menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မိုးကြိုနှမ်းလျင် စိုက်ပျိုးခြင်းဆိုင်ရာ သိမှတ်စရာများ
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
⏩ နှမ်းလျင်သီးနှံကို လောင်းကစားသီးနှံဟု ရှေးယခင်ကခေါ်ဝေါ်ကြသည်။ စတင် စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ မိုးကြီးခြင်း၊ မိုးခေါင်ခြင်းစသည့် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးနိုင်လို့ ဖြစ်ပါမည်။ မိုးနှမ်းလျင်သီးနှံကို ရည်ညွှန်းပြောဆိုတာ ဖြစ်နိုင်သည်။ မိုးကြိုနှမ်းလျင်မှာမူ ထိုသို့ မဟုတ်နိုင်ပါ။ စနစ်တကျစိုက်ပျိုးလုပ်ကိုင်လျှင် မျှော်မှန်းအထွက်ကို ရရှိနိုင်သည်သာ ဖြစ်ပါသည်။ မိုးကြိုနှမ်းလျင်ကို အေးမြသည့် ဆောင်းရာသီအကုန် ညအပူချိန်မြင့်တက်လာသည့် ဖေဖေါ်ဝါရီနှင့် မတ်လတို့တွင် စိုက်ပျိုးသည်။ သွင်းရေရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အချို့ဒေသများတွင် စိုက်ပျိုးကြပါသည်။
⏩ မိုးရာသီမဟုတ်သဖြင့် မိုးရေကိုအားကိုးလို့မရပါ။ သွင်းရေတစ်မျိုးမျိုးကိုသာ အားကိုးစိုက်ပျိုးခြင်း ဖြစ်သည်။ မိုးနှမ်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်များစွာကုန်ကျခြင်းမရှိသော်လည်း မိုးကြိုနှမ်း စိုက်ပျိုးရာတွင်မူ သွင်းရေအမျိုးအစားနှင့် ရရှိနိုင်သည့်နည်းလမ်းအပေါ်မူတည်ပြီး ကုန်ကျစရိတ် ပိုမိုနိုင်ပါသည်။ သို့ဖြစ်၍ စိုက်ပျိုးကုန်ကျစရိတ်အပေါ်အကျိုးအမြတ်ရှိရေးအတွက် လိုက်နာဆောင်ရွက် သင့်သည့်လုပ်ငန်းများကို အပြည့်အဝလုပ်ကိုင်ဖို့လိုသည်။
⏩ လုပ်ငန်းများအနက် ဂရုစိုက်ဆောင်ရွက်သင့်သော လုပ်ငန်းသုံးရပ်ကို ဖေါ်ပြလိုက်ပါသည်။ ထိုလုပ်ငန်းများမှာ
(၁) မြေပြုပြင်ခြင်း
(၂) အပင်သားခွဲခြင်းနှင့်
(၃) ရေပေးသွင်းခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။
မြေပြုပြင်ခြင်း
-----------
လုပ်ကိုင်နေကျမို့ ခက်ခဲသောလုပ်ငန်းတော့ မဟုတ်နိုင်ပါ။ သို့သော် အလေးထားရန် နှိုးဆော်ခြင်းသာ ဖြစ်သည်။ လယ်မြေမှာစိုက်သောမိုးကြိုနှမ်းဖြစ်၍ ထွန်ရေးမကောင်းလို့မဖြစ်ပါ။ ထို့ထက်ပိုမို အရေးကြီးသည်က ရေသွင်းစိုက်ပျိုးမှာဖြစ်သဖြင့် မြေမျက်နှာပြင် မညီညာလို့ မဖြစ်ပါ။ စပါးရိတ်သိမ်းအပြီး ရိုးပြတ်လယ်ကွင်းအတွင်း ရေသွင်းကာ ထယ်ရေးစတင်ဖို့ ဆောင်ရွက်ရသည်။ ဆက်တိုက်ဆောင်ရွက်လို့မရ။ နေလှမ်းရသည်။ ထွန်ရေးဝင်ရန် အနေတော်မတော် ကြည့်ရသည်။ စိုက်ပျိုးမြေအမျိုးအစား၊ နေ့အပူချိန်၊ လေတိုက်နှုန်းနှင့် လယ်သမား၏အတွေ့ အကြုံတွေက အရေးပါသည်။ အချိန်ကိုက်ဆောင်ရွက်ရန်လိုသည်။ မြေတွင်းအစိုဓာတ်ထိန်းနိုင်ရေး၊ နှမ်းအပင်ပေါက် ကောင်းရေး၊ ချိန်ဆဆောင်ရွက်ကြစေလိုပါသည်။ ရေသွင်းစိုက်ပျိုးမှာဖြစ်သဖြင့် ရေသွင်း မြောင်းများဖေါ်ရသည်၊ ရေထုတ်မြောင်းများ ဖေါ်ရသည်။ သွင်းလိုက်သည့်ရေ ပိုနေလို့မဖြစ်၊ နေရာကွက်ကြား ရေဝပ်နေလို့မဖြစ်၊ မြေပြုပြင်ချိန်တွင် စနစ်တကျ ရေသွင်းရေထုတ်မြောင်းတွေ တစ်ပြိုင်တည်း ဆောင်ရွက်ဖို့၊ ဘောင်စနစ်ဖြင့် စိုက်မည်ဆိုပါကလည်း စိုက်ဘောင်တွေ သေချာပြင်ဖို့ ဖြစ်ပါသည်။
