menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကုလားပဲအထွက်တိုးရန် အထွက်မိတ်ဖက်အချက်များ၏အရေးပါမှု
🔹မြန်မာနိုင်ငံမှာ ကုလားပဲကို ဧရိယာဟက်တာ ၆ ဒသမ ၅ သိန်း စိုက်ပျိုးပြီး တစ်ဟက်တာ ၁ ဒသမ ၃ တန် ထွက်ရှိနေပါတယ်။ အထွက်စုစုပေါင်းကတော့ မက်ထရစ်တန် ရှစ်သိန်းကျော်ထွက်ရှိနေတာ ဖြစ်ပါတယ်။ ထွက်ရှိတဲ့အနက်မှ ပြည်တွင်းလည်း စားသုံးပြီး ပြည်ပသို့လည်း တင်ပို့နေရတဲ့သီးနှံ ဖြစ်ပါတယ်။ ကုလားပဲဟာ တစ်ဟက်တာ အထွက်စွမ်းရည်ပြည့်ဝအောင် မထွက်သေးတဲ့အတွက် အထွက်တိုးအောင် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။
🔹ကုလားပဲသီးနှံဟာ အအေးဓာတ်ကြိုက်တဲ့သီးနှံ ဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်းအထက်ပိုင်း၊ ဟင်္သာတခရိုင်နဲ့ အထက်ပိုင်းဒေသများ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နဲ့ အထက်ပိုင်း၊ အညာဒေသ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းအနောက်ဘက်ခြမ်း ဒေသတွေမှာ ကုလားပဲကို အများအပြားစိုက်ပျိုးတာတွေ့ရပါတယ်။ ကုလားပဲပွင့်သီးချိန်မှာ အပူချိန် ၁၈ - ၂၀ ဒီဂရီစင်တီဂရိတ်ရှိမှသာ အပွင့်ကောင်းစွာပွင့်၊ သန္ဓေအောင်ပြီး အောင်စေ့ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာ စိုက်ပျိုးရင် အပင်သာဖြစ်ထွန်းမယ်၊ ပန်းပွင့်လာရင်လည်း သန္ဓေမအောင်တဲ့အတွက် စိုက်ပျိုးဖြစ်ထွန်းမှု မရရှိနိုင်ပါ။
🔹ကုလားပဲဟာ မြေနီသဲဝန်း၊ နုန်းမြေ၊သဲနုန်းမြေ၊ နုန်းစနယ်မြေများကို နှစ်ခြိုက်ပါတယ်။ ကောင်းစွာဖြစ်ထွန်းအောင်မြင်တာတွေ့ရပါတယ်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅မှ ၇ အထိ ကြိုက်နှစ်သက်တယ်။ ကုလားပဲသီးနှံကို ဆောင်းရာသီမှာသာ အစိုက်များပါတယ်။ ကုလားပဲသီးနှံကို သီးသန့်စိုက်ခင်း၊ ပဲစင်းငုံ၊ နေကြာနဲ့ သီးညှပ်စိုက်ခင်းအနေနဲ့ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ စိုက်ပျိုးတဲ့စနစ်ကတော့ ထွန်ပဲနဲ့ စပါးမရိတ်သိမ်းမီရေလိုက်ကြဲစနစ်များနဲ့ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ ကုလားပဲကို ဆောင်းရာသီမှာစပါးအပြီး သီးထပ်အဖြစ်နဲ့ ယာသီးနှံ သီးသန့်စိုက်ခင်းအဖြစ် စိုက်ပျိုးကြတာ တွေ့ရပါတယ်။
