menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကုလားပဲသီးနှံ စိုက်ပျိုးနည်း ။
အင်္ဂလိပ်အမည် - Chickpea
ရုက္ခဗေဒအမည် - Cicer arietinum
မျိုးရင်းအမည် - FABACEAE
ရာသီဥတု
-----------
ကုလားပဲသီးနှံ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ရန် ရှင်သန်ကြီးထွားနေချိန်တွင် ခြောက်သွေ့၍ အေးသောရာသီဥတု ရရှိရန်လိုအပ်ပါသည်။ အသင့်တော်ဆုံး အပူချိန်မှာ (၅၀-၈၅)ဒီဂရီဖာရင်ဟိုက် အတွင်းဖြစ်ပါသည်။ ထို့ပြင် ကုလားပဲသီးနှံသည် နေ့တာတိုသော ရာသီကိုကြိုက်နှစ်သက်၍ မြန်မာနိုင်ငံတွင် နေ့တာတိုပြီး အအေးဓာတ်ရှိသော မိုးနှောင်းနှင့် ဆောင်းရာသီများတွင် မြေအစိုဓာတ် အခြေအနေကိုလိုက်၍ သီတင်းကျွတ်လဆန်းမှ တန်ဆောင်မုန်းလမကုန်မီ (အောက်တိုဘာလမှ နိုဝင်ဘာလ) အချိန်အတွင်း စိုက်ပျိုးရပါသည်။ ကုလားပဲ စိုက်ပျိုးရာတွင် မြေဆီလွှာအတွင်းရှိ လက်ကျန်မြေအစိုဓာတ်ဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သီးနှံသက်တမ်းတလျှောက် မိုးရေချိန် (၁၀-၂၀)လက္မ ခန့်နှင့်ညီမျှသော အစိုဓာတ်အခြေအနေရရှိလျှင် ကောင်းစွာအောင်မြင်ဖြစ်ထွန်းပါသည်။ လိုအပ်ပါက ဆည်မြောင်းကန်ချောင်းနှင့် အင်းအိုင်တို့မှ ရေကိုစနစ်တကျ တင်သွင်းပေးခြင်းဖြင့် ကုလားပဲသီးနှံကို အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။
မြေအမျိုးအစား
-----------------
ကုလားပဲသီးနှံသည် မြေအတန်းအစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း လေဝင်လေထွက် ကောင်းမွန်ပြီး အစိုဓာတ်ကောင်းစွာ ထိန်းသိမ်းထားနိုင်သည့် နုံးမြေများပေါ်တွင် ပို၍ဖြစ်ထွန်းအောင်မြင်ပါသည်။ ရေပေးသွင်း၍ စိုက်ပျိုးရသည့်အခါတွင် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားတွင် ပို၍ကောင်းမွန်စွာ ဖြစ်ထွန်းအောင်မြင်ပါသည်။ ရေဝပ်တတ်သော မြေစေးအမျိုးအစားများတွင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးရလျှင် ရေပိုရေလျှံများ အလွယ်တကူ ထွက်သွားနိုင်ရန်အတွက် စိုက်ခင်းအတွင်း ရေထုတ်မြောင်းငယ်များ ပြုလုပ်ပေးခြင်းဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။
ကုလားပဲသီးနှံကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ဧရာဝတီတိုင်းတွင် အသင့်အတင့်နှင့် ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အနည်းငယ် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။
