menu

မိုးကြိုသီးနှံ အချိန်မီစိုက်ကြရန်နှင့် ရေလိုအပ်ချက်

✴️မိုးကြိုသီးနှံ အချိန်မီစိုက်ကြရန်နှင့် ရေလိုအပ်ချက်✴️  

▪️မိုးကြိုသီးနှံ (နွေသီးနှံ)၊ မိုးသီးနှံ၊ မိုးနှောင်းသီးနှံ (ဆောင်းသီးနှံ) စိုက်ပျိုးကြရာတွင်မိုးကြိုသီးနှံသည် ဖေဖော်ဝါရီလထဲတွင် အပြီးသတ်စိုက်ပျိုးနိုင်ကြမှသာ မိုးသီးနှံ (စပါး) စိုက်ချိန်၊ ရိတ်သိမ်းချိန် အဆင်ပြေဟန်ကျမည်။ ဆက်တိုက်ဆိုသလို မိုးနှောင်းသီးနှံ (ဆောင်းသီးနှံ) ကိုလည်း နောက်မကျဘဲ ရာသီမှန်၊ အထွက်မှန်ရနိုင်မည် ဖြစ်ပါသဖြင့် ပွဲဦးထွက်မိုးကြိုသီးနှံ စိုက်ပျိုးမှုသည်တစ်နှစ်ပတ်လုံး သီးနှံစိုက်ပျိုးရေး၏ တာထွက်ဖြစ်သည်။ မိုးကြိုသီးနှံ အဆင်မပြေနောက်ကျလိုက်သည်နှင့်အမျှ မိုးစပါး ဆောင်းသီးနှံများ ဆက်တိုက်စိုက်ပျိုးချိန်နောက်ဆွဲသွားနိုင်ပါသည်။  

▪️မိုးကြိုသီးနှံအများစု စိုက်ပျိုးကြသည်မှာလည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိုးကြိုသီးနှံ (နွေသီးနှံ) သည်ဆည်၊ ရေလှောင်တမံရှိမှ၊ ရေပေးနိုင်မှ သီးနှံစိုက်ပျိုးနိုင်၍ ဖြစ်ပါသည်။ အများစု စိုက်ပျိုးကြသည်မှာ မိုးကြိုစပါး(နွေစပါး)၊ နွေနှမ်း၊ မိုးကြိုချည်မျှင်ရှည်ဝါတို့ ဖြစ်ကြသော်လည်း ယခုနှစ် ဆည်ရေရရှိမှု၊ ဆည်ရေပေးနိုင်မှုကို ချိန်ဆ၍ စိုက်ပျိုးကြရပေတော့မည်။ အဆိုပါသီးနှံများသည် စိုက်ပျိုးချိန် (စိုက်ရေ) တစ်ရေတစ်ချိန်ထည့်ပေးနိုင်ရုံဖြင့် ပြီးသည်မဟုတ်ပေ။ အပင်ပွား၊ အပွင့်ပွင့်၊ အသီးစချိန် (ခါးရေ)တစ်ရေတစ်ကြိမ် ထပ်မံပေးမှသာ စိုက်ပျိုးမှုပြည့်ဝအောင်မြင်ပါသည်။ ထို့ကြောင့် ရေကိုချိန်ဆစိုက်ပျိုးသင့်ပါသည်။

▪️ ရေပေးမှုနှစ်ကြိမ်ရလျှင် ဖေဖော်ဝါရီလသည် စိုက်ပျိုးသင့်သောအချိန် ဖြစ်ပါတော့သည်။သက်တမ်းတို နှမ်း၊ နေကြာ၊ မြေပဲ၊ပဲမျိုးစုံတို့ကိုလည်း စိုက်ပျိုးကြပါသေးသည်။ အဆိုပါသီးနှံများတွင် နေကြာမှာ နှစ်ရေ (စိုက်ချိန်နှင့် အပွင့်ကပ်ကြက်ချေးစုချိန်)ပေးနိုင်လျှင် ပိုကောင်းပါသည်။ နှမ်း၊ မြေပဲ၊ပဲမျိုးစုံမှာ စိုက်ရေပေးနိုင်ရုံဖြင့် ရနိုင်ပါသေးသည်။ မည်သို့ပင်ဆိုစေ စိုက်ပျိုးသင့်သည်မှာ ဖေဖော်ဝါရီလအတွင်း ဖြစ်သည်။ ဤတွင် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုကို အားထားစိုက်ပျိုးကြမည့်သူများကလည်းရှိနေကြသည်။ အထွက်များသည့် ဝါမျိုးများ ရှိလာခြင်း၊ ဝါဈေးကောင်းမှု ရှိခြင်းတို့ကြောင့် မိုးလွတ်၊ လေလွတ် စိုက်ပျိုးနိုင်သောမိုးကြိုဝါကို အညာနှင့် မြေလတ်တစ်ခွင်စိုက်ကြသည်။

