menu

ကညွတ် စိုက်ပျိုးနည်း


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

 မြန်မာအမည် - ကညွတ်

 အင်္ဂလိပ်အမည် - ASPARAGUS

 ရုက္ခဗေဒအမည် - Asparagus officinalis

 မျိုးရင်းအမည် - LILIACEAE

မူရင်းဒေသ
----------
အပင်ရိုင်းများကို မြေထဲပင်လယ်ကမ်းခြေဒေသတစ်ဝိုက်၊ ဥရောပအနောက်ပိုင်း၊ ဗြိတိသျှကျွန်းစု တောင်ပိုင်း၊ ဆိုဗီယက်နှင့်ပိုလန်နိုင်ငံများတွင်တွေ့နိုင်ပါသည်။ ကညွတ်ကိုရောမလူမျိုးများသည် ဆေးဝါးအဖြစ်စားသုံးခဲ့ကြောင်းသိရှိရသည်။

အမျိုးအစား
----------
ကညွတ်အမျိုးအစားပေါင်း (၁၅၀)ခန့်ရှိပါသည်။

စိုက်ပျိုးသည့်ဒေသ
-----------------
မြစ်ဝကျွန်းပေါ်ဒေသတွင် အများဆုံးစိုက်ပျိုးကြပါသည်။ 

မြေအမျိုးအစား
--------------
ကညွတ်သည်မြေဩဇာထက်သန်ပြီး အစိုဓာတ်ရှိသောသဲနုန်းမြေတွင်ကောင်းစွာဖြစ်ထွန်းပါသည်။ သဲဆန်လွန်းသောမြေ၊ စေးလွန်းသောမြေတို့မှလွဲ၍ မြေသားထူထူရှိသောမြေမျိုးတွင် စိုက်ပျိုးနိုင်ပါသည်။ ရေမဝပ်သောခဲမြေတွင်စိုက်ပျိုးပါက စည်သွပ်ကညွတ်များကောင်းစွာရရှိပါသည်။ မြေအစိုင်အခဲပေါများ သောနေရာကို လုံးဝမနှစ်သက်ပါ။ pH (၆.၅) အနေအထားကိုနှစ်သက်ပါသည်။

ရာသီဥတု
---------
ကညွတ်သည် သမပိုင်းရာသီဥတုကိုနှစ်သက်သည်။ ရာသီဥတုအလွန်အေးသောအချိန်တွင် အကိုင်း အရွက်ကျ၍ အပင်အနားယူသည်။ မြေအမျိုးအစားထက်ရာသီဥတု နှင့်ရေရရှိမှုတို့က ပိုမိုလိုအပ်ပါသည်။

မြေပြုပြင်ခြင်း
-------------
စိုက်ပျိုးမည့်မြေတွင် မစိုက်ပျိုးမီပဲမျိုးဝင်အပင်များကို စိုက်ပျိုး၍ပန်းမပွင့်မီထယ်ထိုးပေးခြင်းဖြင့် မြေဩဇာစိမ်းကျွေးပြီးမြေတွင်အာဟာရဓာတ်တိုးစေပါသည်။ ထယ်စူး(၈)လက်မ နှင့် ထွန်ရေး ညက်ညက်ရရှိအောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။

မျိုးစေ့မှစိုက်ပျိုးခြင်း
-----------------
မျိုးစေ့ကိုစိုက်လျှင် တစ်ပင်နှင့်တစ်ပင် (၁-၁.၅)ပေ တစ်တန်းနှင့်တစ်တန်း(၂-၂.၅)ပေခန့်အထိ ထား၍ စိုက်ပျိုးရမည်။ မျိုးစေ့များကို ယုံကြည်စိတ်ချရသောစိုက်ပျိုးသူများထံမှ၎င်း၊ အပင်ကောင်းစွာဖြစ်ထွန်း သောအကွက်များမှ၎င်း ရွေးချယ်ဝယ်ယူသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်အပင်ပေါက်ချိန် ကြာမြင့်သောကြောင့်ဖြစ်ပါသည်။ တစ်ဧကလျှင်မျိုးစေ့ (၄)ပေါင်လိုအပ်ပါသည်။ မြစ်ဥကလေးများ (Crowns) တစ်ဧကလျှင် (၂၅,၀၀၀ - ၃၀,၀၀၀)ခန့်ထွက်ပါသည်။ အခြေအနေကောင်းမွန်ပါက မျိုးစေ့ချပြီး (၂-၆)ပတ်ခန့်ကြာမှ အပင်ပေါက်ပါသည်။ ထို့ကြောင့်အပင်ပေါက်မြန်ရန် မျိုးစေ့ကို(၃-၄) ရက်ကြာအောင် အပူချိန်(၈၀-၉၀) ဒီဂရီဖာရင်ဟိုက်တွင် ရေစိမ်စိုက်ရပါမည်။ ရေကိုတစ်နေ့တစ်ခါ လဲပေးရပါမည်။

