menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မြေသြဇာအကျိုး စပါးအထွက်တိုး
မြေသြဇာအကျိုး စပါးအထွက်တိုး
▪️စပါးသည် ရေ၊ မြေ၊ သဘာဝရာသီဥတုမရွေးစိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံတစ်မျိုးဖြစ်သည်။ စပါးစိုက်ပျိုးသည့်မြေဆီလွှာသည် နေရာဒေသအလိုက် ရှိရင်းစွဲအရင်းအမြစ်များ ကွာခြားသည်။စပါးအထွက်နှုန်းကို လွှမ်းမိုးသောအချက်များစွာ ရှိသည့်အနက် စိုက်ပျိုးမြေသည် အရေးပါသည့် သဘာဝအရင်းအမြစ်ဖြစ်သည်။ မြေဆီလွှာသည် စပါးပင်က လိုသလောက် အာဟာရဓာတ်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါ။ လိုအပ်သည့်အာဟာရဓာတ်အတွက် သင့်တော်သည့် မြေသြဇာနှင့် ပမာဏကို လိုအပ်သည့်အချိန်တွင် ထည့်သွင်းပေးခြင်းဖြင့်သာ မျှော်မှန်းစပါးအထွက်ကို ရရှိနိုင်ကြောင်း အသိပေးလိုပါသည်။
မြေသြဇာဆိုသည်မှာ
▪️မြေသြဇာဟုဆိုရာတွင် အပင်များကလိုအပ်သည့်အာဟာရဓာတ်များ ပါဝင်သောမြေဆီလွှာသို့ ထည့်ပေးရသည့် (သို့မဟုတ်)အပင်သို့ ပက်ဖျန်းပေးရသည့် ပစ္စည်းအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ ဤတွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာနှစ်မျိုးစလုံး အကျုံးဝင်သည်။စပါးပင်ရှင်သန်ကြီးထွားရေး၊ ပွင့်သီးရေးအတွက် ဇီဝကမ္မလုပ်ငန်းအ၀၀ကို လည်ပတ်နေစေရန် နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်နှင့် ပိုတက်စီယမ်ဓာတ်များကို အဓိကလိုအပ်သည်။ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့ကို ထည့်သွင်းပေးခြင်းဖြင့် စပါးပင်သည် အဓိကအရေးကြီးသည့် အာဟာရဓာတ်များအပါအဝင် ဒုတိယနှင့် အနည်းငယ်သာလိုအပ်သည့် အာဟာရဓာတ်များကို ရရှိနိုင်ပါသည်။
သဘာဝမြေသြဇာ
▪️သဘာဝမြေသြဇာသည် ပြုပြင်ဖော်စပ်ခြင်းမရှိဘဲ ဓာတုပစ္စည်းကင်းသည့် လယ်ယာလုပ်ငန်းမှ သဘာဝအလျောက် ရရှိနိုင်သော အာဟာရပစ္စည်းများဖြစ်သည်။ သဘာဝမြေသြဇာတွင် နွားချေး၊ကြက်ချေးစသည့် တိရစ္ဆာန်ကရရှိသော ဆွေးမြည့်ပြီးသည့် အညစ်အကြေးများ၊အပင်မှရရှိသည့်ရွက်ကြွေ၊ အပင်အကြွင်းအကျန်၊ သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေး၊ သစ်စိမ်းမြေသြဇာစသည်တို့ ပါဝင်သည်။သဘာဝမြေသြဇများသည် မြေစေးကို ဖွယ်စေ၍ သဲမြေကို စေးစေကာ မြေဆီလွှာ၏ ရုပ်သဘာဝကို ပြုပြင်ပေးသည်။ ထူးခြားသည်မှာ ဓာတ်မြေသြဇာများက ဖြည့်ဆည်းပေးနိုင်သည့် စပါးပင်အတွက် လိုအပ်သော အနည်းလိုအာဟာရဓာတ်များနှင့်အခြားကြီးထွားဖွံ့ဖြိုးရေး အထောက်အကူများကို ပံ့ပိုးပေးသည်။
