menu

လိမ္မော်ပင်စိုက်ပျိုးခြင်းဆိုင်ရာ သိမှတ်စရာများ

🍃🍊🍃🍊🍃🍊🍃🍊🍃🍊🍃

🔸လိမ္မော်သီးမျိုးစိတ်အများအပြားရှိသည့်အနက်ထင်ရှားသည့်လိမ္မော်မျိုးသုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးမှာ အချိုမျိုး၊ဒုတိယတစ်မျိုးမှာကမ္ဗလာသီးခေါ်လိမ္မော်သီးအငယ်စားဖြစ်ပြီးတတိယတစ်မျိုးမှာ လိမ္မော်ယိုပြုလုပ်အခါးမျိုးတို့ဖြစ်ကြပါသည်။မြန်မာနိုင်ငံမှထွက်သောလိမ္မော်သီးများသည်အငယ်စားမျိုးဖြစ်၍လိမ္မော်သီးနှင့်ကမ္ဗလာသီးဟူ၍နှစ်မျိုးနှစ်စားရှိပါတယ်။ လိမ္မော်သီးဟု အများခေါ်နေကြတဲ့အသီးမှာ လိမ္မော်ခွံပွမျိုး ဖြစ်ပြီး ကမ္ဗလာသီးမှာ ခွံကျစ်မျိုးဖြစ်ပါတယ်။

🔸လိမ္မော်ပင်စိုက်ပျိုးရာတွင်အရေးကြီးဆုံးမှာရာသီဥတုဖြစ်ပါတယ်။ရေမြေရာသီဥတုသည်အပင်ဖြစ် ထွန်းမှု၊အသီးအပွင့်ဖြစ်ထွန်းမှု၊ပိုးမွှားရောဂါဒဏ်ခံနိုင်မှုတို့တွင်စိုက်ပျိုးသည့်မျိုးထက် အဓိကကျပါတယ်။စီးပွားဖြစ်စိုက်ပျိုးလိုလျှင်ရေမြေရာသီဥတုကိုက်ညီသောမျိုးကို ရှာ၍သော်လည်းကောင်း၊စိုက်ပျိုးလိုသောမျိုးနှင့်ကိုက်ညီသောရေမြေရာသီဥတုကို ရှာ၍သော်လည်းကောင်း စိုက်ပျိုးသင့်ပါတယ်။

🔸လိမ္မော်ကိုဖေဖော်ဝါရီလနှင့်မတ်လတွင်ပျိုးထောင်ပြီးဇူလိုင်လနှင့် ဩဂုတ်လများတွင် ပင်မစိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြပါတယ်။အောက်တိုဘာလနှင့်ဒီဇင်ဘာလများတွင်ထွက်ရှိပါတယ်။ နှစ်ရှည်သီးနှံဖြစ်၍ စတင်အသီးခူးပြီးသည့်နှစ်မှစ၍နောက် ၄ - ၅ နှစ်အထိ ခူးဆွတ်နိုင်ပါတယ်။ စိုက်ပျိုးသည့်မျိုး၊ရာသီဥတု၊အပင်ထိန်းသိမ်းပြုစုနိုင်မှု၊မြေဩဇာကျွေးမှုတို့အပေါ်မူတည်ပြီး သက်တမ်းကွာခြားပါတယ်။လိမ္မော်ပင်ကိုစီးပွားဖြစ် သက်တမ်းနှစ်(၂၀မှ၂၅) အထိ စိုက်ပျိုးလျက်ရှိပါတယ်။ 

🔸လိမ္မော်ပင်သည် ပူအိုက်သော ရာသီဥတုတွင်လည်းကောင်း၊ ချမ်းအေးသော ရာသီဥတုတွင်လည်းကောင်း ပေါက်ရောက်နိုင်သော်လည်းပူအိုက်သောရာသီဥတုရှိသည့်ဒေသတို့မှရရှိသည့်လိမ္မော်သီးတို့မှာအနံ့၊အရသာ၊အသွေးအရောင်မှစ၍အနည်းငယ်ချွတ်ယွင်းပျက်ပြယ်တတ်သောကြောင့် ချမ်းအေးသောရာသီဥတုရှိတဲ့ဒေသတို့သည် လိမ္မော်ပင်စိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်ပါတယ်။

