menu

“မျိုးကောင်းမျိုးသန့် မျိုးစေ့များ ရွေးချယ်စိုက်ပျိုးပါ”

🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✅ မြန်မာနိုင်ငံ၏သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင်မိုးရာသီစပါးသီးနှံစိုက်ပျိုးမှုမှာအဓိကဖြစ်သည်။ ဒုတိယမှာ ဆောင်းရာသီ သီးနှံစိုက်ပျိုးမှုဖြစ်သည်။ မိုးတွင်းတစ်မိုးတွင်းလုံးရွာသမျှမိုးရေ၏မြေအစိုဓာတ် ဖြင့်သီးနှံ စိုက်ပျိုးကြရသဖြင့်ဆောင်းစိုက်သီးနှံများမှာ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း၊ ဟင်းသီး ဟင်းရွက်စသဖြင့် အမျိုး စုံသည်။ နွေရာသီကာလတွင်ဆည်ရေရသောဒေသတို့၌သာ နွေနှမ်း၊ နွေစပါးစိုက်ပျိုးနိုင်ကြသည်။

✅ မုတ်သုန်မိုးသည် မေ နှင့် ဇွန်လခန့်တွင် မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဖြစ်သည်။ မုတ်သုံဝင်ပြီဆိုသည် နှင့် မိုးရွာသွန်းမှုသည်ဆက်တိုက်ရွာသွန်းလေတော့သည်။ သို့သော်ဇူလိုင်လ မိုးပြတ်တတ်သည့်အလေ့အထကိုတော့သတိပြုကြရမည်။

✅ စပါးစိုက်ပျိုးကြပြီဆိုသည်နှင့်အထွက်ကောင်းလိုလျှင်၊ သီးနှံအရည်အသွေးကောင်းလိုလျှင် ကြုံရာ ရရာတို့မှဝယ်ယူစိုက်ပျိုးကြသော မျိုးစေ့မဟုတ်သည့်အစေ့ အဆန်များမစိုက်ပျိုးကြဘဲ မျိုးစေ့ကိုသာစိုက်ပျိုးသင့်ပါသည်။ မျိုးစေ့သည် မျိုးပွားခြံ၊ မျိုးသန့်ခြံ၊ စိုက်ပျိုးရေးဌာန၊ မျိုးသန့်ပွားသော တောင်သူလယ်သမားကြီးများနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်လယ်သမားကြီးများ လက်ဝယ်တွင်ရှိသည်။

✅ သီးနှံမျိုးစေ့ထုတ်လုပ်မှုတွင်အဆင့်လေးဆင့်ရှိပါသည်။ အခြေခံမျိုးထုတ်လုပ်မှုတွင်နှစ်ဆင့် နှင့် မျိုးသန့်ထုတ်လုပ်မှုတွင်နှစ်ဆင့်ဖြစ်ပါသည်။ အခြေခံမျိုးထုတ်မှုနှစ်ဆင့်ကို စိုက်ပျိုးရေးသုတေသနဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှထုတ်လုပ်ပေးနိုင်သည်။ ထိုမှရရှိလာသောမျိုးသန့်ပထမအဆင့်ကို စိုက်ပျိုး ရေးဦးစီးဌာန မျိုးစေ့ခြံများမှဆောင်ရွက်ပြီး မျိုးသန့်ဒုတိယအဆင့်ကို ပမာဏများပြားစွာထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဌာန၏ နည်းပညာနှင့်ကြီးကြပ်မှုကိုရယူပြီး ကျေးရွာများတွင်ရွေးချယ်ထားသော အကျိုး ဆောင်တောင်သူများ၏ လယ်ယာမြေတွင်စိုက်ပျိုးထုတ်လုပ်ကြရပါသည်။

✅ မျိုးစေ့ထုတ်လုပ်မှုအဆင့်တစ်ခုစီအလိုက်စနစ်တကျစိုက်ပျိုးထုတ်လုပ်မှသာ ရရှိလာသောမျိုးစေ့ သည်မူလသီးနှံပင်၏ဗီဇနှင့်လက္ခဏာများ၊ ရုပ်သွင်ပြင်များထပ်တူထပ်မျှရရှိလာမည်ဖြစ်ပါသည်။အကျိုးဆောင်တောင်သူများ၏ မျိုးပွားကွက်တွင်နောက်ဆုံးရရှိလာသောမျိုးသည် စိုက်ပျိုးရန်သင့်သော မျိုးဖြစ်ပါသည်။

✅ မျိုးကောင်းမျိုးသန့်မျိုးစေ့ကိုစိုက်ပျိုးခြင်းဖြင့် မျိုးဗီဇတူ၍ အထွက်ကောင်းရုံသာမကဘဲ ရောဂါ နှင့် ပိုးမွှားကျရောက်မှုနည်းပါး၍ မြေဩဇာအာဟာရဓာတ်များကိုလည်းအပင်ကအပြည့်အဝ စားသုံးရယူ နိုင်ပါသည်။ သီးနှံစိုက်ပျိုးမှုအစတွင် စိုက်ချိန်မှန်ကန်ရေး၊ မြေယာထွန်ယက်မှုလုပ်ငန်း နှင့် စိုက်ပျိုးမည့်မျိုးသည် အရေးကြီးလှပါသည်။ ဤသုံးချက်မကောင်းလျှင် အထွက်နှုန်းနည်းပါးခြင်းအပြင် အပင်ကြီးထွားမှုမူမမှန်ခြင်း၊ စရိတ်ကုန်ကျမှုများခြင်း၊ လူပင်ပန်းခြင်း၊ ပတ်ဝန်းကျင်ညစ်နွမ်းခြင်းများဖြစ်မည်။ ထွက်ရှိသည့် သီးနှံ အရည်အသွေးမကောင်းလျှင်ဈေးကွက်ပျက်မည်။

✅ ထို့ကြောင့်မျိုးမဟုတ်သော မျိုးစေ့များကိုမစိုက်ပျိုးဘဲ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ရွေးချယ် စိုက်ပျိုးကြပါရန်နှင့် နှစ်တိုင်းစိုက်၍ရသမျှကို စားလည်းစား၊ ရောင်းလည်းရောင်း၊ မျိုးအဖြစ် လည်း ပြန်စိုက်ပျိုးခြင်းများ မပြုလုပ်ကြပါရန်တိုက်တွန်းရေးသားအပ်ပါသည်။

“မျိုးစေ့မမှန် ပင်မသန်၊ ဖူးတံငုံကင်း အသီးဖျင်း၏”

Sources : ကိုရဲ (စိုက်ပျိုးရေး)

🌱စစ်မှန် ပြည့်ဝ ဝိစာရ🌱