▪️သဘာဝမြေသြဇာကို စပါးမစိုက်မီအနည်းဆုံး သီတင်းနှစ်ပတ်ကျော် ထွန်ရေးတမန်းပြုပြင်စဉ်ကပင် လယ်ကွက်အတွင်းညီညာစွာပက်ကြဲ၍ မြေနှင့်သမအောင် ထွန်မွှေထည့်သွင်းရန် ဖြစ်ပါသည်။သဘာဝမြေသြဇာတွင် စပါးပင်က လိုအပ်သည့်အာဟာရဓာတ်များ ပါဝင်သော်လည်း ပမာဏမှာ အနည်းငယ်မျှသာ ဖြစ်သည်။ အထွက်နှုန်းမြင့်မားရေးအတွက် လိုအပ်သည့်အာဟာရဓာတ်များ ရရှိရန် သဘာဝမြေသြဇာကိုသာ သုံးစွဲမည်ဆိုလျှင်ပမာဏများစွာ ထည့်သွင်းရမည်ဖြစ်သည်။ဤမျှများပြားသည့် ပမာဏကိုရရှိရန် ခဲယဉ်းသကဲ့သို့ စိုက်ခင်းတွင် ထည့်သွင်းရန်လည်း လွယ်ကူမည်မဟုတ်ချေ။ ထို့ကြောင့် မိမိလယ်ယာလုပ်ငန်းခွင်က ရရှိသည့် သဘာဝမြေသြဇာများကို ဓာတ်မြေသြဇာများနှင့်တွဲဖက်၍ မိမိစပါးစိုက်ခင်းတွင် ထည့်သွင်းအသုံးပြုရန် အကြံပြုလိုပါသည်။
ဓာတ်မြေသြဇာ
▪️
ဓာတ်မြေသြဇာသည် ဓာတုဗေဒနည်းဖြင့် ဖော်စပ်ထုတ်လုပ်သော အပင်အတွက်လိုအပ်သည့် အာဟာရဓာတ်များပါဝင်သောဓာတ်ပစ္စည်းများဖြစ်သည်။ မြန်မာနိုင်ငံတွင်နိုက်ထရိုဂျင်မြေသြဇာအဖြစ် ယူရီးယားဓာတ်မြေသြဇာကိုလည်းကောင်း၊ ဖော့စ်ဖားရပ်မြေသြဇာအဖြစ် ထရစ်ပယ်စူပါဖော့စဖိတ် ဓာတ်မြေသြဇာကိုလည်းကောင်း၊ ပိုတက်စီယမ်မြေသြဇာအဖြစ် မြူရိရိတ်အော့ဖ်ပိုတက်ရှ်ဓာတ်မြေသြဇာကို လည်းကောင်း၊ ယခုအခါ နာမည်အမျိုးမျိုးဖြင့်လည်းကောင်း ဝယ်ယူရရှိသုံးစွဲကြောင်း သိရသည်။ ထို့ပြင် နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်၊ပိုတက်စီယမ်နှင့် အခြားအာဟာရဓာတ်များ ပေါင်းစပ်ပါဝင်သော ကွန်ပေါင်းဓာတ်မြေသြဇာများကိုလည်း ဈေးကွက်တွင် ဝယ်ယူရရှိသုံးစွဲလျက် ရှိပါသည်။
နိုက်ထရိုဂျင်မြေသြဇာ
▪️နိုက်ထရိုဂျင်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်သော အာဟာရဓာတ်ဖြစ်သည်။ သဘာဝအလျောက် ရှိရင်းစွဲပမာဏသည် စပါးပင်အတွက် လုံလောက်မှုမရှိနိုင်သဖြင့် နိုက်ထရိုဂျင်ပါသော ဓာတ်မြေသြဇာကို မဖြစ်မနေ ထပ်မံဖြည့်စွက်ထည့်သွင်းရန် လိုအပ်ပါသည်။နိုက်ထရိုဂျင်မြေသြဇာကို