menu

မာလကာသီး သီးထိုးယင် ကာကွယ်နည်း


🍃🍏🍃🍏🍃🍏🍃🍏🍃🍏🍃

✔️သီးထိုးယင်သည် ခြင်၊ ယင်အုပ်စု (Order: Diptera)တွင် ပါဝင်သော ယင်ကောင်အမျိုးအစား အင်းဆက်ဖျက်ပိုးတစ်မျိုးဖြစ်သည်။ သီးထိုးယင်သည် မာလကာသီး တွင်သာမက သရက်သီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သင်္ဘောသီး၊ ကျွဲကောသီး၊ မင်းဂွတ်သီး၊ လိမ္မော်သီး၊ နှင်းသီး၊ မက်မွန်သီး၊ ကြက်မောက်သီး၊ သခွားမွှေးသီး စသည့်သစ်သီးဝလံများနှင့် ဗူး၊ ဖရုံ၊ သခွား၊ ခဝဲ၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေသီး၊ငရုတ်၊ခရမ်းချဉ် စသည့် ဟင်းသီးဟင်းရွက်အုပ်စုမှ အသီးများတွင် ကျရောက်ဖျက်ဆီး တတ်ပါသည်။

✔️သီးထိုးယင်မျိုးစိပ်ပေါင်းများစွာရှိပြီး ၎င်းတို့အနက်မှ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော သီးထိုးယင် မျိုးစိပ်များမှာ Oriental fruit fly (Bactrocera dorsalis)၊ Melon fly (Bactrocera cucurbitae) နှင့် Guava fruit fly (Bactrocera correcta) တို့ဖြစ်ပါသည်။

✔️သီးထိုးယင် သည် မြန်မာပြည်အောက်ပိုင်း မိုးများသည့်ဒေသများတွင်ပိုမိုကျရောက်ပြီး စောလွန်း၊ နောက်ကျလွန်းသည့် အသီးများတွင်ပို၍ဆိုးရွားတတ်ပါသည်။ သီးထိုးယင်သည် ၎င်း၏ အလေ့အထအရ အထီးနှင့်အမသည် တကြိမ်သာမိတ်လိုက်ပြီး အမသည် အကြိမ်ပေါင်းများစွာ ၎င်း၏ဥအုတံဖြင့် အသီးခွံ နှင့်ကပ်လျက်ရှိသော အသားထဲသို့ ဥကိုထိုးသွင်းအုချသည်။ ဥအုချသည့် အပေါက်တွင် သေးငယ်သော အစက် (အမဲစက်အဖြစ်) ထင်ကျန်ခဲ့ပြီး တခါတရံတွင် ၎င်းအစက်အနီးတွင် အရည်အနှစ်များ ကိုပါ တွေ့ရသည်။

✔️သီးထိုးယင်အမသည် တနေ့တွင် (၃)ဥမှ (၂၀)ဥခန့်အထိ အုနိုင်ပြီး အမသက်တမ်း တလျောက်တွင် ဥပေါင်း(၁,၂၀၀)မှ(၁,၅၀၀)ခန့်အထိ အုနိုင်သည်။ မာလကာသီးထဲရှိ ဥများမှ(၁-၂)ရက် အတွင်း လောက်ကောင်ငယ်ပေါက်လာပြီး ၎င်းလောက်ကောင်များ အသီးအတွင်းတွင် စားသောက်ပြီး(၅-၇)ရက်ခန့်အကြာတွင် လောက်ကောင်အကြီးဘဝသို့ ရောက်ရှိကာ မာလကာသီးအတွင်းတွင် (၇-၁၀)ရက်ခန့် စားသောက်ဖျက်ဆီးသည်။ အသီးတစ်လုံးတွင် လောက်ကောင်များစွာ စားသောက်ထား သဖြင့် အသီးမှာ (၇)ရက်ခန့်အတွင်း ရေစိုနာကွက်များ ဖြစ်ပေါ်ပြီး ပျော့ပုတ်၍ ကြွေကျသည်။ 

✔️ကြွေကျ အသီးအတွင်းရှိ လောက်ကောင်ကြီးများသည် ပိုးရုပ်ဖုံးအဆင့်သို့ ကူးပြောင်းရန် အသီးအတွင်းမှ ခုန်ဆင်းပြီး မြေကြီးအတွင်းသို့ ဝင်ရောက်နေထိုင်ကာ (၇-၈)ရက်ခန့်အကြာတွင် အကောင်ကြီးအဖြစ် ထွက်လာသည်။ ဥမှ အကောင်ကြီးဖြစ်သည်အထိ ဘဝစက်ဝန်းကြာချိန်မှာ ပတ်ဝန်းကျင် အပူချိန်ပေါ် မူတည်၍ ၂၀-၂၅ရက်ခန့်ဖြစ်ပြီး သီးထိုးယင် မျိုးစိပ်အလိုက် အနည်းငယ်ကွာခြားမှု့ ရှိပါသည်။ ပိုးရုပ်ဖုံးမှ ထွက်လာသော သီးထိုးယင်အကောင်ကြီးမှာ စားသောက်ရန် ပရိုတိန်းပြည့်ဝသောအစာ အလုံအလောက် ရရှိပါက (၂-၃) ပတ်ခန့်အကြာတွင် စတင် မျိုးပွားနိုင်ပါသည်။ 

✔️သီးထိုးယင် ကာကွယ်နှိမ်နင်းနည်းများ✔️

- မာလကာသီး က သံပုရာသီးလုံးအရွယ်ရောက်လျှင် အိပ်စွပ်ပါ။ အိပ်စွပ်ရာတွင် သတ်မှတ်အိပ်ကိုသာ အသုံးပြုပါ။

- သီးထိုးယင်ကြောင့်ကြွေကျသော မာလကာသီးများကို ကောက်ယူမြေမြှုပ်ပစ်ပါ။

- မာလကာပင်ခြေရင်းကမြေကို တူးဆွပြီး ရုပ်ထုံးများကိုရှာဖွေဖျက်ဆီးပစ်ပါ။

- Methyl Eugenol ဆေးထောင်ခြောက်ကို လေတင်အရပ်ဖက်မှာ တစ်ဧက (၁၀)ဗူး ခန့်ချိတ်ဆွဲထားပါ။

- အစာအဆိပ်တုံးများ အသုံးပြု၍ သီးထိုးယင်များကို နှိမ်နင်းပါ။

✔️စစ်မှန် ပြည့်ဝ ဝိစာရ✔️

Sources : Saya U Aung San (အောင်ဆန်း - စိုက်ပျိုးရေး)