menu

“မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်မှုအကြောင်း”


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

✅သီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့အခါ မြေဆီလွှာထဲမှာရှိနေတဲ့ အာဟာရဓာတ်တွေပေါ်မူတည်ပြီး သီးနှံပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ အထွက်နှုန်းတွေက ကွာခြားသွားပါတယ်။ ကျန်းမာသန်စွမ်းတဲ့ မြေဆီလွှာမှာဆိုရင် သတ္တုဓာတ်၊ ရေ၊ လေ၊ အော်ဂဲနစ်ဒြပ်စင်များနဲ့ သေးငယ်တဲ့ အဏုဇီဝသက်ရှိလေးတွေ ပါဝင်ကြပါတယ်။

မြေသား၏ ဖွဲ့စည်းတည်ဆောက်မှု
----------------------------- 

မြေဆီလွှာအကြောင်းပြောတဲ့အခါမှာ မြေသားရဲ့ ဖွဲ့စည်းတည်ဆောက်မှု သဘာဝကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။ မြေဆီလွှာမှာ အာဟာရဓာတ်များရှိရန်လိုအပ်သလို ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုရှိရန်လည်း လိုအပ်ပါတယ်။ အကျိုးပြုအဏုဇီဝသက်ရှိလေးတွေ ကျန်းမာစွာရှိနေနိုင်ဖို့ ‌မြေသားအတွင်းမှာ ရေနဲ့အောက်စီဂျင် စိမ့်ဝင်နေနိုင်ရန်အတွက် နေရာအလုံအလောက်ရှိရန်လည်း လိုအပ်ပါတယ်။ မြေဆီလွှာကို ယေဘူယျအားဖြင့် မြေမှုန်အမျိုးအစား (၃) မျိုးနဲ့ ဖွဲ့စည်းတည်ဆောက် ထားပါတယ်။ 

(၁) ရွှံ့စေး 

 အလွန်သေးငယ်တဲ့ မြေသားအမှုန်အမွှားတွေအတူစုပေါင်းပြီးနောက် ကြီးမားတဲ့မြေသားအနေနဲ့ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရွှံ့စေးမြေဟာဆိုရင် မြေဆီကြွယ်ဝသော်လည်း ၎င်းမြေသားရဲ့လျင်မြန်စွာ သိပ်သည်းမှုကြောင့် အလုပ်လုပ်တဲ့အခါမှာ ခက်ခဲမှုရှိနိုင်ပါတယ်။

(၂) သဲမြေ

 ဖွာတဲ့အနေအထားရှိပြီး အလုပ်လုပ်ရမှာ လွယ်ကူပေမယ့် လျင်မြန်စွာခြောက်သွေ့ပြီး အာဟာရဓာတ် တွေဆိုရင်လည်း လျင်မြန်စွာပျောက်ကွယ်ဆုံးရှုံးသွားနိုင်ပါတယ်။ 

(၃) နုန်းမြေ 

 သီးနှံစိုက်ပျိုးရန်အတွက် အကောင်းဆုံးမြေအမျိုးအစားဖြစ်ပါတယ်။ ၎င်းမြေမှာ အော်ဂဲနစ်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး ရေကိုလည်းကောင်းစွာထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ 

✅မြေဆီလွှာရဲ့ သီးနှံပင်ကျန်းမာရေးအပေါ် သက်ရောက်နိုင်တဲ့အချက်တွေကတော့ .....

▪️ သီးနှံတွေစိုက်ပျိုးတဲ့အခါ တစ်ခါတစ်ရံမှာ မြေကြပ်တဲ့အနေအထားမျိုးကို တွေ့ဖူးကြမှာပါ။ ကြပ်တဲ့မြေတွေဟာဆိုရင် ကျစ်လျစ်သိပ်သည်းပြီး မြေဆီလွှာထဲမှာရှိတဲ့ အပေါက်ငယ်လေးတွေရဲ့ ပမာဏကို လျော့နည်းစေကာ ၎င်းအတွင်းမှာရှိနေတဲ့ ရေ၊ လေနဲ့ အဏုဇီဝသက်ရှိလေးတွေကို ကန့်သတ်ထိန်းချုပ်မှု ဖြစ်စေပါတယ်။ 

▪️ နောက်တစ်ချက်ကတော့ မြေချဉ်/ငန် မှုပြင်းထန်တဲ့ အနေအထားပါ။ အချို့သော စိုက်ပျိုးမြေတွေဟာ ဆိုရင် ဆိုးဆိုးရွားရွား မြေချဉ်ခြင်း၊ ငန်ခြင်း ဖြစ်ပေါ်လေ့ရှိပါတယ်။ အဲ့ဒီမြေတွေမှာဆိုရင် အဏုဇီဝ သက်ရှိလေးတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေပြီး ရေရှည်မှာမြေဆီလွှာရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ 

▪️ နောက်ဆုံးတစ်ချက်ကတော့ ဓာတုမြေဩဇာများကို အလွန်အကျွံအသုံးပြုခြင်းဖြစ်ပါတယ်။ ဓာတုမြေဩဇာတွေကို အများအပြားအသုံးပြုမယ်ဆိုရင် အပင်များအတွက် အချိန်တိုအတွင်းမှာ အကျိုးဖြစ်ထွန်းပေမယ့် ရေရှည်မှာ မြေဆီလွှာရဲ့ ဇီဝရုပ်ကွဲပြားမှုများကို လျော့နည်းစေပြီး မြေဆီလွှာကို ထိခိုက်စေနိုင်ပါတယ်။ 

✅ထို့ကြောင့်သီးနှံပင်များစိုက်ပျိုးခြင်း၏ အခြေခံအကျဆုံး မြေသားဖွဲ့စည်းတည်ဆောက်မှုအကြောင်းကိုသိရှိပြီး မိမိတို့စိုက်ပျိုးထုတ်လုပ်မည့် သီးနှံပင်၏ သဘောသဘာဝ၊ အာဟာရဓာတ်လိုအပ်ချက်များနှင့် ညှိနှိုင်းဖြည့်စည်းပေး၍ အောင်မြင်ဖြစ်ထွန်းသောသီးနှံစိုက်ခင်းများစိုက်ပျိုးထုတ်လုပ်နိုင်ရန် ရေးသား တင်ပြလိုက်ရပါသည်။

Sources : Soil & Nutrients