ကုလားပဲသီးနှံသည် မြေအတန်းအစားမရွေး ဖြစ်ထွန်းနိုင်သည့်အားလျှော်စွာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ လယ်မြေများပေါ်တွင် စပါးအပြီး သီးထပ်အဖြစ် စိုက်ပျိုးနိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများတွင် မိုးနှောင်းဆောင်းသီးနှံအဖြစ် ထယ်ရေးထွန်ရေးဖြင့် ကောင်းမွန်စွာ စိုက်ပျိုးနိုင်ကြပါသည်။
သို့ရာတွင် အထူးဂရုပြုရမည့်အချက်မှာ ကုလားပဲသီးနှံနှင့်တကွ ပဲမျိုးစုံသီးနှံတိုင်းသည် စိုက်ပျိုးမည့်မြေကြီးတွင် ရိုင်ဇိုဗီယမ်ခေါ် အနုဇီဝသက်ရှိတစ်မျိုး ရှင်သန်နေထိုင်မှသာ ကောင်းစွာဖြစ်ထွန်းနိုင်ကြပါသည်။ ထို့ကြောင့် ကုလားပဲ လုံးဝ စိုက်ဖူးထားခြင်းမရှိသည့် (ရိုင်ဇိုဗီယမ်မရှိသည့်) ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့ရှိ လယ်မြေများတွင် ကုလားပဲစိုက်ပျိုးမည်ဆိုပါက အပင်ကောင်းစွာမဖြစ်ခြင်း၊ အပင်ဖြစ်ပါကလည်း အသီးအပွင့် ကောင်းစွာမတင်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် ထိုဒေသများရှိလယ်မြေများတွင် စပါးအပြီး လယ်သီးထပ်အဖြစ် ကုလားပဲသီးနှံကို စိုက်ပျိုးမည်ဆိုပါက မစိုက်မီမျိုးစေ့ကို ကုလားပဲမြစ်ဖုဇီဝမြေသြဇာဖြင့် လူးနယ်စိုက်ပျိုးကြမှသာ ကောင်းစွာဖြစ်ထွန်း အောင်မြင်နိုင်ကြမည်ဖြစ်ပါသည်။ အကယ်၍ ကုလားပဲမြစ်ဖုဇီဝမြေသြဇာ အလွယ်တကူမရရှိနိုင်ပါက ကုလားပဲ စိုက်ပျိုးဖူးသည့်လယ်ယာမြေမှ မြေကြီးနှင့် နွားချေး၊ မြေဆွေး ရနိုင်သလောက်ကို ထည့်သွင်းပေးခြင်းဖြင့်လည်း အောင်မြင် စွာစိုက်ပျိုးနိုင်ကြပါသည်။
စိုက်ချိန်
---------
ကုလားပဲသီးနှံသည် ခြောက်သွေ့၍ အေးသောဥတုနှင့် နေ့တာတိုသော ရာသီကိုကြိုက်နှစ်သက်သည်ဖြစ်၍ မိုးအကုန် ဆောင်းအဝင်လများဖြစ်သည့် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများ (အောက်တိုဘာ၊နိုဝင်ဘာ)တွင် စိုက်ပျိုးရန်ဖြစ်ပါသည်။ သို့ရာတွင် သီတင်းကျွတ်လထက် စော၍စိုက်ပျိုးပါက ခါးရိရောဂါကျရောက်တတ်ပြီး တန်ဆောင်မုန်းလထက် နောက်ကျ၍စိုက်ပျိုးပါက နေ့တာတိုလွန်းသဖြင့် အပင်ဖြစ်ထွန်းမှုအားနည်း၍ ပန်းပွင့်ချိန်စောလာပြီး အထွက်နှုန်း ကျဆင်းတတ်ပါသည်။
မြေပြုပြင်ခြင်းနှင့် စိုက်ပျိုးနည်းစနစ်
----------------------------------------
ကုလားပဲသီးနှံကို စပါးရိတ်သိမ်းမပြီးမီ သီးကြိုအဖြစ် ကြဲပက်၍လည်းကောင်း၊ စပါးရိတ်သိမ်းပြီးနောက် သီးထပ်အဖြစ် ထွန်ယက်မြေပြုပြင်ပြီး အတန်းလိုက် မျိုးစေ့ချ၍လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ ကုလားပဲသီးနှံကို သီးကြိုအဖြစ် စိုက်ပျိုးသည့်အခါတွင် ထွန်ယက်မြေပြုပြင်ရန် မလိုဘဲ စပါးသီးနှံမရိတ်သိမ်းမီ (၁၀-၁၅)ရက်ခန့် အလိုတွင် တဧကလျှင် မျိုးစေ့(၁)တင်းခွဲနှုန်း