menu

လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် ပဲတီစိမ်းသီးနှံ



♻️လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် ပဲတီစိမ်းသီးနှံ♻️  
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿  

▪️မြန်မာ့ရေမြေနှင့် ရာသီဥတုသည် သီးနှံမျိုးစုံကို ဒေသမရွေး၊ အချိန်အခါမရွေး စိုက်ပျိုးဖြစ်ထွန်းသည်။ မိုးရွာသွန်းမှု အများဆုံးအချိန်တွင် စပါးသီးနှံကို စိုက်ပျိုးသည်။ စပါးမစိုက်မီ မိုးဦးကျတွင် ပဲမျိုးစုံသီးနှံကို စိုက်ပျိုးသည်။ မိုးကုန်ချိန်တွင်လည်း ကြွင်းကျန်အစိုဓာတ်ဖြင့် ပဲမျိုးစုံသီးနှံကို စိုက်ပျိုးသည်။ လယ်ယာထွက်သီးနှံများတွင် ပဲမျိုးစုံသီးနှံသည် ပြည်တွင်းစားသုံးရန်သာမက ပြည်ပ ပို့ကုန်အဖြစ်အားထားရသည့် သီးနှံဖြစ်သည်။ ပဲမျိုးစုံသီးနှံများကို တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု၌ ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေရခြင်း ဖြစ်ပါသည်။

▪️ဦးဆောင်နိုင်ငံဖြစ်သည်နှင့်အညီ အရည်အသွေးနှင့် အထွက် နှုန်းကောင်းသော ပဲမျိုးစုံသီးနှံများ ပိုမိုထုတ်လုပ်နိုင်အောင် ကြိုးစားရန်လိုအပ်ပါသည်။ ပဲမျိုးစုံသီးနှံများအနက် မိုးကြို၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် ပဲမျိုးစုံသီးနှံတစ်မျိုးမှာ ပဲတီစိမ်းသီးနှံဖြစ်သည်။ ပဲတီစိမ်းသီးနှံသည် အလင်းရောင်တုံ့ပြန်မှု မရှိသောသီးနှံတစ်မျိုးဖြစ်သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုဖြင့် သက်လျင်အထွက်ကောင်းမျိုးများကို ဖော်ထုတ်ရရှိလာသောကြောင့် ရာသီမရွေး စိုက်ပျိုးနိုင်လာသည်။ ပြည်တွင်းစားသုံးမှုအပြင် ဈေးကွက်ကောင်းသဖြင့် ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်လာသည်။ စိုက်ပျိုးကုန်ကျစရိတ် နည်းပါးခြင်းကြောင့် စိုက်ပျိုးလိုသူလည်း များပြားလာသည်။ ဤသို့ဖြင့် ပဲတီစိမ်းသီးနှံသည် သီးထပ် သီးညှပ်စိုက်ပျိုးရေးတွင် အထူးအသုံးဝင်သော သီးနှံတစ်မျိုး ဖြစ်လာပါသည်။  

▪️ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ရောင်းချမှု▪️  

▪️ပဲတီစိမ်းသီးနှံကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ မိုးဦးရာသီတွင် စိုက်ပျိုးသည်။ မိုးလယ်ရာသီတွင်လည်း စိုက်ပျိုးသည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ ဆောင်းရာသီတွင် စိုက်ပျိုးသည်။ ပဲတီစိမ်းသီးနှံ တစ်မျိုးတည်းသာ သီးသန့်စိုက်ပျိုးသကဲ့သို့ စပါးအပြီး သီးထပ်သီးနှံအဖြစ် စိုက်ပျိုးသည်။ နှမ်းလျင်၊ ပြောင်းဖူး၊ မြေပဲ စသည့် အခြားသီးနှံများနှင့်သီးထပ်စိုက်ပျိုးသည်။ ပဲစင်းငုံ၊ နှမ်းလျင်တို့နှင့်လည်း သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးလျက်ရှိပါသည်။ မိုးဦး၊ မိုးလယ် ပဲတီစိမ်း စိုက်ပျိုးမှုသည် ရွာသွန်းသည့် မိုးရေကို အားကိုး၍ စိုက်ပျိုးခြင်းဖြစ်သည်။ ဆောင်းရာသီ ပဲတီစိမ်းမှာမူ မြေတွင်းလက်ကျန်အစိုဓာတ်ကို အသုံးချ၍ စိုက်ပျိုးခြင်းဖြစ်သည်။  

