menu

မြေပဲ “မျိုး” ကို စနစ်ကျစွာ သိုလှောင်ပါ


🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿

🔘သီးနှံများစိုက်ပျိုးရန် မျိုးအဖြစ်ဝယ်ယူကြရာတွင် မြေပဲမျိုးသည်တခြားသောသီးနှံမျိုးများထက် ဝယ်ယူရခက်ခဲပါသည်။ အဓိကဆီထွက်သီးနှံ မြေပဲတွင် စိုက်ပျိုးချိန်အမှီ မျိုးရှာရသောဒုက္ခ၊ မျိုးကိုဈေးကြီးပေး ဝယ်ရရသဖြင့်စရိတ်မသက်သာသောဒုက္ခ၊ မိမိစိုက်ပျိုးလိုချိန်တွင်မျိုးရှာမရ၍ အချိန်မှီမစိုက်နိုင်သည့် ဒုက္ခ၊ စိုက်ပျိုးလိုသောဧကပြည့်မှီအောင် မျိုးမရှိ၍မစိုက်ရသောဒုက္ခ စသည့်ဒုက္ခများကိုမြေပဲစိုက်သူများ ကြုံတွေ့ကြရပါသည်။

🔘အထူးသဖြင့် ဆောင်းမြေပဲစိုက်ပျိုးလိုကြသော တောင်သူလယ်သမား၊ ကိုင်းကျွန်းမြေယာပိုင်ဆိုင်သူများသည်နှစ်စဉ်ကြုံတွေ့ရတတ်သော မျိုးမြေပဲအခက်အခဲကိုဖြေရှင်းနိုင်ကြရန်မျိုးမြေပဲကို မိမိတို့ကိုယ်တိုင် သိုလှောင်၍ “ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်မျိုးကိုယ့်ထား” ကြပါရန်တိုက်တွန်းလိုပါသည်။

🔘ကိုင်းနှင့်လယ်သီးထပ်တွင်မြေပဲစိုက်ပျိုးရန်မျိုးကိုမြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးရာသီစိုက်ပျိုး သောမိုးမြေပဲမှ မျိုးမြေပဲအဖြစ်ဝယ်ယူစိုက်ပျိုးလေ့ရှိသည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်လည်း ဤနည်းဖြင့်ဆောင်းမြေပဲစိုက်ရန်မျိုးယူလေ့ရှိကြသည်။ သို့သော် အညာဒေသတွင် မိုးကမမှန်၊ မိုးဦး မိုးလယ် မိုးခေါင်မှုများကြောင့် မိုးမြေပဲစိုက်ချိန်နောက်ကျလာကြသည်။ 

🔘ထို့ကြောင့်ဆောင်းမြေပဲအတွက် မျိုးရရှိရန်အခက်အခဲရှိလာပါသည်။ သို့ဖြစ်ရာဆောင်းမြေပဲစိုက်ပျိုးရန် မျိုးအဖြစ်သုံးနိုင်ရေးအတွက် ယခင်နှစ်ကစိုက်ပျိုးခဲ့သောဆောင်းမြေပဲကို စနစ်တကျသိုလှောင်ထားတတ်လျှင်မျိုးအဖြစ်ထိန်းသိမ်း ထားနိုင်သည်။မြေပဲအပင်ပေါက် ၈၅ ရာခိုင်နှုန်းအထက်ရှိပါက မျိုးအဖြစ်အသုံးပြုသင့်ပါသည်။