အသုံးပြု၍ ပျံ့နှံ့စွာ ကြဲပက်စိုက်ပျိုးရပါသည်။ တနည်းအားဖြင့်… ကြဲပက်ရမည့်မျိုးနှုန်းကို အစေ့သေးမျိုးအတွက် တစ်ဧကလျှင် (၁၂)ပြီမှ (၁)တင်းနှုန်း… အစေ့လတ်မျိုးအတွက် တစ်ဧကလျှင် (၁)တင်းခွဲနှုန်း… အစေ့ကြီးမျိုးအတွက် တစ်ဧကလျှင် (၁)တင်းခွဲမှ (၂)တင်းနှုန်း…ဟူ၍လည်း ယေဘူယျ အကြမ်းဖျင်း မှတ်သား နိုင်ပါသည်။ ဤကဲ့သို့ စိုက်ပျိုးရာတွင် ဂရုပြုရမည့်အချက်မှာ စပါးခင်းအတွင်းရှိ မြေဆီလွှာတွင် အစိုဓာတ်မများလွန်း မနည်းလွန်းသောအချိန်တွင် ကြဲပက်နိုင်ရန်ပင်ဖြစ်ပါသည်။ မြေအစိုဓာတ်များလွန်းပြီး စပါးခင်းအတွင်း ရေများဝပ်နေပါက ကုလားပဲမျိုးစေ့များ ပျက်စီးပြီး အပင်မပေါက်နိုင်ခြင်းနှင့် အပင်ပေါက်လျှင်လည်း အပင်ငယ်ရွယ်စဉ်မှာပင် ခါးရိ၍သေကျေပျက်စီးမည် ဖြစ်ပါသည်။ အစိုဓာတ်နည်းလွန်းလျှင် အပင်ပေါက်ညံ့ဖျင်ပြီး အပင်ငယ်များ ကြီးထွားမှုကောင်းမွန်မည် မဟုတ်ပါ။
စပါးအပြီး သီးထပ်အဖြစ် စိုက်ပျိုးမည်ဆိုပါက စက်ထယ် ၁ စပ် (သို့) နွားထယ် ၁-၂ စပ်ထိုးပြီးနောက် စက်ထွန် ၂ စပ် (သို့) နွားထွန် ၄ စပ်ကြိုလိုက်၍ ထယ်မာခဲများချေပြီး ထယ်ရေးကောင်မွန်အောင် ပြုလုပ်ပေးရပါမည်။ ကိုင်းကျွန်းမြေနုများတွင်မူ နွာထယ် ၁ စပ်၊ နွားထွန် ၂ စပ် ထွန်ယက်ပေးရုံဖြင့် စိုက်ပျိုးနိုင်ပါသည်။ ထယ်ထိုးရာတွင် သတိပြုရမည့်အချက်မှာ မြေအစိုဓာတ်များနေသေးသည့်အချိန်တွင် ထယ်ရေးထွန်ရေး မပြုလုပ်မိရန်ပင် ဖြစ်ပါသည်။ ထွန်ယက်မြေပြုပြင်ပြီးသည့်နောက် ကုလားပဲစိုက်ပျိုးရန်အတွက် ထွန်ကြောင်းများကို တတန်းနှင့်တတန်း ၁ ပေအကွာ ဖွင့်ထားပြီး မျိုးစေ့များကို ထွန်ကြောင်းအတွင်း တပင်နှင့်တပင် ၆ လက္မ အကွာရရှိအောင် ချထားပေးရပါမည်။ တကျင်းလျှင် မျိုးစေ့ ၃ စေ့ခန့်စီ ထည့်၍ အပင်ငယ်များ (၁၅-၂၀)ရက်သားခန့် ရှိသောအခါ တကျင်းလျှင် တပင်သာချန်ပြီး ကျန်အပင်များကို နှုတ်ပယ်သားခွဲပေးနိုင်လျှင် ပိုကောင်းပါသည်။ ကုလားပဲကို အတန်းလိုက် စိုက်ပျိုးရာတွင် မျိုးစေ့နှုန်းထား (၆-၈)ပြီနှုန်းအထိ သုံးစွဲရန်လိုအပ်ပါသည်။
မြေသြဇာအသုံးပြုခြင်း
-------------------------
မြေခံအဖြစ် နောက်ဆုံးထွန်ရေးတွင် နွားချေး မြေဆွေး ရနိုင်သလောက်နှင့် ဝိစာရကွန်ပေါင်း ၁၆း၁၆း၈+၁၂S (၁)အိတ်၊ မော်နီတာဂျစ်ဆန်(၁)အိတ် ထည့်ပေးရပါမည်။ ၅၀%ပန်းပွင့်ချိန် ကုလားပင်သက်တမ်း တစ်လခွဲသားတွင် ဇီလီယန်မြေသြဇာ (N:P:K - ၁၆း၁၆း၁၆) အိတ်ဝက်မှ ၁အိတ်နှုန်း ကြဲပက်ပေးသင့်ပါသည်။ ထိုအချိန်တွင် မြေအစိုဓာတ်ရှိရန် သတိပြုရပါမည်။
ရေလိုအပ်ချက်နှင့် ရေသွင်းနည်း