▪️မိုးဦး၊ မိုးလယ်သာမက ယခုအခါ သွင်းရေရရှိသည့် ဒေသများ၌ မိုးကြို သို့မဟုတ် နွေရာသီတွင်ပါ ပဲတီစိမ်းကို စိုက်ပျိုးလာကြပါသည်။လယ်မြေ (သို့မဟုတ်) ယာမြေကို ရေသွင်း၍ ထွန်ရေးပြုပြင်ပြီး စိုက်ပျိုးကာ အပင်ပေါက်သည်မှစ၍ မြေအမျိုးအစားနှင့် ရေထိန်းနိုင်မှုအပေါ်မူတည်ပြီး တစ်ပတ် သို့မဟုတ် ဆယ်ရက်ခြားရေပေးသွင်းကာ ကြီးထွားဖွံ့ဖြိုးသီးပွင့်စေသည်။ ဤသို့ စိုက်ပျိုးသည့် ရေသွင်း နွေပဲတီစိမ်းသည် အထွက်ကောင်းသည်။ သို့ဖြစ်၍ စိုက်ဧရိယာ တိုးချဲ့လာကြောင်း သိရပါသည်။  

▪️ယခုအခါ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၅ သန်းကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ထွက်ရှိသောပဲတီစိမ်းကို နိုင်ငံအတွင်း၌ ပဲကြာဆံ၊ ပဲပင်ပေါက်၊ ပဲဟင်းလျာ စသည်ဖြင့် စားသုံးသည်။ ပြည်တွင်း၌ အနည်းငယ်သာစားသုံးပြီး အများစုကို ပြည်ပသို့ တင်ပို့ရောင်းချသည်။ နှစ်စဉ် တန်ချိန် ၃ ဒသမ ၅ သိန်းကျော် တင်ပို့ရောင်းချလျက် ရှိသည်။ သို့ဖြစ်ရာ ပဲတီစိမ်းသည် နိုင်ငံခြားဝင်ငွေရရှိစေသည့် ပဲမျိုးစုံသီးနှံတစ်မျိုး ဖြစ်လာပါသည်။ မတ်ပဲ၊ ကုလားပဲ စသည့် သီးနှံများသည် ဆောင်းရာသီတွင်သာ စိုက်ပျိုးဖြစ်ထွန်းသည်။ ပဲစင်းငုံမှာ မိုးရာသီတွင်သာ စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းမှာမူ အချိန်ခါမရွေး စိုက်ပျိုးနိုင်သည်။ သို့ဖြစ်၍ ပဲတီစိမ်းသီးနှံသည် ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် တင်ပို့ရောင်းချရန်အလားအလာကောင်းသည့် ပဲမျိုးစုံသီးနှံတစ်မျိုး ဖြစ်ပါသည်။  

▪️လေလွင့်ဆုံးရှုံးမှုနည်းပါးရေး▪️  

▪️ပဲတီစိမ်းသီးနှံ ထုတ်လုပ်မှုမြင့်မားရေးအတွက် သက်လျင်အထွက်ကောင်းပြီး ပိုးမွှားရောဂါဒဏ် ခံနိုင်သည့်မျိုးကို အသုံးပြုစိုက်ပျိုးရန်လိုသည်။ အထွက်ကောင်းမျိုးတိုင်း၌ အထွက်စွမ်းရည် အပြည့်အဝရှိပြီးဖြစ်သည်။ သို့သော် စနစ်တကျ ပြုစုဂရုစိုက်၊ ရေသွင်း၊ ရေထုတ်မှန်ကန်၊ မြေသြဇာကျွေး၊ ပိုးမွှားရောဂါကာကွယ်ပေး၊ လိုလေသေးမရှိအောင် ပြုစုဂရုစိုက်မှသာ တစ်ဧက အထွက်နှုန်းမြင့်မားနိုင်မည်ကို အသိပေးလိုပါသည်။စိုက်ခင်းက ပွင့်သီးပေးသော အတောင့်အစေ့အားလုံးကို ရယူနိုင်ခြင်းရှိပါရဲ့လား။ မရှိမှာ သေချာသည်။ တောင်သူလယ်သမားများသည် မိမိအိမ်သို့ရောက်ရှိပြီး ပုတ်၊ အိတ်ထဲသို့ ရောက်ရှိထည့်သွင်း သိုလှောင်နိုင်သည့် ကျီဝင်သောပမာဏကိုသာ တစ်ဧကအထွက်ဟု သတ်မှတ်နေသည်။ တကယ်တော့ တစ်ဧကအထွက်သည် ထို့ထက်ပိုမိုမည် ဖြစ်ပါသည်။  

