတ်ဖြတ်ပေးထားပြီး ရေသွင်းပေးခြင်းဖြင့်လည်း သရက်ပင်များပန်းပွင့်လာစေနိုင်ပါတယ်။ သို့သော် လက်တွေ့ဆောင်ရွက်ရန်မှာ အခက်အခဲများ ရှိနိုင်ပါတယ်။ သရက်ပန်းပွင့်မှုအတွက် အားပေးမှု၊ ဟန့်တားမှု များဖြစ်စေတဲ့ အခြေအနေများစွာရှိတဲ့အနက် အပင်အနည်းငယ်သာ စိုက်ပျိုးကြသူများအနေနဲ့ စိုက်ပျိုးပြုစုနည်းတချို့ကိုဆောင်ရွက်ပေးသင့်ပါတယ်။

🔼လွယ်ကူရိုးရှင်းတဲ့သရက်ပန်းပွင့်စေရန် ဆောင်ရွက်နိုင်တဲ့နည်းများကတော့ ပင်စည်ကို ဓားထစ်ပေးတဲ့ နည်း (သို့မဟုတ်) အခေါက်ရစ်ခွာပေးတဲ့နည်းပင် ဖြစ်ပါတယ်။ အခြေခံသဘောတရားမှာ အပင် အပေါ်ပိုင်းတွင် ကာဘိုဟိုက်ဒရိတ်များနေပြီးနိုက်ထရိုဂျင်ဓာတ်နည်းနေစေရန်အတွက် ကာဘို ဟိုက်ဒရိတ် နဲ့ နိုက်ထရိုဂျင်အချိုးကို ထိန်းညှိပေးတာဖြစ်ပါတယ်။

🔼မိုးနှောင်းရာသီရောက်သော် အရွက်ရင့်နေပြီးအပင်များကိုမြေမှ အမြင့်နှစ်ပေမှ သုံးပေနေရာတွင် ပင်စည်ပတ်လည်အပင်ရဲ့အခေါက်ကိုပြတ်နေစေရန် ဓားထစ်ပေးထားရမှာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်မှာ အပင်ရဲ့အပေါ်ပိုင်းမှာရှိနေတဲ့အရွက်များမှ အလင်းမီအစာချက်လုပ် ရရှိထားတဲ့ အစာများကို အပင်ရဲ့အပေါ်ပိုင်းအကိုင်းအခက်များတွင်သာ စုနေစေရန်အတွက် အမြစ်ပိုင်းဆီသို့ ပေးပို့မှုလျော့နည်းစေရန် အစာကြောကိုဖြတ်ပေးတာဖြစ်ပါတယ်။ အပင်အပေါ်ပိုင်းများမှ ပေးပို့လိုက်တဲ့ အစာများဟာ ဓားထစ်ထားတဲ့နေရာ (သို့မဟုတ်) အခေါက်ရစ်ခွာထားတဲ့နေရာများရောက်သော် အစာများ မြေအောက်ရှိအမြစ်များဆီသို့ မရောက်နိုင်စေရန် ဟန့်တားပေးလိုက်တာဖြစ်ပါတယ်။

🔼ဒီနည်းစနစ်ဟာ ရှေးကာလများမှာကတည်းကပင်ကျင့်သုံးလာခဲ့ကြတာဖြစ်ပြီး တချို့မျိုးများမှာ ထိရောက်မှုရှိစေပါတယ်။ သို့သော် တချို့မျိုးများအတွက် ပန်းပွင့်လာစေရန်မှာမသေချာနိုင်ပါ။ ယခင်နှစ် အသီးသီးခဲ့တဲ့သရက်ပင်များကို ယခုနှစ်ပန်းပွင့်လာစေရန်အပင်အနည်းငယ်သာ စိုက်ပျိုးသူများအနေနဲ့ ကျင့်သုံးသင့်တဲ့ လွယ်ကူတဲ့နည်း ဖြစ်ပါတယ်။

🔼နောက်တစ်နည်းကတော့ ပင်စည်ပေါ်မှာ မပြုလုပ်လိုပါက အကိုင်းရင်းနေရာများတွင် အခေါက်ကို သွပ်နန်းကြိုးဖြင့် တင်းနေစေရန်ချည်နှောင်ပေးခြင်း (ကြိုးချည်ပေးခြင်း) နည်းဖြင့်လည်း အပင်ရဲ့ အပေါ်ပိုင်းများမှအစာများအောက်ပိုင်းသို့ ပေးပို့ရောက်ရှိမှုကိုဟန့်တားပေးနိုင်ပါတယ်။ 

🔼ရှေးကာလ များမှာကတည်းကပင်ကျင့်သုံးလာခဲ့ကြတဲ့ နည်းတစ်ခုကတော့ အပင်အောက်မှ မီးခိုးမှိုင်း တိုက်ပေးခြင်းဖြစ်ပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်စေတဲ့နည်းလို့ ခေါ်နိုင်မယ်ထင်ပါတယ်။ မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် အပင်မှာကျရောက်နေတဲ့ပိုးများကို မောင်းနှင်ပေးသကဲ့သို့ မီးခိုးမှိုင်းကြောင့် ပန်းခိုင်ဖူးထွက်လာစေနိုင်ပါတယ်။ မီးခိုးမှိုင်းမှာပါဝင်နေတဲ့ အီသလင်းဓာတ်များက သရက်ပင်ကိုင်းများရဲ့ ထိပ်ဖူးများမှအညွန့်၊ အရွက်များ ထွက်လာမယ့်အစားပန်းခိုင်ဖူးအဖြစ် ပြောင်းလဲထွက်လာစေရန် ကူညီအားပေးတယ်လို့ ယူဆကြပါတယ်။ အီသလင်းဓာတ်ငွေ့ဟာ အပင်များမှ ထုတ်လုပ်ထွက်ရှိတဲ့ သဘာဝအပင်ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ အပင်အမျိုးအစားပေါ်မူတည်ကာ အပင်ရဲ့ကြီးထွား ဖွံ့ဖြိုးမှုကို အမျိုးမျိုးတုံ့ပြန်ဖြစ်ပေါ်စေနိုင်ပါတယ်။

🔼မီးခိုးမှိုင်းတိုက်ပေးရာတွင် သရက်ပင်ရှိ အရွက်များ အရွယ်ရင့်နေစေရန် လိုအပ်မှာဖြစ်ပါတယ်။ အရွက်နုရှိနေတဲ့ အပင်များမှာမူ ထိရောက်မှုမရှိနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ သရက်ပန်းပွင့်လာ စေရန်အီသလင်းဟော်မုန်းရဲ့ အကူအညီနဲ့ ဆောင်ရွက်ပေးနိုင်ကြောင်းကိုစမ်းသပ်လေ့လာ တွေ့ရှိမှုများရှိနေပြီးဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

Sources : ဒေါက်တာစိန်လှဗိုလ်

မြန်မာတောင်သူကြီးများ ဂျာနယ်