------------------------------------
ကုလားပဲသီးနှံကို အောင်မြင်ဖြစ်ထွန်းစေရန်အတွက် အပင်ဖြစ်ထွန်းချိန်၊ အပွင့်ပွင့်ချိန်၊ အသီးသီးချိန်တို့တွင် မြေအစိုဓာတ်လုံလောက်စွာရှိရန် လိုအပ်ပါသည်။ အပင်ဖြစ်ထွန်းနေစဉ် မြေအစိုဓာတ် ဆုတ်ယုတ်ပါက အပင်ကြီးထွားမှုရပ်ဆိုင်းပြီး အပွင့်အသီးတို့ကိုပါ ဆက်လက်ထိခိုက်စေမည် ဖြစ်ပါသည်။ ပွင့်သီးချိန်များတွင် အစိုဓာတ်ဆုတ်ယုတ်သွားပါက အသီးတောင့်ဖြစ်ပေါ်သော်လည်း အစေ့အဆန်မတည်ဘဲ ရှိတတ်ပါသည်။ ဤအချိန်များတွင် မိုးမရပါက ရေသွင်းပေးရန် လိုအပ်ပါသည်။ ကုလားပဲသီးနှံသည် ရေများသည်ကို မကြောက်သော်လည်း ရေဝပ်သည့်ဒဏ်ကို ခံနိုင်စွမ်းမရှိပါ။ သို့ဖြစ်၍ ရေသွင်းရာတွင် မြေမျက်နှာပြင် စိုရုံသာရှိစေရန် ဂရုစိုက်သွင်းပေးရပါမည်။ အကောင်းဆုံးမှာ ရေမြောင်းငယ်များဖေါ်၍ ရေသွင်းခြင်းနှင့် သွင်းရေများဝပ်နေပါက ရေထုတ်ပစ်ခြင်းကို ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
အပင်ပြုစုစောင့်ရှောက်ခြင်း
-------------------------------
ကုလားပဲသီးနှံသည် အခြားသီးနှံများနည်းတူ အပင်များငယ်စဉ်တွင် ပေါင်းမြက်များထူထပ်ခြင်းကို မနှစ်သက်ပါ။ ပန်းမပွင့်မီ ပေါင်းမနှိမ်နင်းပါက သီးနှံအထွက်နှုန်းကို ၂၀-၃၀% အထိလျော့နည်းစေပါသည်။ သို့ဖြစ်၍ စိုက်ပျိုးချိန်မှ ပန်းပွင့်သည့်အချိန်အထိ ၄၅ ရက်ခန့်အတွင်းတွင် ပေါင်းမြက်များရှင်းလင်းခြင်းကို မဖြစ်မနေဆောင်ရွက် ပေးရပါမည်။ အခြားပြုစုပေးရန် အချက်တစ်ချက်မှာ မြေဆီသြဇာထက်သန်သော မြေမျိုးတွင် ကုလားပဲသီးနှံ စိုက်ပျိုးသည့်အခါ အပင်သန်စွမ်းလွန်း၍ ဟုန်ပြီးအသီးအပွင့် နည်းတတ်ပါသည်။ ထိုအခါမျိုးတွင် ခေါင်ညွန့်များကို ဝါးခြမ်းဖြင့် ရိုက်ခါဖြတ်တောက်၍ဖြစ်စေ၊ နီယွန်ဆေးကို ပက်ဖျန်း၍ဖြစ်စေ နှိမ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း
--------------------------------------
ကုလားပဲသီးနှံတွင် ထိခိုက်မှုအများဆုံး ရောဂါများမှာ ခါးရိရောဂါနှင့် ဖြူဆေရီယမ်ပင်ညှိုးရောဂါများ ဖြစ်ပါသည်။ ထိုရောဂါ နှစ်မျိုးလုံးသည် မြေဆောင်ရောဂါများ ဖြစ်ကြပြီး ခါးရိရောဂါမှာ မိုးကြီးရွာသွန်းလျှင် ဖြစ်တတ်သဖြင့် မိုးလွတ်ချိန်တွင် သီတင်းကျွတ်လဆုပ်မှ တန်ဆောင်မုန်းလဆုပ်အတွင်း (အောက်တိုဘာလလယ်မှနိုဝင်္ဘာလလယ်) စိုက်ပျိုးသင့်ပါသည်။ ဖြူဆေရီယမ်ပင်ညှိုးရောဂါမှာ လက်ရှိအခြေအနေတွင် ထီးမှိုသတ်ဆေး(Hymexazol) မှလွဲ၍ ကာကွယ်ကုသနိုင်သည့်ဆေး မပေါ်ပေါက်သေးပါ။ သို့ဖြစ်၍ ခါးရိရောဂါနှင့် ဖြူဆေရီယမ်ပင်ညှိုးရောဂါအပြင် မြေဆောင်မှိုရောဂါအားလုံးကို