menu

မြေပဲတောင့်ကို ဒုက္ခပေးတဲ့ ကျိုင်းညို ဒီလိုကာကွယ်နှိမ်နင်းပါ



❇️မြေပဲတောင့်ကို ဒုက္ခပေးတဲ့ ကျိုင်းညို ဒီလိုကာကွယ်နှိမ်နင်းပါ❇️  
🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜  

☑️တောင်သူလယ်သမားကြီးများကို သတိပြုဖို့ ဆွေးနွေးလိုတဲ့အချက်ကတော့ မိုးမြေပဲများ သိုလှောင်ချိန်မှာ ဒုက္ခပေးတတ်တဲ့ မြေပဲတောင့်ဖျက်ဆီးတဲ့ ကျိုင်းညိုအကြောင်းပဲဖြစ်ပါတယ်။ကျိုင်းညိုဟာ နှစ်စဉ်ကျရောက်တတ်တဲ့ပိုးဖြစ်ပါတယ်။ မြေပဲတောင့်အဟောင်းများ၊ မြေပဲဆန်အဟောင်းများ၊ မြေပဲအိတ်များမှာ ဥများ၊ ရုပ်ဖုံးများ၊ အကောင်ကြီးများ တွယ်ကပ်ပြီး သံသရာစက်ဝန်းဆက်ရှည်နေတတ်ကြပါတယ်။ ဒါပေမယ့် တောင်သူလယ်သမားကြီးများက သတိမမူမိဘဲ ဖြစ်နေကြပါတယ်။ ဒီကျိုင်းညိုဟာ မြေပဲတောင့်များ အခြောက်လှန်းပြီး သိုလှောင်တဲ့အချိန်ရောက်မှ ကျရောက်တတ်တဲ့ ပိုးဖြစ်ပါတယ်။  

☑️မြေပဲပေါ်ချိန်နဲ့ ချိန်ကိုက်ပြီး ပဲတောင့်အဟောင်းတွေမှာ တွယ်ကပ်ကျန်နေတဲ့ ကျိုင်းကောင်အထီး၊ အမတွေဟာ မိတ်လိုက်ပြီး အမများဟာ မြေပဲတောင့်ရဲ့ အပြင်ဘက်အခွံပေါ်မှာ ဥဥပါတယ်။ ဥကနေ အကောင်ပေါက်ပါတယ်။ဥပေါက်ခါစအကောင်ငယ်မှ အကောင်ကြီးအထိ ၄၂ ရက်ကြာပါတယ်။ အကောင်ကြီးဟာ ဘဲဥပုံအညိုရောင်ရှိပြီး၄-၇ မီလီမီတာကျယ်ပါတယ်။ ကြီးမားတဲ့အတောင်မှာ အနက်စင်းများပါပြီးနောက် ခြေထောက်များရှိပါတယ်။ဥကပေါက်ခါစ လောက်ကောင်လေးတွေဟာ မြေပဲခွံကိုအပေါက်ဖောက်ဝင်၍ အတွင်းက မြေပဲဆန်ကို စားပစ်ပါတယ်။

☑️အကောင်ငယ်စဉ်မှာ ဖျက်ဆီးမှုလက္ခဏာကို ထင်ရှားစွာမတွေ့ရဘဲ ဖျက်ဆီးခံရမှုများလာတဲ့အခါမှသာ တွေ့ရတဲ့အတွက် မသိလိုက်ရဘဲ ဆုံးရှုံးရမှုများတာ တွေ့ရပါတယ်။ မြေပဲတောင့်မှာ ပိုးဖောက်ထားတဲ့ အပေါက်ကလေးများကို ထင်ရှားစွာတွေ့ရပါတယ်။ကျိုင်းညိုကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ။  

☑️(က) ကြိုတင်ကာကွယ်ခြင်း (၁) ပဲတောင့်၊ ပဲဆန်၊ ပဲအိတ်အဟောင်းအကြွင်းအကျန်များကို ပိုးဥ၊ ရုပ်ဖုံး၊ ပိုးကောင်တွယ်ကပ်နေမှု ရှိ၊ မရှိ၊ပဲသိုလှောင်ထားခဲ့တဲ့နေရာမှာ ပိုးဥ၊ ရုပ်ဖုံး၊ ပိုးကောင်များတွယ်ကပ်နေမှုရှိ၊ မရှိ ကြိုတင်စစ်ဆေး၍ ဆေးဖြင့် အမြစ် ဖြတ်သုတ်သင်ပါ။ (၂) ပဲတောင့်၊ ပဲဆန်များကို ကျိုင်းညိုပိုးမဥမီ လူက ဝီရိယဖြင့် ဆေးစီရင်ခြင်းကို ကြိုတင်ဆောင်ရွက်ပါ။  

☑️(ခ) နှိမ်နင်းခြင်း (၁) အဆိပ်ငွေ့မှိုင်းတိုက်နည်း အသုံးပြုပါ။ (၂) မြေပဲတောင့်ကို ဆေးစီရင်ပြီးပါက လေလုံသောပုံးများဖြင့် စနစ်တကျသိုလှောင်ပါ။  

- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာ‌တောင်သူကြီးများဂျာနယ်