menu

ကုလားပဲစိုက်ပျိုးနည်း


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

ကုလားပဲ (Chick Pea)

သိပ္ပံအမည် - Cicer arietunum

နိဒါန်း
-----
အိန္ဒိယ၊ ပါကစ်စတန်၊ တူရကီ၊ အီသီယိုးပီးယားပြီးလျှင် မြန်မာသည် ပဥ္စမမြောက် ကုလားပဲစိုက်ဧက အများဆုံး ဖြစ်သည်။ ထုတ်လုပ်မှုတွင်လည်း မြန်မာနိုင်ငံသည် ထိုအတိုင်းပင်ဖြစ်သည်။ ကုလားပဲသည် ကမ္ဘာတွင် တတိယအရေးကြီးသော ပဲတစ်မျိုးဖြစ်သည်။ ကုလားပဲအား အစေ့အရွယ်အစားနှင့် အရောင်ပေါ်မူတည်ပြီး “ဒေစီနှင့် ကာဘူလီ”ဟူ၍ (၂)မျိုး ခွဲခြားထားသည်။

 (၁) “ဒေစီ”သည် လုံးဝန်းပြီး အရွယ်ကြီးကာ အစေ့အရောင်မှာ နို့နှစ်ရောင်ဖြစ်သည်။ အပင်မြင့်၊ အရွက်ကြီးပြီး အပွင့်မှာ အဖြူရောင်ဖြစ်သည်။

 (၂) “ကာဘူလီ”သည် အစေ့အရွယ်သေးကာ စောင်းများပါသည်။ အရောင်မှာ နို့နှစ်၊ အညို၊ အဝါ၊ အစိမ်း ဟူ၍ အမျိုးမျိုးရှိနိုင်သည်။ ဤမျိုးတွင် သီးတောင့် (၁)တောင့်တွင် အစေ့ (၂)စေ့ခန့်သာ ပါဝင်လေ့ရှိပြီး အပင်ပုသည်။ အရွက်သေးပြီး အပွင့်သည် ခရမ်းရောင်ဖြစ်သည်။

စိုက်ပျိုးရာဒေသများ
------------------
ကုလားပဲကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်အများဆုံး စိုက်ပျိုးကြသည်။

ရာသီဥတု 
--------
ကုလားပဲသည် မိုးခေါင်ဒဏ်ကို ခံနိုင်ရည်ရှိပြီး တနှစ်ရွာသွန်းသော မိုးရေချိန်သည် (၈ - ၁၆) လက်မ ကြားရှိလျှင်ပင် စိုက်ပျိုးနိုင်သည်။ အသင့်တော်ဆုံး မိုးရေချိန်သည် (၂၄ -၃၆) လက်မကြားဖြစ်သည်။ ပျမ်းမျှနေ့အပူချိန် (၂၁) ဒီဂရီစင်တီဂရိတ်မှ (၃၃) ဒီဂရီစင်တီဂရိတ်ကြားတွင် ကောင်းစွာ ဖြစ်ထွန်းပြီး အကောင်းဆုံးညအပူချိန် (၁၈) ဒီဂရီစင်တီဂရိတ်မှ (၂၁) ဒီဂရီစင်တီဂရိတ်ကြားဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအဖြစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလ နှင့် ဧပြီလအတွင်း ရိတ်သိမ်းကြသည်။