ထိရောက်စွာကာကွယ်ကုသနိုင်သည့် ထီးမှိုသတ်ဆေးကို ကုလားပဲမစိုက်မီ မျိုးစေ့ကို လူးနယ်စိုက်ပျိုးခြင်းကိုလည်းကောင်း (သို့မဟုတ်) ကုလားပဲမစိုက်မီ ထွန်ရေးပြင်ကို ထီးမှိုသတ်ဆေးပက်ဖျန်းပေးခြင်းကိုလည်းကောင်း မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ကုလားပဲသီးနှံတွင် ထိခိုက်မှုအများဆုံး ဖျက်ပိုးများမှာ အရွက်စား ပိုးနဂါး၊ ပိုးတောင့်တဲ၊ ငမြောင်တောင်နှင့် သီးလုံးဖေါက်ပိုးများ ဖြစ်ကြပါသည်။ ၎င်းပိုးများကို ဝိစာရကုမ္ပဏီ၏ ဆိုင်လာ၊ လန်ဒါ၊ အီမာလန်ဒါ၊ အယ်လ်ဖာဆိုဒ် ဆေးများဖြင့်ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပြီး ဖျက်ဆီးမှုလွန်စွာဆိုးရွားပါက အစွမ်းအထက်ဆုံး နိုက်ဝမ်း ပိုးသတ်ဆေးကို မဖြစ်မနေသုံးစွဲပေးကြရမည် ဖြစ်ပါသည်။
ရိတ်သိမ်းနယ်လှေ့ ထုတ်လုပ်ခြင်း
------------------------------------
ကုလားပဲမှာ သက်တန်းရက် ၁၂၀ ခန့်ရှိ၍ တပို့တွဲလဆုပ်မှ တန်ခူးလဆန်း (ဖေဖေါ်ဝါရီလမှ မတ်လ) အထိ ရင့်မှည့်ပါသည်။ ရိတ်သိမ်းသင့်သည်ထက်စော၍ ရိတ်သိမ်းပါက လုံးပိန်လုံးညှပ်များပြီး၊ နောင်ကျ၍ ရိတ်သိမ်းပါက အလေအလွင့်များတတ်သဖြင့် အချိန်မှီ/အချိန်မှန် ရိတ်သိမ်းသင့်ပါသည်။ အသင့်လျှော်ဆုံး ရိတ်သိမ်းချိန်မှာ တပင်လုံးရှိ အရွက်များဝါလာပြီး အောက်လက်များ အဖျားခြောက်ချိန်တွင် ရိတ်သိမ်းသင့်ပါသည်။
ရိတ်သိမ်းနည်းမှာ တဇင်ဖြင့်ဖြတ်၍သော်လည်းကောင်း၊ အပင်လိုက်နှုတ်၍သော်လည်းကောင်း ရိတ်သိမ်းပြီး တလင်းသို့ သယ်ယူအခြောက်ခံသင့်ပါသည်။ တလင်းတွင် ၃-၅ နေခန့် အခြောက်ခံပြီး နွားနယ်ပေးရပါသည်။ အနည်းငယ်လုပ်ကိုင်သော တောင်သူများအနေဖြင့် အိတ်နှင့်ထည့်၍ ရိုက်ပေးသည့်နည်းသည် အလေအလွင့်နည်းပါးစွာ နယ်နိုင်သောနည်း ဖြစ်ပါသည်။ နယ်ပြီးသော ပဲများကို အဖျင်းအမှော်ကင်းစင်အောင် ပြာလှေ့၍ ကောင်းစွာခြောက်သွေ့စေရန် အစိုဓာတ် (၅-၈)% ရှိစေရန် (၄-၆)နေအထိ နေလှန်းပြီး သိုလှောင်ရပါမည်။ ကုလားပဲမှာ သိုလှောင်ရာတွင် ကျရောက်သော ပိုးမွှားအန္တရာယ် ဆိုးရွားစွာမရှိသဖြင့် အိတ်၊ ပုပ်၊ ကျီစသည်တို့ဖြင့် သိုလှောင်နိုင်ပါသည်။ သို့မဟုတ် သိုလှောင်ပိုးအန္တရာယ် စိုးရိမ်နေပါက ဝိစာရကုမ္ပဏီထုတ် အက်စ်ဖော့ သိုလှောင်ဆေးပြားများ အသုံးပြု၍ စိတ်ချစွာ သိုလှောင်နိုင်ကြပါသည်။
အထွက်နှုန်း
---------------
မြေအမျိုးအစား၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုအပေါ် မူတည်၍ တစ်ဧကလျှင် (၁၅-၂၅)တင်းအထိ ထွက်ရှိနိုင်ပါသည်။
Than Win Agri
Source: စိုက်ပျိုးနည်းလမ်းညွှန်
လယ်-စိုက်-ရှင်း