▪️သို့ဖြစ်၍ စိုက်ခင်းက ထုတ်လုပ်သမျှ စိုက်ပျိုးသူတောင်သူလယ်သမား၏နေအိမ်သို့ အလေအလွင့်နည်းပါးစွာဖြင့် ရောက်ရှိအောင် ဆောင်ရွက်ရန်လိုသည်။ စိုက်ပျိုးသည့်မျိုးအလိုက် အထွက်စွမ်းရည်ကို အပြည့်အ၀ ရရှိသင့်ပါသည်။ ပဲတီစိမ်းသီးနှံ လေလွင့်ဆုံးရှုံးနိုင်သည့် လုပ်ငန်းစဉ်များမှာ ..... ရိတ်သိမ်းစဉ်(Harvesting)၊ ခြွေလှေ့စဉ် (Thresting & Winnowing)၊ သယ်ယူပို့ဆောင်စဉ် (Transporting)နှင့် သိုလှောင်စဉ် (Storage)တို့တွင်ဖြစ်ကြောင်း သိရသည်။ လေ့လာမှုများအရ ရိတ်သိမ်းချိန်နှင့်ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းများဆောင်ရွက်စဉ် လျော့နည်းဆုံးရှုံးမှု (Post-harvest losses)သည် ပဲတီစိမ်းသီးနှံအထွက်၏ ၁၀ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရပါသည်။  

▪️ရိတ်သိမ်းချိန်မှန်ရေး▪️  

▪️မှန်ကန်သည့် ရင့်မှည့်ချိန်၌ ရိတ်သိမ်းပါက လေလွင့်ဆုံးရှုံးမှု သက်သာစေရုံသာမက ဈေးကွက်ကြိုက်အရည်အသွေးကို ရရှိစေမည်ဖြစ်သည်။ ရင့်မှည့်ချိန်ထက်စော၍ ရိတ်သိမ်းပါက ပဲတီစိမ်းအထွက် နည်းစေသည်။ မအောင့်တမာအစေ့များ ရောနှောပါဝင်လာစေသည်။ အရည်အသွေးညံ့ဖျင်းသည့် အစေ့များကို ရရှိစေသည်။ သိုလှောင်ရာတွင် ပိုးထိုးနိုင်ပါသည်။ ရိတ်သိမ်းချိန်နောက်ကျပါက သီးတောင့်များ ကွဲအက်ကြွေကျစေသည်။ ပဲတီစိမ်းအစေ့များ လေလွင့်ဆုံးရှုံးနိုင်သည်။ ငှက်၊ ကြွက်နှင့် ပိုးမွှားများ ဖျက်ဆီးမှုကို ခံရနိုင်သည်။ မိုးရွာခြင်း၊ ရာသီဥတုဆိုးရွားခြင်းများ ဖြစ်ပေါ်ချိန်တို့တွင် ရိတ်သိမ်းပါကလည်း သီးတောင့်များ ပျက်စီးဆုံးရှုံးနိုင်ပါသည်။ပဲတီးစိမ်းပင်ရှိ အတောင့်များ၏ ၈၀ရာခိုင်နှုန်း ကောင်းစွာရင့်မှည့်သည့်အချိန်သည် ရိတ်သိမ်းရန်သင့်တော်သည့် ရိတ်သိမ်းချိန်မှန် ဖြစ်သည်။ ထိုအချိန်တွင် ရိတ်သိမ်းရန်ဖြစ်ပါသည်။  