မြေပြုပြင်ခြင်း
------------
ကုလားပဲစိုက်ပျိုးမည့်ပုံစံ (သီးညှပ်-သီးထပ်) နှင့် မြေအမျိုးအစားအပေါ်မူတည်၍ မြေပြုပြင်ရန် လိုအပ်သည်။ ထယ်ရေးနက်နက်ကို မိုးမရွာခင်ကြိုတင်ဆောင်ရွက်ခြင်းဖြင့် အောက်ခံမြေမာလွှာကြောင့် အပင်ညှိုးခြင်းကင်းဝေးကာ မြေတွင်းအစိုဓာတ်ကိုလည်း ကောင်းစွာထိန်းထားနိုင်မည်ဖြစ်သည်။ ထို့အပြင် ပေါင်းအန္တရာယ်ကင်းဝေးကာ မြေတွင်လည်းသိပ်သည်းမှုလျော့သွားကာ အမြစ်များကောင်းစွာ ဆင်းနိုင်မည်။ ကုလားပဲသည် မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော်လည်း နုံးမြေများနှင့် နုံးရောသော မြေစေးများတွင် ကောင်းစွာဖြစ်ထွန်းသည်။ ကုလားပဲအတွက် အကောင်းဆုံး အာဟာရစုပ်ယူနိုင်သော မြေချဉ်ငံကိန်းမှာ (၅.၇-၇.၂) အတွင်းဖြစ်ပါသည်။ လေဝင်လေထွက် ကောင်းသောမြေမျိုး လိုအပ်သောကြောင့် မြေစေးများတွင် စိုက်ခင်းကိုကောင်းစွာပြင်ရန်လိုအပ်ပါသည်။ ဆားပေါက်မြေများ သည် ကုလားပဲသီးနှံအား ဆိုးရွားစွာထိခိုက်စေပြီး ဖော့စပရပ်၊ ဇင့်နှင့် သံဓာတ်များ ရရှိမှုကိုလည်း အနှောင့်အယှက်ဖြစ်စေသည်။

သီးညှပ် စိုက်ပျိုးခြင်း
-----------------
ကုလားပဲပင်အား အခြား အပင်များနှင့် ရောနှောစိုက်ပျိုးနိုင်ပါသည်။ အကောင်းဆုံးရောနှောမှုများမှာ ဂျုံနှင့်ကုလားပဲ (၅၀+၅၀)နှင့် ပြောင်းနှင့်ကုလားပဲ (ပြောင်း(၁)တန်း+ကုလားပဲ(၂)တန်း) တို့ ဖြစ်သည်။

အညှောင့်ပေါက်ခြင်း
------------------
ကုလားပဲစေ့တွင် အစေ့ခွံ၊ အစေ့ရွက် (၂)ခုနှင့် သားလောင်းတစ်ခုပါသည်။ အစေ့ခွံတွင် အလွှာ(၂)ခု ပါဝင်သည်။ မြေတွင် အစိုဓာတ်လုံလောက်စွာရှိပြီး အပူချိန်သည် (၁၈-၃၃)ဒီဂရီရှိသောအခါတွင် ကောင်းစွာအညှောင့်ပေါက်သည်။

ကုလားပဲသီးနှံ တစ်ဧကတင်း(၂၀)ထွက်ရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့် .....

(၁) ကြိုတင်ပြင်ဆင်ခြင်း
---------------------
သဘာဝမြေသြဇာ၊ နွားချေး (၁)ဧက တင်း (၁၀ဝ-၁၅၀)ကို နေရာအနှံ့ချပါ။ မြေခံအဖြစ် ယူရီးယား (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက် (၁၂) ပြည်ထည့်ပါ။ အနည်းဆုံး ထယ် ၁ စပ်၊ ထွန် ၂စပ် ဝင်ပါ။ ရေဆင်း ကုလားပဲနီ(၆)၊ ရေဆင်း ကုလားပဲဖြူ (၈)၊ ရွှေနီလုံးကြီး၊ ရေဆင်း ကုလားပဲဖြူ (၉) တို့ကို အသုံးပြုပါ (သို့မဟုတ်) ဒေသအထွက်ကောင်းမျိုးများကိုအသုံးပြုပါ။ (၁)ဧက အပင်ဦးရေ တစ်သိန်းသုံးသောင်း ရရှိရန် ပင်ကြား (၄)လက်မ၊ တန်းကြား (၁၂) လက်မ ထား၍ မျိုးစေ့ (၁)တင်းထိ အသုံးပြုနိုင်ပါသည်။ မျိုးစေ့ကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့်လူးနယ်ပါ။