🔹စိုက်ပျိုးသင့်တဲ့ မျိုးတွေကတော့ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနကထုတ်ဝေထားတဲ့ အသက်ရက် ၈၀ ၊ ၈၅ရက်ရှိပြီး တစ်ဧကအထွက်နှုန်း ၁၃ တင်းထွက်နိုင်တဲ့ ရေဆင်း-၃ (အဖြူမျိုး) ၊ အသက်ရက် ၈၀ ၊ ၈၅ ရက်ရှိပြီး တစ်ဧကအထွက်နှုန်း ၁၆ တင်းထွက်နိုင်တဲ့ ရေဆင်း-၄ (အညိုမျိုး)၊ အသက် ၈၅ ရက် ၊ ရက် ၉၀ ရှိပြီး တစ်ဧကအထွက်နှုန်း ၁၅ တင်းထွက်နိုင်တဲ့ ရေဆင်း-၅ (အဖြူမျိုး)၊ အသက် ၈၅ ရက်၊ ရက် ၉၀ ရှိပြီး တစ်ဧကအထွက်နှုန်း ၁၈ တင်းထွက်နိုင်တဲ့ ရေဆင်း-၆ (အဝါမျိုး)၊ အသက် ၈၅ ရက်၊ ရက် ၉၀ ရှိပြီးတစ်ဧကအထွက်နှုန်း ၁၈ တင်းထွက်နိုင်တဲ့ရေဆင်း-၈ (အဖြူမျိုး)၊ အသက် ၈၅ ရက်၊ရက် ၉၀ ရှိပြီး တစ်ဧကအထွက်နှုန်း ၁၆ တင်းထွက်နိုင်တဲ့ ရေဆင်း - ၁၁ (အဖြူမျိုး) တို့ကိုလက်မလွတ်တမ်း ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။
🔹ရေဆင်း-၈ (အဖြူမျိုး) နဲ့ ရေဆင်း-၁၁ (အဖြူမျိုး) များဟာ အထွက်ကောင်းပြီးအလုံးလှတဲ့အတွက် ဈေးကွက်မှာ မျက်နှာပန်းလှပါတယ်။ အထူးသဖြင့် အညာဒေသယာမြေတွေမှာ စိုက်ပျိုးလေ့ရှိပါတယ်။ကုလားပဲအဖြူ မျိုးများဟာ စိုက်ပျိုးချိန်စောမှသာ အထွက်ကောင်းတဲ့အတွက် ယာမြေမှာ အောက်တိုဘာလအပြီး စိုက်ပျိုးနိုင်ဖို့ စီမံသင့်ပါတယ်။ ဆောင်းရာသီ လယ်စပါးအပြီး သီးထပ်စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ပျိုးချိန်စောနိုင်အောင် (အောက်တိုဘာလ စိုက်ပျိုးနိုင်အောင်) ပထမမိုးစပါးကို အောက်တိုဘာလဆန်း ရိတ်သိမ်းနိုင်မယ့် သက်တမ်းတိုစပါးကို စိုက်ပျိုးနိုင်အောင်စီမံခဲ့ဖို့ သတိပြုရမှာဖြစ်ပါတယ်။
🔹ကုလားပဲသီးနှံကို ပုံမှန်အားဖြင့် တစ်ဧကမျိုးနှုန်းတစ်တင်းသာ အသုံးပြုကြရမှာဖြစ်ပါတယ်။ အကယ်၍ ယာမြေမှာလည်းကောင်း၊ လယ်မြေသီးထပ်မှာလည်းကောင်း အကြောင်းအမျိုးမျိုးကြောင့်အောက်တိုဘာလမီအောင်မစိုက်ပျိုးနိုင်ရင် သတ်မှတ်အပင်အရေအတွက် ကာမိအောင် မျိုးစေ့နှုန်းကို တစ်ဧကတစ်တင်းခွဲ အသုံးပြုစိုက်ပျိုးသင့်ပါတယ်။ ယာမြေမှာ ထွန်ကုလားပဲကို ထယ်ရေးညက်အောင်ပြုပြင်ပြီး စိုက်ထွန်ကြောင်းဆွဲ စိုက်ပျိုးကြပါတယ်။ တန်းကြား၊ ထွန်ကြောင်း နှစ်ပေထားပြီး ထွန်ကြောင်းအတွင်းမှာ တစ်ကျင်းနဲ့တစ်ကျင်း ကိုးလက်မ၊ ၁၀ လက်မ ပဲစေ့နှစ်စေ့၊ သုံးစေ့ ချစိုက်ပျိုးပါတယ်။ ပြီးရင် ကျမ်းတုံးနဲ့ အစိုဓာတ်မိအောင် နှစ်ပြန်အုပ်ပေးပါတယ်။
🔹လယ်စပါးရိတ်ပြီး ဆောင်းသီးနှံသီးထပ်အဖြစ် စိုက်ပျိုးတဲ့ ကုလားပဲကတော့အစိုဓာတ်မိအောင် စိုက်ပျိုးချိန်ကို နိုဝင်ဘာလကုန်အပြီး စိုက်ပျိုးသင့်ပါတယ်။ ရိတ်ထားတဲ့စပါးရိုးပြတ်ကို မီးရှို့ပြီး မြေအစိုဓာတ်အနေတော်ချိန် (ခြေနင်းခံချိန်) မှာအရင်က နွားထယ်၊ နွားထွန်နဲ့ ထယ်ရေးပြင်ပြီး စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါစက်မှုခေတ်ဆန်းလာပြီဆိုတော့ ၁၆ သွားထွန်စက်ကြီးနဲ့ နှစ်စပ်မောင်းပြီး ပဲကိုကြဲကြပါတယ်။ ပြီးရင် ၁၆ သွားထွန်စက်ကြီးနဲ့တစ်စပ်ပြန်ဖုံးပြီး ကျမ်းတုံးမရိုက်ကြတော့ပါဘူး။
🔹ရှေးယခင်က ခဲကြီးမှ ပဲသီးမယ်ဆိုတဲ့ ကျေးလက်အယူအဆ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၆ သွားထွန်စက်ကြီးနဲ့ ထယ်ရေးပြင်ပြီး ထယ်ခဲကြီးထဲမှာပဲ ကုလားပဲကိုကြဲကြတော့ အစိုဓာတ်မလုံတာရယ်၊ ပဲစေ့ကို ခဲပိပြီး အပင်ပေါက်မစုံတာရယ်ကြောင့်အပင်ပေါက်ခပ်ကျဲကျဲနဲ့ ကြုံကြရပါတယ်။ အထွက်လည်း ကျဆင်းတဲ့ပြဿနာ ကြုံကြရပါတယ်။ လယ်သမားများကတော့ ဒီပြဿနာကိုကာမိအောင် မျိုးစေ့နှုန်းကို တစ်ဧက နှစ်တင်းနှုန်း ပိုသုံးလာကြတာ တွေ့ရပါတယ်။ မျိုးစေ့တစ်တင်း ကျပ် ၃၀၀၀၀ကျော်ရှိတဲ့အတွက် အပိုကုန်ကျနေတာ ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ ထယ်ရေးညက်အောင် ပြုပြင်ပြီး ကျမ်းတုံးကို မဖြစ်မနေအုပ်၊ မျိုးစေ့နှုန်းကို ပုံမှန်သုံးပဲဖြစ်သင့်ပါတယ်။ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်လေ လယ်သမားကြီးများအတွက် အကျိုးအမြတ်ပိုရရှိလေဆိုတာကိုသတိပြုသင့်ကြပါတယ်။