▪️ချဉ်မျှင်ရှည်ဝါ စိုက်ချိန်သည် တစ်နှစ်နှစ်ကြိမ်ရှိသည်။ ပထမအကြိမ် မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖော်ဝါရီလ စိုက်ကြသည်။ဇူလိုင်လ၊ သြဂုတ်လ ဝါကောက်သိမ်းနိုင်သည်။ ဒုတိယအကြိမ် မိုးနှောင်းချည်မျှင်ရှည်ဝါကို သြဂုတ်လစိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ ဝါသိမ်းကြသည်။ စိုက်ပျိုးချိန်တွင် ရာသီအလိုက် သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးနိုင်လျှင်အထွက်နှစ်ဆခန့်ရနိုင်သဖြင့် စိုက်ချိန်အရေးကြီးပါသည်။

▪️ဝါစိုက်လျှင် ဒုတိယအရေးကြီးသည်မှာ ရေရရှိရေးဖြစ်ပါသည်။ မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖော်ဝါရီလ (စိုက်ရေ) ပေးပြီးလျှင် တိတိကျကျရေပေးရမည်ဆိုပါက (ခါးလယ်ရေ)တစ်ကြိမ်သာမက (အပင်ဖြစ်ရေ) ကို မတ်လ ဝါပင်မှ ပန်းမပွင့်ခင် အပိမ့်ဝင်ချိန် တစ်ရေပေးနိုင်လျှင် ကောင်းသည်။ ဧပြီလ ဝါပင် ပန်းစတင်ပွင့်ချိန် တစ်ရေထပ်ပေးနိုင်လျှင် ကောင်းသည်။ ထို့နောက် မေလ ဝါပင်တစ်ပင်လုံး ပန်းဖြိုင်ဖြိုင်ပွင့်ချိန် တစ်ရေနှင့် ဝါသီးကြီးစအချိန် ဇွန်လတစ်ရေပေးကြရသဖြင့် ဝါပင် အပင်စတင်ဖြစ်ချိန်မှ ဝါအသီးသီးချိန်အထိ ဖေဖော်ဝါရီလ (စိုက်ရေ)၊ မတ်လ (အပိမ့်ဝင်ချိန်ရေ)၊ ဧပြီလ (ပန်းစပွင့်ချိန်ရေ)၊ မေလ (ပန်းပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်ရေ)၊ ဇွန်လ (ဝါသီးကြီးချိန်ရေ) စုစုပေါင်းရေငါးကြိမ်ခန့်ပေးနိုင်မှ အထွက်ကောင်းနိုင်သည်ကို သတိပြုကြသင့်ပါသည်။  

▪️စိုက်ပျိုးရေလေးပေးနိုင်ရုံဖြင့် စိုက်ခဲ့ကြလျှင် ဝါထွက်မကောင်းနိုင်ပါ။ ဆည်ရေပြည့်စုံအောင်ပေးနိုင်လျှင် ဤအချက်မှာ အဓိကမဟုတ်သော်လည်း ယခုနှစ်ကဲ့သို့ ဆည်ရေများ ထူးထူးခြားခြားနည်းပါးသော ကာလမျိုးတွင် ဆည်ရေပေးနိုင်သောဌာနနှင့် စိုက်ပျိုးရေးလုပ်ကိုင်ပေးသောဌာနတို့ ကြိုတင်ညှိနှိုင်း ပူးပေါင်းစီမံကြမှသာလျှင် လက်တွေ့စိုက်ပျိုးနေကြရသော တောင်သူကြီးများ စီးပွားရေးမထိခိုက်မည် ဖြစ်ပါသည်။  

▪️နွေစပါးလည်း ရေလိုသော်လည်း ဝါသီးနှံကဲ့သို့ အကြိမ်မများပါ။ နွေနှမ်းလည်းရေလိုသော်လည်း ဝါကဲ့သို့ မလိုသေးပါ။ ချည်မျှင်ရှည်ဝါမှာ ရေနှင့် အထွက် ချိန်ဆရသော သီးနှံဖြစ်ပါသည်။ ကျန်သည့် ပဲမျိုးစုံ၊မြေပဲတို့၊ နွေနှမ်းမဟုတ်သော ရေပေးသွင်းသည့် နှမ်းများထက် ဆီထွက်နေကြာကိုလည်း အပွင့်ပွင့်ချိန် ရေပေးသင့်ပါသည်။ရေရရှိမည်ဆိုပါက မိုးကြိုသီးနှံများကို ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးမှသာ နောက်ထပ်စိုက်ကြမည့် မိုးစပါး၊ ဆောင်းသီးနှံများစိုက်ချိန်မီသွားပါလိမ့်မည်။  

- ကိုရဲ(စိုက်ပျိုးရေး)
- မြန်မာ‌တောင်သူကြီးများဂျာနယ်