စပါးပင်အတွက် အလိုအပ်ဆုံးအချိန်များတွင် ကျွေးပေးရန်လိုသည်။ အပင်ပွားချိန်၊ မှို့ကပ်ချိန်နှင့် စပါးစေ့နို့ရည်တည်ချိန်တို့သည် နိုက်ထရိုဂျင်အာဟာရရရှိရေးအတွက် အရေးကြီးသည့်အချိန်များ ဖြစ်သည်ဟု သိထားပါသည်။အပင်ပွားချိန်၏ အစောပိုင်းနှင့် အလယ်ပိုင်းကာလတို့တွင် ထည့်ပေးခြင်းသည် ပင်ပွားအများဆုံးကိုဖြစ်စေပြီး အနှံပါသော ပင်ပွားအရေအတွက်များစေသည်။ မှို့ကပ်ချိန်သည် စပါးအနှံလောင်းဖြစ်တည်ချိန် ဖြစ်သည်။ မှို့ကပ်ချိန်နှင့် အစေ့အဆန်ပြည့်ဖြိုးချိန်တို့တွင် နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးခြင်းဖြင့် အနှံအရေအတွက်၊တစ်နှံပါအစေ့အရေအတွက်နှင့် အောင်စေ့ကို များစေသည်ဟု ဆိုပါသည်။
ထည့်သွင်းနည်းစနစ်
▪️စပါးပင်သည် ၎င်း၏ ကြီးထွားအဆင့်အလိုက် နိုက်ထရိုဂျင်အာဟာရကို လိုအပ်ခြင်းကြောင့်လည်းကောင်း၊ နိုက်ထရိုဂျင်မြေသြဇာ၏ သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်၍လည်းကောင်း ယူရီးယားဓာတ်မြေသြဇာကို စပါးစိုက်ခင်း၌ ထည့်သွင်းရာတွင် တစ်ကြိမ်တည်းထည့်သွင်းရုံဖြင့် မလုံလောက်နိုင်ဟု သိရသည်။မြေသြဇာ၏ အကျိုးအာနိသင်အပြည့်အဝရရှိစေရေးအတွက် အကြိမ်ကြိမ်လီ၍ ခွဲဝေထည့်သွင်းသင့်ပြီး လီ၍ကျွေးတိုင်း ထုထည်တူမြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင်ရော၍ တစ်ညနှပ်ထားကာ နောက်နေ့တွင် စိုက်ခင်းအတွင်းညီညာစွာ ကြဲပက်သင့်ပါသည်။ သက်လျင်စပါးမျိုးများတွင် ကောက်လှန်ချိန်၊ ပင်ပွားချိန်၊ အနှံထွက်ချိန်တို့တွင် သုံးကြိမ်လီ၍လည်းကောင်း၊ သက်လတ်စပါးမျိုးများတွင် ကောက်လှန်ချိန်၊ ပင်ပွားချိန်၊ အနှံလောင်းဖြစ်တည်ချိန်နှင့် အနှံထွက်ချိန်တို့တွင် လေးကြိမ်လီ၍လည်းကောင်း ယူရီးယားဓာတ်မြေသြဇာကို ထည့်သွင်းပေးရန်လိုအပ်ကြောင်း သိထားပါသည်။
သတိမူရန် အချက်များ
▪️နိုက်ထရိုဂျင်မြေသြဇာကို အကြိမ်ကြိမ်လီ၍ကျွေးရာတွင် စိုက်ခင်းရှိ ကောက်ပင်များပေါ်သို့ ပက်ကြဲရသဖြင့် သတိမူ ဂရုစိုက်သင့်သည်များရှိသည်။ ကြဲပက်ချိန်တွင်စိုက်ကွင်းထဲ၌ ရေအနက်မှာ နှစ်လက်မခန့်သာ ရှိသင့်သည်။ စပါးရွက်များသည်ခြောက်သွေ့နေရမည်။ အရွက်များ စိုစွတ်နေပါက ကြဲပက်လိုက်သည့် မြေသြဇာများသည် စပါးအရွက်များတွင် တွယ်ကပ်ကျန်ရစ်သဖြင့် အရွက်များကို လောင်စေနိုင်သည်။ မိုးရာသီတွင် မိုးပြင်းထန်စွာရွာမည့်အခြေအနေရှိက ကြဲပက်ရန်မသင့်ပေ။ ကြဲပက်လိုက်သည့်မြေသြဇာသည် ရွာသွန်းသောမိုးများကြောင့် လျှံရေနှင့်အတူ အခြားစိုက်ခင်းများသို့ ရောက်ရှိသွားနိုင်ကြောင်း အသိပေးလိုပါသည်။