🔹ကုလားပဲပွင့်ဖူးစဝင်ချိန်မှာ အအေးဓာတ်ရှိပြီး ညအချိန်နှင်းလိုက်ဖို့ စိုက်ချိန်ကိုသတိပြုသင့်ပါတယ်။ နှင်းလိုက် ပဲကြိုက်၊ နှင်းမလိုက် ပဲငိုက်လို့ တောင်သူလယ်သမားကြီးများက ကုလားပဲမှာ နှင်းရဲ့အရေးပါမှုကို ဖော်ကျူးထားကြတာ ဖြစ်ပါတယ်။ ကုလားပဲစိုက်ပျိုးရင် အပင်ပေါက်သေချာဖို့ မစိုက်ပျိုးမီ ရှစ်နာရီခန့် ရေစိမ်၊ ပြန်ဆယ်ယူပြီး အရိပ်ထဲမှာဖြန့်ခင်းကာ ခြောက်အောင် အခြောက်လှန်းသင့်ပါတယ်။ အခြောက်လှန်းပြီးသွားရင် ညနေပိုင်း နေအေးချိန်မှာသာ စိုက်ပျိုးသင့်ပါတယ်။ ပြီးရင်အစိုဓာတ်လုံအောင် ကျမ်းတုံးနှစ်ပြန်အုပ်ပေးဖို့ လိုပါတယ်။ လယ်မှာ တမန်း ယာမှာကျမ်း လို့တောင် လယ်သမားကြီးများက ကျမ်းတုံးရဲ့အရေးပါမှုကို သတိမူကြဖို့ ပြောစမတ်ရှိခဲ့ကြပါတယ်။ ကျမ်းအုပ်မသေချာရင်တော့ ပဲအထွက်ကျဖို့ အသေအချာပါပဲ။
🔹ကုလားပဲစိုက်ပျိုးရာမှာ အဓိကဒုက္ခပေးတာကတော့ မှိုကြောင့်ဖြစ်တဲ့ ညှိုးသေရောဂါပဲ ဖြစ်ပါတယ်။ မကွေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ကုလားပဲစိုက်ပျိုးခဲ့တဲ့ ၁၀ နှစ်ကျော်ကြာလာခဲ့တဲ့ မြေတွေမှာ မြေဆောင်ရောဂါ၊ မျိုးစေ့ဆောင်ရောဂါအနေနဲ့ အဖြစ်များတာ တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ခင်ဦး၊ ဝက်လက်၊ ဘုတလင်၊ မုံရွာ၊ ချောင်းဦးဒေသတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူဒေသတွေမှာတော့ ဒီရောဂါဖြစ်ပွားမှု နည်းသေးတာတွေ့ရပါတယ်။ ဒီရောဂါကာကွယ်ဖို့အတွက်မစိုက်ပျိုးမီ ကုလားပဲစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ သတ်မှတ်နှုန်းထားအတိုင်းလူးနယ်စိုက်ပျိုးရင် ကာကွယ်နိုင်ပါတယ်။ ယခုအခါ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားတဲ့ ထရိုင်ကိုဒါးမားမှို (မှိုသတ်ဆေးမှို) ကို တစ်ဧက လေး-ငါးထုပ်နဲ့ မျိုးစေ့လူးနယ်စိုက်ပျိုးရင် ကုလားပဲညှိုးသေရောဂါဖြစ်စေတဲ့မှိုကို သေစေနိုင်တာ တွေ့ရပါတယ်။ ဓာတုဓာတ်ကြွင်းပြဿနာလည်း ကင်းရှင်းသွားမှာ ဖြစ်ပါတယ်။