🔸လိမ္မော်ကိုရေကောင်းစွာစီးဆင်းသောမြေပွနှင့်နုန်းဆန်သည့်မြေများတွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သော်လည်းရေဝပ်သောမြေ၊ စိမ့်ကိုင်သောမြေတို့တွင် အပင်မဖြစ်ထွန်းနိုင်ပါ။ သို့ရာတွင် မြေဖွာခြင်း၊စေးခြင်းတို့ကိုနွားချေး၊သစ်ဆွေးမြေဩဇာထည့်ပေးခြင်းတို့ဖြင့်ပြုပြင်နိုင်ပါသည်။ အပင်အသီးဖြစ်ထွန်းမှုအတွက်နေ့ညပျမ်းမျှအပူချိန်(၅၅-၁၀၀) ဒီဂရီဖာရင်ဟိုက်ခန့်လိုအပ်ပြီး ပျမ်းမျှ အပူချိန်(၇၀-၉၀) ဒီဂရီဖာရင်ဟိုက်အတွင်းစိုက်ပျိုးရန်သင့်တော်ပါတယ်။ 

🔸ခြောက်သွေ့သောရာသီဥတုသည်အပင်၏အမြစ်ကြီးထွားမှုအတွက်ကောင်းမွန်ပြီးသီးနှံကြီးထွားမှု အကောင်းဆုံးဖြစ်ရန်ဆိုပါကခြောက်သွေ့ပြီးမိုးရေချိန်နည်းပါးသည့်နွေရာသီသည် အသင့်တော်ဆုံးအခြေအနေဖြစ်ပါတယ်။သီးနှံအထွက်ကောင်းမွန်ရန်အတွက်သီးနှံကြီးထွားစဉ် ကာလတလျှောက်လုံး ကောင်းမွန်သောအပူချိန်ကိုထိန်းသိမ်းရန်လိုအပ်ပြီးအပူချိန်မလုံလောက်လျှင် အသီးမချိုခြင်း၊တာရှည်အပူချိန်မလုံလောက်လျှင်အသီးရင့်မှည့်မှုပုံမှန်မဖြစ်နိုင်ခြင်း၊ တာရှည်စွာအပူချိန်များနေလျှင်လည်း အသီးမသီးနိုင်ခြင်း၊ ပူပြင်းခြောက် သွေ့သောရာသီတွင် အသီးများ နေလောင်တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။ သီးနှံ အကြီးစား (သို့) စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဟု ရည်ရွယ်ပါကမြေဆီလွှာ၏သင့်တော်မှုနှင့်စိုက်ပျိုးဖြစ်ထွန်းနိုင်မှုတို့ကိုသိရှိနိုင်ရန် မြေဆီလွှာစမ်းသပ်ချက် လုပ်ဆောင်သင့်ပါတယ်။ 

🔸မြန်မာနိုင်ငံတွင်လိမ္မော်သီးသည်မျိုးနှင့်ရာသီဥတုပေါ်မူတည်ပြီးအောက်တိုဘာလမှ ဒီဇင်ဘာလအထိ အသီးများကိုစတင်ဆွတ်ခူးကြပါတယ်။အသီးခွံသည်ရာသီဥတုအေးလျှင်အဝါဖျော့၊ အဝါရင့်ရောင်ရှိလာသဖြင့် အသီးမှည့်/ မမှည့် ခွဲခြားရန် လွယ်ကူသည်။ အရသာကို စားကြည့်ခြင်းဖြင့်သာ ဆုံးဖြတ်၍ရနိုင်တယ်လို့သိရှိရပါတယ်။အသီးခူးရာတွင် တစ်လုံးချင်း စနစ်တကျခူးမှသာ အပင်လည်းမနာ၊ အသီးလည်းမနာပဲ ဈေးကောင်းရနိုင်သောကြောင့် စနစ်တကျ ခူးဆွတ်ပြီး ခြင်းကြားများတွင်ထည့်၍ ထိခိုက်မှုမရှိအောင် ကိုင်တွယ်ခြင်း၊ သယ်ယူခြင်းများကို ပြုလုပ်သင့်ပါတယ်။

ကိုးကား : သစ်သီးဝလံများစိုက်ပျိုးခြင်းဗဟုသုတ