မြေသြဇာအကျိုးရှိရေး
▪️ထည့်ပေးလိုက်သော နိုက်ထရိုဂျင်မြေသြဇာ အကျိုးရှိစေရန် အရေးကြီးသောအချက်များမှာ (၁) စိုက်ခင်းတွင် ရေထိန်းသိမ်းမှုကောင်းမွန်စေခြင်း၊ (၂) ပေါင်းမြက်ကင်းစင်စေခြင်းနှင့် (၃) ပိုးမွှားရောဂါများကျရောက်မှုမရှိစေခြင်းတို့ ဖြစ်ပါသည်။စပါးအတွက်ထည့်လိုက်သော နိုက်ထရိုဂျင်မြေသြဇာများသည် ရေမှာပျော်ဝင်၍ စီးရေနှင့်အတူ ဆုံးရှုံးနိုင်သောကြောင့်ရေထိန်းသိမ်းမှုကောင်းမွန်စေရန် လယ်ကန်သင်းများကို ပြုပြင်ပေးထားရပါမည်။ ထို့ပြင် စပါးခင်းကို ရေမပြတ်စေရန် ဂရုစိုက်ပေးရပါမည်။ ရေပြတ်သွားပါက မြေဆီလွှာတွင် လေအစားထိုးဝင်ရောက်လာသောကြောင့် ထည့်လိုက်သော နိုက်ထရိုဂျင်မြေသြဇာများသည် လေနှင့်အတူ အငွေ့အဖြစ်ဆုံးရှုံးနိုင်ပါသည်။ အထူးသဖြင့် လယ်ကွက်များ ခြောက်သွေ့ပြီး ပပ်ကြားအက်ပါကနိုက်ထရိုဂျင်သည် အငွေ့အဖြစ် ပို၍ဆုံးရှုံးနိုင်ပါသည်။
▪️စပါးခင်းတွင် ပေါင်းမြက်များရှိပါက၎င်းတို့သည် စပါးအတွက်ထည့်ပေးလိုက်သော နိုက်ထရိုဂျင်ကို ယှဉ်ပြိုင်လုယူစားသုံးနိုင်သဖြင့် စပါးခင်းတွင် ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပြီးမှသာ မြေသြဇာကို ထည့်ပေးသင့်ပါသည်။ အလားတူပင် စပါးပင်ကို ပိုးမွှားနှင့် ရောဂါကျရောက်မှုမှ ကာကွယ်ပေးခြင်းဖြင့် ထည့်ပေးလိုက်သော နိုက်ထရိုဂျင်မြေသြဇာကို စပါးပင်က အပြည့်အဝရယူစားသုံးနိုင်ပါသည်။ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိသော စပါးမျိုးများကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ပါသည်။
ဖော့စ်ဖရပ်မြေသြဇာ
▪️စပါးတွင် နိုက်ထရိုဂျင်မြေသြဇာကဲ့သို့ပင် ဖော့စ်ဖရပ်မြေသြဇာကိုလည်း ထည့်ပေးရန်လိုသည်။ ဖော့စ်ဖရပ်သည် အပင်ငယ်ကြီးထွားစဉ် ကာလအတွင်း အထူးလိုအပ်သည်။ ၎င်းသည် အမြစ်ပိုင်းကြီးထွားဖွံ့ဖြိုးရေး၊ ပင်ပွားပွားစီးရေးနှင့် ပန်းပွင့်ချိန်စောရေးတို့ကို အားပေးသည်။ ဖော့စ်ဖရပ်မြေသြဇာကို မြေခံအဖြစ် စပါးမစိုက်မီ နောက်ဆုံး ထွန်ရေးတမန်းပြင်ချိန်တွင် ထည့်သွင်းပေးရန် လိုပါသည်။