🔹ကုလားပဲ ရေလိုက်ကြဲတဲ့စနစ်ကတော့ စပါးမရိတ်သိမ်းမီ အောင်ရေလွှတ်ပြီးခါစအချိန်မှာ စပါးခင်းထဲကို တီစူပါမြေသြဇာအိတ်ဝက် ကြိုတင်ကြဲရပါတယ်။ စပါးအတွက်မဟုတ်ပါ။ နောက်ကြဲမယ့်ကုလားပဲအတွက် ဖြစ်ပါတယ်။ ပြီးရင် တစ်ဧကမျိုးစေ့တစ်တင်းခွဲနှုန်းနဲ့ စပါးခင်းထဲမှာ ရေစိမ်အခြောက်ခံပြီးတဲ့ ပဲစေ့ကို ပေါက်ကြဲကြဲရမှာ ဖြစ်ပါတယ်။ စပါးရိတ်ချိန်တန်ရင် စပါးကို ရိုးပြတ်ရှည်ရှည်ထားပြီး ရိတ်ရပါတယ်။ ရိုးပြတ်ကို တစ်ဖက်သတ် ကျမ်းတုံးနဲ့ လှဲပေးရင်လည်းလှဲပေး၊ ဒါမှမဟုတ် ဓားသွားခုတ်ပြီး ဖုံးရင်လည်းဖုံးပေးရင် အစိုဓာတ်အလိုလို ထိန်းပေးသလို ဖြစ်သွားပါတယ်။ ကုလားပဲပင်လေးများဟာ ရိုးပြတ်ကြားကနေ လူးလွန့်ပြီး အပေါ်ကိုတက်၍ ရှင်သန်ကြီးထွားကြတာ ဖြစ်ပါတယ်။ ထူးခြားတဲ့ တွေ့ရှိချက်ကတော့ စပါးမရိတ်သိမ်းမီ ကုလားပဲအတွက် တီစူပါအိတ်ဝက် ကြိုတင်ကြဲပေးတာဟာ စပါးရင့်မှည့်ချိန် တစ်ပတ်စောပြီး ရင့်မှည့်မှုညီညာတာ တွေ့ရပါတယ်။
🔹ကုလားပဲသီးနှံ အထွက်တိုးရေးအတွက် အစိုဓာတ်မိရန် စိုက်ပျိုးချိန် အရေးပါသလို အထွက်တိုးစေရန် အထောက်အကူပြုစေမယ့် အထွက်မိတ်ဖက်အချက်များကိုလည်း စွမ်းရည်ပြည့်ဝအောင် ဆောင်ရွက်ပေးရမယ့်အချက်ဟာလည်း အဓိကသော့ချက် ဖြစ်နေပါတယ်။ ကုလားပဲသီးနှံ အထွက်တိုးရေးအတွက် အထောက်အကူပြုပေးမယ့် အထွက်မိတ်ဖက်အချက်တွေကတော့
(၁) တစ်ဧကရှိရမယ့် ရိတ်သိမ်းပင်အရေအတွက်၊
(၂) တစ်ပင်မှာရှိရမယ့် သီးကိုင်းအရေအတွက်၊
(၃) တစ်ကိုင်းမှာရှိရမယ့် အောင်စေ့အရေအတွက်၊
(၄) အစေ့ဂရမ် ၁၀၀ အလေးချိန်တို့ပဲ ဖြစ်ပါတယ်။
ဒီအထဲမှာ တစ်ဧကရှိရမယ့် ရိတ်သိမ်းပင်အရေအတွက် အပြည့်အဝရရှိအောင် ဆောင်ရွက်ရေးဟာ စိုက်ပျိုးတဲ့အချိန်တိုတိုလေးအတွင်းမှာပဲ စီမံလို့ရတဲ့အချက် ဖြစ်နေခြင်းပါပဲ။ နောက်မှလိုက်၍ ပြုပြင်လို့မရနိုင်တဲ့အချက် ဖြစ်ပါတယ်။
🔹တစ်ဧကသတ်မှတ်ရိတ်သိမ်းပင် ၁၃၀၀၀၀ ပြည့်ပြည့်၀၀ရရှိအောင် စိုက်ပျိုးချိန်မှန်ရမယ်၊ အပင်ပေါက်၉၀ ရာခိုင်နှုန်းအထက်ရှိတဲ့မျိုးကို သုံးရမယ်၊ ထယ်ရေးညက်အောင်၊ နက်အောင်ပြုပြင်ရမယ်၊ ပဲမျိုးစေ့ကို ရေစိမ်အခြောက်လှန်းပြီးမှ စိုက်ရမယ်၊ မြေအောင်းပိုး၊ ပင်ညှိုးရောဂါဆေးများကို မျိုးစေ့နဲ့ လူးနယ်စိုက်ပျိုးရမယ်။ ပြီးရင် ကျမ်းတုံးသေချာအောင် နှစ်ပြန်အုပ်ပေးဖို့ လိုပါတယ်။ တစ်ဧကမှာ အပင် ၅၀၀၀ လျော့သွားရင် ကုလားပဲတစ်တင်း လျော့သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။