🔘ကိုယ့်မျိုးကိုယ်ထားမည်ဆိုပါက မျိုးအဖြစ်ရယူမည့်မြေပဲတောင့်ကိုရိတ်သိမ်းချိန်မှန်ကန်ရန်အရေးကြီး ပါသည်။ မြေပဲတောင့်များရင့်မှည့်မှဆွတ်သိမ်းရမည်။ ရင့်၊မရင့်သိရန်မြေပဲတောင့်ကိုခွဲကြည့်ပါက မြေပဲတောင့်အတွင်းသား ဖော့သားဖြူရောင်မှငါးကြင်းကွက်မှိုင်းမှိုင်းအရောင်စတင်ဖြစ်လျှင် ပုံမှန်ရင့်လာ ပြီဟု မှတ်ယူပါ။ မြေပဲတစ်ပင်တွင်မြေပဲတောင့်များ၏ ၈၀ ရာခိုင်နှုန်းရင့်မှည့်လျှင်နုတ်သိမ်းပါ။ ဤအခြေ အနေမှာ မြေပဲပင်ပန်းပွင့်ပြီးသည့်နောက် (၈၅)ရက်ကြာလျှင်ဖြစ်ပေါ်တတ်သဖြင့် ပန်းပွင့်ချိန်ရက်ကို မှတ်သားထားပါ။ ရင့်မှည့်ချိန်ထက်ကျော်လွန်နောက်ကျပြီးမှ နုတ်သိမ်းရရှိသောမြေပဲတောင့်ကို မျိုးအဖြစ် အသုံးမပြုရပါ။ ရင့်လွန်းသောမြေပဲကိုသိုလှောင်လျှင် မြေပဲစေ့အတွင်းမှာရှိသောဓာတ်ပစ္စည်း များသည်ဓာတ်ပြောင်းလဲကာမြေပဲဆံအောက်တတ်သည်။ မြေပဲဆံမှိုတက်၍မျိုးပင်ပေါက်ညံ့တတ်သည်။

🔘ဒုတိယအရေးကြီးသည်မှာ မျိုးအဖြစ်အသုံးပြုသည့်မြေပဲတောင့်၊မြေပဲဆံတွင် အစိုဓာတ်မများအောင် လျော့ချရမည်။ မျိုးမြေပဲဆံတွင်အစိုဓာတ် ခုနှစ် ရာခိုင်နှုန်းထက်မများပါစေနှင့်။သတ်မှတ်ချက်အစိုဓာတ် ကျန်သည်အထိ ခြောက်သွေ့အောင်နေလှမ်းပါ။ အခြောက်ခံစက်များအသုံးပြု၍ အစိုလျှော့ချပါ။ ရင့်လွန်းသောမြေပဲတွင် မြေပဲဆံအောက်တတ်သကဲ့သို့ အစိုဓာတ်များသောမြေပဲတွင်လည်း မြေပဲဆံအတွင်းဓာတ်သဘာဝပြောင်းလဲ၍မြေပဲဆံအောက်တတ်သည်။ ရောဂါများအလွယ်တကူ ဝင်နိုင်သည်။ အပင်ပေါက်ထိခိုက်နိုင်သည်။ မြေပဲတောင့်ကိုသွားဖြင့်ကိုက်ကြည့်ပါက “ထောက်”ကနဲ ကွဲသွားလျှင်သတ်မှတ်ထားသောအစိုဓာတ် ခုနှစ် ရာခိုင်နှုန်း မြေပဲဆံထဲတွင်ရှိသည်ဟုအကြမ်းဖျဉ်း သိရှိနိုင်သည်။ 

🔘မြေပဲ “မျိုး” ကို စနစ်ကျစွာ သိုလှောင်ရန် .....

▪️ နုလွန်းသောမြေပဲတောင့်၊ ရင့်လွန်းသောမြေပဲတောင့်များ မသိုလှောင်ပါနှင့်၊ မျိုးမထားပါနှင့်။
▪️ ပိန်ရှုံ့ သေးငယ်သော၊ မြေပဲဆံပေါ်ရှိ အမြှေးပါးကွာသော မြေပဲဆံများမျိုးမထားပါနှင့်။
▪️ ဖုံ၊ခဲ၊သဲ ကင်း၍ရင့်မှည့်မှုညီညာသော မြေပဲဆံကိုသာ လေလုံသံပုံး၊ ပေပါပုံးခွံ၊ နွားချေးလိမ်းကြံထားသောပုတ်တို့ဖြင့် စနစ်တကျမျိုးမြေပဲသိုလှောင်ကြပါ။ 

Sources : ကိုရဲ(စိုက်ပျိုးရေး)