ပိုတက်စီယမ်မြေသြဇာ
▪️စပါးတွင် ပိုတက်စီယမ်မြေသြဇာကိုအပင်ပွားချိန်နှင့် မှို့ကပ်ချိန်တွင် ထည့်ပေးနိုင်သည်။ ပိုတက်စီယမ်သည် ပင်ပွားများစေပြီး စပါးစေ့အရွယ်အစားနှင့် အလေးချိန်ကို တိုးစေသည်။ စပါးစိုက်မြေ အမျိုးအစားပေါ်မူတည်၍ ပိုတက်စီယမ်မြေသြဇာ ထည့်ပေးသည့်စနစ်သည် ကွာခြားပါသည်။မြေစေးတွင် နောက်ဆုံးထွန်ရေး၌ ပိုတက်စီယမ်ကို ဖော့စ်ဖရပ်မြေသြဇာနှင့်အတူရော၍ ကြဲပက်ပေးသင့်သည်။ သဲဆန်သောမြေတွင်မူ ပိုတက်စီယမ်သည် အလွယ်တကူ စီးစိမ့်ပျောက်ဆုံးနိုင်သည့်အတွက် ပင်ပွားအစပြုချိန်တွင် ကြဲပက်ပေးသင့်ပါသည်။
▪️အကယ်၍ ပိုတက်စီယမ်မြေသြဇာကို အနည်းငယ်သာ အသုံးပြုနိုင်ပါက ပင်ပွားဖြိုင်ချိန်တွင် တစ်ကြိမ်တည်း ကြဲပက်ပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။အလီလီခွဲကျွေးမည်ဟုဆိုပါက အသုံးပြုမည့် ပိုတက်စီယမ်မြေသြဇာကို နောက်ဆုံးထွန်ရေးပြင်ချိန်တွင်တစ်ကြိမ်၊ ကျန်ရှိသည့်ပိုတက်စီယမ်ဓာတ်မြေသြဇာကို အနှံလောင်းဖြစ်တည်ချိန်မတိုင်မီအထိ တစ်ကြိမ် (သို့မဟုတ်) ထို့ထက်ပို၍ ကြဲပက်ပေးနိုင်ကြောင်း သိရပါသည်။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ တွဲဖက်သုံးစွဲသင့်
▪️စပါးစိုက်ပျိုးရာတွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို တွဲဖက်အသုံးပြုသင့်သည်။ စပါးအထွက်နှုန်းမြင့်မားပြီး ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေနိုင်သည်။ သဘာဝမြေသြဇာကို မိမိလယ်ယာလုပ်ငန်းက ရရှိနိုင်သဖြင့် ကုန်ကျစရိတ်မရှိချေ။ ဝယ်ယူရလျှင်လည်း ဈေးနှုန်းကြီးမြင့်ခြင်းမရှိချေ။ သဘာဝမြေသြဇာက စိုက်ပျိုးမြေကို ပြုပြင်ပေးနိုင်သည်။ မြေညံ့နှင့် သဲဆန်သောမြေများတွင် ပိုမိုအကျိုးရှိသည်။ ဓာတ်မြေသြဇာတွင် ပါဝင်ခြင်းမရှိသည့် အနည်းငယ်သာလိုအပ်သည့် အာဟာရဓာတ်များကို သဘာဝမြေသြဇာက ရရှိစေနိုင်သည်။သို့သော် အဓိကလိုအပ်သည့် နိုက်ထရိုဂျင်၊ ဖော့စ်ပရပ်နှင့် ပိုတက်စီယမ်ဓာတ်များမှာ သဘာဝမြေသြဇာတွင် လုံလောက်မှုမရှိသဖြင့် ဓာတ်မြေသြဇာနှင့် တွဲဖက်သုံးစွဲမှသာ စပါးပင်အတွက် လိုအပ်ချက်ပြီးပြည့်စုံစေနိုင်မည် ဖြစ်ပါသည်။
မောင်ဖူးဝေ (တောင်တွင်းကြီး) မြန်မာတောင်သူကြီးများဂျာနယ်