🔹ကုလားပဲတစ်ပင်မှာ သီးကိုင်း သုံး-လေးကိုင်း ထွက်ရှိရမှာ ဖြစ်ပါတယ်။ တစ်ကိုင်းမှာ ငါးစေ့၊ ခြောက်စေ့ အောင်စေ့သီးအောင် ပြုစုထိန်းသိမ်းရမှာ ဖြစ်ပါတယ်။သီးကိုင်းအရေအတွက်လျော့တာနဲ့ အောင်စေ့အရေအတွက်လျော့ကာ အထွက်ကျသွားပြီ ဖြစ်ပါတယ်။ ကုလားပဲပင်သက် ရက် ၂၀၊၂၅ ရက်သားဆိုရင် ကိုင်းဖူးကလေးများ နိုးကြားလာတဲ့အချိန်မှာ ကိုင်းဖူးထွက်အားကောင်းအောင် နိုက်ထရိုဂျင်ဓာတ်များများပါတဲ့ ရွက်ဖျန်းမြေသြဇာကို နှစ်ကြိမ်ဖျန်းပေးဖို့ လိုပါတယ်။
🔹တစ်ကိုင်းမှာ အောင်စေ့ ငါးစေ့၊ ခြောက်စေ့သီးနိုင်အောင် ပန်းပွင့်သန္ဓေအောင်ပြီးရင် နိုက်ထရိုဂျင်ဓာတ်နည်းနည်း၊ ဖော့စ်ဖရပ်နဲ့ ပိုတက်စီယမ်များများပါတဲ့ ရွက်ဖျန်းမြေသြဇာ သုံးကြိမ်ဖျန်းပေးဖို့ လိုပါတယ်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ ပန်းပွင့်အားကောင်းအောင်၊ သန္ဓေအောင်နှုန်းကောင်းအောင်၊ အောင်စေ့များအောင် ယူရီးယားမြေသြဇာလေးဇွန်း၊ လက်ချားမှုန့် တစ်ဇွန်း၊ ရေလေးဂါလန်နဲ့ဖျော်ပြီး တစ်ဧက ရေဂါလန် ၂၀ နဲ့ နှစ်ကြိမ်ဖျန်းပေးရင် ပိုပြီးအထွက်တိုးတာ တွေ့ရပါတယ်။ ဒီလိုဖျန်းပေးရင် ကုလားပဲ အစေ့ ၁၀၀ အလေးချိန် ၂၅-၃၅ ဂရမ်လည်း အလိုလိုရရှိလာမှာ ဖြစ်ပါတယ်။ အညာဒေသ စစ်ကိုင်း၊ မကွေး၊ မန္တလေး တချို့နေရာတွေမျာ မြေချဉ်ငန်ကိန်းမြင့်နေရင် သွပ်ဓာတ် ချို့တဲ့တတ်သဖြင့် တစ်ဧက ဇင့်ဆာလ်ဖိတ် ငါးပေါင်နှုန်း ထည့်ပေးပါက ပဲထွက် ၅၂ ရာခိုင်နှုန်း (၂ ဒသမ ၅ တင်း) ပိုထွက်နိုင်ပါတယ်။
🔹ကုလားပဲတစ်တင်းမှာ ကုလားပဲစေ့၁၀၅၀၀၀ ခန့် ပျမ်းမျှဝင်ဆံ့ပါတယ်။ ကုလားပဲတစ်ဧက အပင် ၁၃၀၀၀၀၊ တစ်ပင်မှာ အောင်စေ့ ၁၅-၁၈ စေ့ ရရှိရင် တစ်ဧက ကုလားပဲစေ့ ၁၈ သိန်း၊ သိန်း ၂၀ ရရှိမှာဖြစ်ပါတယ်။ တစ်ဧက ၁၈ တင်း ၊ တင်း ၂၀ ခန့်ထွက်ရှိမှာဖြစ်ပါတယ်။ သို့ပါ၍ ကုလားပဲတစ်ဧက အထွက်နှုန်းတိုးရေးအတွက် အထွက်မိတ်ဖက် အချက်များကိုလည်း ဂရုတစိုက် ပြုစုထိန်းသိမ်းစီမံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ( ၂၇)ရက်။