ဥကိုဖဲ့၍စိုက်ပျိုးခြင်း
-----------------
ကညွတ်ပင်သည်နှစ်အတော်ကြာထား၍ စိုက်ပျိုးနိုင်သောအပင်မျိုးဖြစ်ပါသည်။ ကညွတ်ကို မေ၊ဇွန်လ လောက်တွင်စိုက်ပျိုးကြပါသည်။ တစ်ပင်နှင့်တစ်ပင် (၁-၁.၅)ပေ နှင့် တစ်တန်းနှင့်တစ်တန်း(၃-၆)ပေ အထိ ထား၍ စိုက်ပျိုးကြပါသည်။ ထို့အပြင်ကျင်းကိုလည်း အနက်(၆- ၈) လက္မအထိတူး၍စိုက်ပျိုးနိုင်ပါသည်။

အပင်ပြုစုခြင်း
------------
ပေါင်းမြက်များကိုအခါအားလျှော်စွာရှင်းပေးရပါမည်။ မိုးနှောင်းပိုင်းမှစတင်၍ နွေရာသီအထိအပင်သည် တဖြည်းဖြည်း ကျလာသည်။မိုးဦးမကျမီတလခန့်ကတည်းက မြေပေါ်အပင်များကိုခုတ်၍မီးရှို့ပစ်ရမည်။ ထို့အပြင်နွားချေး၊ မြေဆွေး၊ ဓာတ်မြေဩဇာများကိုထည့်ပေးထားရမည်။ မိုးဦးကျသည်နှင့်တစ်ပြိုင်နက် အစို့များထွက်လာလိမ့်မည်။ ကညွတ်(၁-၂)နှစ်သားတွင် ယင်းအပင်များ၏အတန်းကြား၌ ပဲပင်စိုက်လေ့ရှိပါသည်။

မြေဩဇာကျွေးခြင်း
-----------------
မြေအစိုဓာတ်ကိုကောင်းစွာထိန်းသိမ်းရန် သဲဆန်သောမြေတွင် တစ်ဧကမြေဆွေး (၆-၁၀)တန်ထည့်ပေးရ မည်။ ဓာတ်မြေဩဇာလိုအပ်ချက်မှာ နုန်းမြေအမျိုးအစားအတွက် တစ်ဧက တစ်ကြိမ်လျှင် မြေဆွေးနှင့် အတူ ယူရီးယား ၁၄၄ ပေါင်၊ တီစူပါ ၉၆ ပေါင်၊ ပိုတက်ရှ် ၁၂၀ပေါင် နှုန်းကိုနှစ်စဉ် မိုးဦးကျနှင့်မိုးနှောင်း ပိုင်းတို့တွင် တစ်ကြိမ်စီ ထည့်ပေးရပါမည်။သဲ နုန်းမြေအမျိုးအစားအတွက် တစ်ဧက တစ်ကြိမ်လျှင် မြေဆွေးနှင့် အတူ ယူရီးယား ၁၄၄ ပေါင်၊ တီစူပါ ၁၂၀ပေါင်၊ ပိုတက်ရှ် ၁၂၀ပေါင် နှုန်းကိုနှစ်စဉ် တစ်ကြိမ်စီ ထည့်ပေးရပါမည်။ ပထမနှစ်တွင် ကညွတ်အတန်းကြား၌ ဆလပ်၊သက်လျင်ဂေါ်ဖီထုပ်၊ ပဲပင်နှင့်ကြက်သွန်များကိုစိုက်ပျိုးနိုင်သည်။

ရိတ်သိမ်းခြင်း
-----------
မိုးရာသီအစတွင် စိုက်ပျိုးသောအပင်သည်မိုးတွင်းနှင့်ဆောင်းတွင်း၌ အစာချက်လုပ်ပြီးအမြစ်သို့ပေးပို့ကာ နွေရာသီတွင်အပင်အပေါ်ပိုင်းတစ်ဖြည်းဖြည်းဝါခြောက်၍ သေသွားပါသည်။ လိုအပ်သောမြေဆွေး၊ ဓာတ်မြေဩဇာများကိုထည့်ပေးရပါသည်။ ကညွတ်အစို့များကို စိုက်ပြီး(၂)နှစ်သားတွင်စတင်ရိတ်သိမ်းနိုင်ပါသည်။ အပင်သက်(၇)နှစ်အထိအထွက် တိုးလျှက်ရှိပါသည်။ (၄-၁၀)နှစ်သားတွင် အမျိုးအစားကောင်းမွန်သောအတန်းအစားများရရှိနိုင်ပါသည်။ တစ်ဧကလျှင်ပိဿာ (၃၀၀-၅၀၀) ထွက်ပါသည်။

🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း