အပင်သားခွဲခြင်း
------------
နှမ်းလျင်စိုက်ပျိုးရာတွင် တစ်ဧကလျင် မျိုးစေ့ (၁.၅ မှ ၂) ပြည်ခန့်ဖြင့် လုံလောက်သော်လည်း နှစ်ဆမက သုံးစွဲစိုက်ပျိုးလေ့ရှိသည်။ နှမ်းစေ့က သေးငယ်သဖြင့် အပင်ပေါက်သေချာစေရန် မျိုးစေ့များများသုံးသည့် အလေ့အထ ဖြစ်ပါမည်။ နှမ်းပင်လေးများ စုပုံကာ ထပ်ညပ်ပေါက်လာပါတော့သည်။ အတန်းလိုက်စိုက် သည် ဖြစ်စေ၊ ကြဲပက်စိုက်ပျိုးသည်ဖြစ်စေ တစ်ကျင်းတစ်ပင်ချန်ပြီး သားခွဲရန်လိုသည်။ နှမ်းခင်းအား မူမှန်အရွက် (၆) ရွက်ထွက်ချိန်ဖြစ်သည့် အပင်သက်တမ်း (၂)ပတ်သားတွင် သားခွဲခြင်းလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။ အတန်းလိုက်စိုက်ပါက အတန်းအတွင်း တစ်ပင်နှင့် တစ်ပင် ၄ လက်မအကွာထားဖို့ ဖြစ်သည်။ ကြဲပက်စိုက်ပါက ခန့်မှန်းခြေ ၄ လက်မခန့် အကွာရအောင် ထွန်ဖြင့် မှုန်းပေးရန် ဖြစ်ပါသည်။ အချုပ်အားဖြင့် တစ်ဧကတွင် အပင်ဦးရေတစ်သိန်းရှိဖို့ လိုသည်။ ဤသည်မှာ နှမ်းလျင်သီးနှံ အထွက်နှုန်းမြင့်မားဖို့ တစ်ဧကတွင်ရှိရမည့်မှန်ကန်သော အပင်ဦးရေ ဖြစ်ကြောင်း အသိပေးလိုပါသည်။
ရေပေးသွင်းခြင်း
------------
မိုးကြိုနှမ်းစိုက်ပျိုးရာတွင် မူလကပင် ရေသွင်းရေထုတ်ကောင်းမွန်သည့်မြေအမျိုးအစားတွင် စိုက်ပျိုးထားသည်ဖြစ်ရာ ရေပေးသွင်းမှုလုပ်ငန်းကို စနစ်တကျဆောင်ရွက်ရန်လိုသည်။ လိုအပ်ပါက ရေပေးသွင်းနိုင်ခြင်း၊ ပိုလျှံပါက ရေထုတ်နိုင်ခြင်း ပြုလုပ်နိုင်ရပါမည်။ ထို့ပြင် အသုံးပြုမည့်ရေသည်လည်း သင့်တော်သည့်အရည်အသွေးရှိရန်လိုပါသည်။ နှမ်းလျင်စိုက်ပျိုးပြီး တစ်ပတ်သားကပင် အပင်ရှင်သန် ရေး အတွက် ရေပေးသွင်းရန် လိုမလို စစ်ဆေးပြီး လိုအပ်ပါက ရေပေးသွင်းရန် ဖြစ်သည်။ ထို့ကြောင့် နှမ်းပင်ကြီးထွားဖွံ့ဖြိုး ပွင့်သီးကာ အောင်မြင်စေရေးအတွက် ရေပေးသွင်းရန်လိုသည့်အချိန် သုံးချိန်ကို အသိပေးလိုသည်။ ထိုသုံးချိန်မှာ- (၁) ပန်းမပွင့်မီအချိန် (၂) ပန်းပွင့်ချိန်နှင့် (၃) နှမ်းအသီး ဖြစ်တည်ချိန်တို့ ဖြစ်ပါသည်။ ပန်းမပွင့်မီအချိန်သည် နှမ်းလျင်စိုက်ပျိုးပြီး (၂၂ မှ ၂၅) ရက်အကြာတွင် ဖြစ်သည်။ ရေတစ်ကြိမ် ပေးသွင်းသင့်ပါသည်။ ပန်းပွင့်ချိန်သည် နှမ်းလျင်စိုက်ပျိုးပြီး (၃၅ မှ ၄၅) ရက်အကြာတွင် ဖြစ်သည်။ ရေတစ်ကြိမ် ပေးသွင်းသင့်ပါသည်။ နှမ်းအသီးဖြစ်တည်ချိန်တွင်မူ ရေလိုအပ်မှုအခြေအနေကိုကြည့်ပြီး တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ် ရေပေးသွင်းသင့်ပါသည်။ နှမ်းအသီးများရင့်မှည့်သည့်ကာလတွင်မူ နှမ်းခင်းမြေသည် အစိုဓာတ်အနည်းငယ်ရှိသော အခြေအနေ ဖြစ်နေသင့်ပါသည်။ နှမ်းလျင်စိုက်ပျိုးအပြီး (၆၅ - ၇၀)ရက် နောက်ပိုင်းတွင်မူ ရေပေးသွင်းမှုပြုလုပ်ရန် မလိုတော့ကြောင်း အသိပေးလိုပါသည်။
⏩ ထိုသို့ မိုးကြိုနှမ်းလျင်သီးနှံ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများစွာအနက် မဖြစ်မနေသိရှိဆောင်ရွက်သင့်သည့် အရေးပါသည့်အချက်များကို သိရှိဆောင်ရွက်ခြင်းဖြင့် မိုးကြိုနှမ်းလျင်သီးနှံ စိုက်ပျိုးအောင်မြင်ကြစေလိုကြောင်း ရေးသားတင်ပြအပ်ပါသည်။
Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