▪️ရိတ်သိမ်းချိန်လွန် နည်းစနစ်မှန်ရေး ▪️  

▪️ရိတ်သိမ်းပြီး ပဲတီစိမ်းအတောင့်များကို ခြွေစဉ် သုည ဒသမ ၆၃ ရာခိုင်နှုန်းနှင့် လှေ့စဉ် သုည ဒသမ ၆၁ ရာခိုင်နှုန်း လျော့နည်းနိုင်ကြောင်း သိရသည်။ သို့ဖြစ်၍ ရိတ်သိမ်းခြွေလှေ့မှု လုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ရန် လိုသည်။ ကောင်းမွန်သည့် ခြွေလှေ့တလင်းပေါ်တွင် စနစ်တကျ ဂရုပြုဆောင်ရွက်သင့်ပါသည်။သိုလှောင်သည့် နေအိမ်၊ အဆောက်အအုံ၊ ဂိုဒေါင်သို့ သယ်ယူပို့ဆောင်စဉ် လေလွင့်ဆုံးရှုံးနိုင်မှုမှာ သုည ဒသမ ၁၉ မှ သုည ဒသမ ၈၆ ရာခိုင်နှုန်းအထိ ဖြစ်သည်။ စနစ်တကျ အိတ်သွတ်သယ်ယူပို့ဆောင်ခြင်းဖြင့်လေလွင့်ဆုံးရှုံးမှု လျော့နည်းစေနိုင်ပါသည်။  

▪️ပဲတီစိမ်းအစေ့များ ရောင်းဝယ်ဖောက်ကားရန် သိုလှောင်စဉ်တွင် လေလွင့်ဆုံးရှုံးနိုင်မှုမှာ အများဆုံးဖြစ်သည်။ ၇ ဒသမ ၅ ရာခိုင်နှုန်းခန့်အထိ ဖြစ်သည်။ ပိုးမွှား၊ ကြွက်နှင့် ငှက်များ ဖျက်ဆီးနိုင်သည်။ အရေအတွက်သာမက အရည်အသွေးပါ ကျဆင်းသဖြင့် ရောင်းပန်းမလှ ဖြစ်နိုင်သည်။ နည်းစနစ်မှန်စွာ ဖျက်ဆီးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်နှင့် စနစ်တကျသိုလှောင်ရန် လိုပါသည်။  

▪️ဈေးကွက်ကြိုက်ရောင်းပန်းလှရေး▪️  

▪️ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်း၍ ရိတ်သိမ်းပြီးနောက်ပိုင်း ခြွေလှေ့သိုလှောင်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အလေအလွင့်နည်းအောင် ဆောင်ရွက်ပြီးပါက ဈေးကွက်ကြိုက် ရောင်းပန်းလှ အရွယ်အစားများကို (grading)ခွဲခြားသင့်သည်။ စိုက်ပျိုးသူ၊ ရောင်းဝယ်သူနှင့် စားသုံးသူ အရည်အသွေးကြိုက် ဖြစ်စေသင့်ပါသည်။ပဲတီစိမ်းရောင်းဝယ်ရာတွင် မျက်မြင်ဖြင့် အရည်အသွေးကောင်းမှု၊ အရွယ်အစားညီညာမှု၊ အစိုဓာတ်မှန်မှု၊ ကွဲအက်အစေ့များနှင့် အခြားမလိုအပ်သည်များ မပါဝင်မှု စသည်တို့ကို ကြည့်ရှုလေ့ရှိသည်။ သို့ဖြစ်၍ ဈေးကောင်းရ၍ ဝင်ငွေကောင်းရန် အဆင့်မီ အရည်အသွေးကောင်း ပဲတီစိမ်းအစေ့များကို အမျိုးအစားခွဲခြားကာ ရောင်းချသင့်ပါသည်။  

▪️ပဲတီစိမ်းသီးနှံ စိုက်ပျိုးရာတွင် ထုတ်လုပ်မှုမြင့်မားရေးအတွက် မျိုးကောင်းမျိုးသန့်ကို အသုံးပြုခြင်း၊ စိုက်ချိန်နှင့် စိုက်နည်းစနစ်မှန်ကန်ခြင်း၊ မြေသြဇာအသုံးပြုခြင်း၊ ပိုးမွှားနှင့်ရောဂါ ကာကွယ်နှိမ်နင်းခြင်း စသည့် စိုက်ပျိုးသည်မှ သီးပွင့်ရင့်မှည့်သည်အထိ လုပ်ငန်းအဆင့်ဆင့် မှန်ကန်ရုံဖြင့် ပြည့်စုံခြင်းမရှိသေးချေ။ ရိတ်သိမ်းချိန်မှန်ရမည်။ ခြွေလှေ့သိုလှောင်မှုစနစ် မှန်ရမည်။ ထို့ပြင် အရည်အသွေးမကျဆင်းရေး၊ အဆင့်အတန်းမီ အရွယ်အစားညီညာရေးကိုလည်း ဦးစားပေးသင့်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။  

- မောင်ဖူးဝေ(တောင်တွင်းကြီး)  
- မြန်မာ‌တောင်သူကြီးများဂျာနယ်