(၂) စိုက်ပျိုးခြင်း
--------------
ကုလားပဲမျိုးစေ့များကို ပဲမြစ်ဖုမြေသြဇာတစ်ထုပ်နှင့်သမအောင်ရောနယ်ပါ။ အပင်ပေါက်ကောင်းစေရန် ထွန်ကြောင်းအတွင်း မျိုးစေ့အတိမ်အနက် ၂ လက်မမှ ၃ လက်မ အတွင်း ချ၍စိုက်ပျိုးပါ။ အပင်ငယ်စဉ် အတွင်း လှေး၊ ကျိုင်း၊ ပျ၊ ရွက်စားပိုး၊ မွှားပင့်ကူနီများ ကျရောက်တတ်သောကြောင့် ပင်လုံးပြန့် အာနိသင်ရှိသောပိုးသတ်ဆေး “အေမီဒါ၊ ကေလာ၊အက်စ်ဖိတ်” တစ်မျိုးမျိုးပက်ဖျန်းပါ။ ညှိုးသေရောဂါ ကျရောက်တတ်သောကြောင့်ထီးမှိုသတ်ဆေး ဖျန်းပါ။ ပေါင်းမြက်ကင်းစင်အောင် ၁၅ ရက်ခြားပြီး ၂ ကြိမ်ပေါင်းနုတ်ပါ။ ရွက်ဖျန်းမြေသြဇာအရည်ကို (၁၅)ရက် ခြားပြီး ဖျန်းပေးနိုင်ပါသည်။ ပန်းစပွင့်ချိန်တွင် အစိုဓာတ်နှင့် အာဟာရဓာတ်များ မပြတ်စေရန်အရေးကြီးသည်။ ပန်းများ ပွင့်အားကောင်းစေရန် တီစူပါနှင့် ပိုတက်ရှ် (P & K) ပါဝင်မှုများသော ရွက်ဖျန်းမြေသြဇာကိုအသုံးပြုပါ။ သီးနှံသက်တမ်း တလျှောက်တွင် ပင်ညှိး၊ မြစ်ခြောက်ဆွေး၊ ပင်ခြေပုပ်ရောဂါများ ကျရောက်တတ်သောကြောင့် “ထီး၊ ဘာလီဆိုဒ်၊ ကာဗာ” မှိုဆေးတစ်မျိုးမျိုးကို (၁၅)ရက်ခြား ဖျန်းနိုင်သည်။ အပင်အသက်ရက် (၆၀ - ၈၀)ဝန်းကျင်တွင် အသီးနှင့် အစေ့အဆံ တည်သော အချိန်ဖြစ်သောကြောင့် သီးလုံးဖောက်ပိုးကိုလည်း ဂရုစိုက်ရမည်။ “နိုက်ဝမ်း၊ ရယ်ဒီ၊ လန်ဒါ ၅” ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။ ဤအချိန်တွင် အပင်သည် စိမ်းစိုပြီးကျန်းမာနေရမည်။ အပင်အတွက် အာဟာရလိုအပ်ချက်သည်လည်း အမြင့်ဆုံးဖြစ်သည်။

(၃) ရိတ်သိမ်းခြင်း နှင့် သိုလှောင်ခြင်း
--------------------------------
ကုလားပဲမျိုး၊ ပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ပြုစုစောင့်ရှောက်မှုပေါ် မူတည်၍ ရက် (၉၀-၁၂၀) အတွင်း ရင့်မှည့်လေ့ရှိကြသည်။ သီးတောင့်အရောင် ကောက်ရိုးရောင်၊ အညိုဖျော့ရောင် ပြောင်းသွားချိန် (သို့) ၈၀ ရာခိုင်နှုန်းသောသီးတောင့်များ ရင့်မှည့်သောအချိန်တွင်ရိတ်သိမ်းနိုင်သည်။ သီးတောင့်များအား နယ်လှေ့သန့်စင်ပြီး (၂ -၃) နေပြကာ အစိုဓာတ် (၈-၉) ရာခိုင်နှုန်းရှိချိန်တွင် သိုလှောင်ပါ။

Sources : စိုက်ပျိုးရေးဦးစီးဌာန