menu

မိုးစပါးသီးနှံတွင် ပေါင်းမြက်အချိန်မှီ ကာကွယ်နှိမ်နင်းရန်

🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✔️ မိုးရာသီကာလ သီးနှံများစိုက်ပျိုးရေးမှာ အလေးထားဆောင်ရွက်ရမှာတွေက များပါတယ်။ အဲဒီအထဲမှာ မိုးစပါးနဲ့ မိုးယာသီးနှံများမှာ ပေါင်းမြက်အချိန်မှီ ကာကွယ်နှိမ်နင်းဖို့နဲ့ တစ်ဧက အပင်ရေပြည့်ဝစေဖို့ ဆောင်ရွက်ရမယ့်အချက်ကလေးများ မမေ့ကြဖို့ပြောပြချင်ပါတယ်။ 

✔️ ပေါင်းမြက်ဟာ သီးနှံများကို ဘယ်လောက်အထိ ဆုံးရှုံးမှုဖြစ်စေနိုင်တယ်၊ ဘာ့ကြောင့် ဂရုစိုက်သင့်သလဲဟု ဆိုရာတွင် ပေါင်းမြက်ကြောင့် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံတွေမှာ ဆုံးရှုံးမှု ၅ ရာခိုင်နှုန်းရှိပြီး အလယ်အဆင့်ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ဆုံးရှုံးမှု ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ဖွံ့ဖြိုးစနိုင်ငံများမှာတော့ ဆုံးရှုံးမှု ၂၅ ရာခိုင်နှုန်းအထိ မြင့်မားလာတယ်လို့ ဆိုပါတယ်။ ပေါင်းမြက်ကိုထိထိရောက်ရောက် ကာကွယ်နှိမ်နင်းမှု မပြုလုပ်နိုင်ဘူးဆိုရင် စပါးသီးနှံမှာ(၂၆ - ၄၀) ရာခိုင်နှုန်း၊ မြေပဲမှာ ၂၄.၄ ရာခိုင်နှုန်း၊ နှမ်းမှာ ၂၁ ရာခိုင်နှုန်း၊ ပဲတီစိမ်းမှာ ၁၆ ရာခိုင်နှုန်း၊ အစေ့ထုတ်ပြောင်းမှာ ၈ ရာခိုင်နှုန်း၊ ပဲပုပ်မှာ ၁၅ ရာခိုင်နှုန်း အထွက်နှုန်းထိခိုက်ကြောင်း သုတေသနတွေ့ရှိချက်များက ထောက်ပြထားပါတယ်။ 

✔️ ကမ္ဘာမှာ လက်ရှိ ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုဟာ ထိရောက်မှုမရှိသေးတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ လယ်သမားဦးရေ ၆၀၀၀ မှာ ၃၂ ရာခိုင်နှုန်းသာ ပေါင်းမြက်ကိုဂရုတစိုက် ရှင်းလင်းတယ်လို့ ဆိုပါတယ်။ ပေါင်းမြက်ကြောင့် သီးနှံဆုံးရှုံးမှုဟာ ပိုးမွှားနဲ့ ရောဂါနှစ်ခုပေါင်း ဆုံးရှုံးမှုနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ 

✔️ ဒီနှစ် မိုးစပါးမှာ မိုးမကျမီ အခြောက်ကြဲခင်းစနစ်နဲ့ တိုက်ရိုက်မျိုးစေ့ချစနစ် များလာတာတွေ့ရပါတယ်။ မိုးဦးရေရလာလို့ အခြောက်ကြဲခင်းများ၊ တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းများ စပါးပင်များပေါက်လာပြီး စိမ်းစိမ်းစိုစိုဖြစ်လာတာ တွေ့ရပါတယ်။ စပါးနဲ့အတူ ယှဉ်ပြိုင်တက်လာတာကတော့ ပေါင်းမြက်ပါပဲ။ တိုက်ရိုက်မျိုးစေ့ချ စိုက်ခင်းတွေမှာလည်း အလားတူပါပဲ။ ပေါင်းမြက်ကို အချိန်မှီ မကာကွယ် မနှိမ်နင်းနိုင်လို့ ပေါင်းမြက်က လွှမ်းမိုးသွားရင် စပါးအထွက် တစ်ဧက(၃၅-၄၅) တင်း နှုန်းခန့်သာ အများဆုံးထွက်မှာ သေချာပါတယ်။ 

✔️ စပါးအခြောက်ကြဲခင်းနဲ့ တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းတွေမှာ အပင်ပေါက်ပြီးရက် (၄၀) ကျော်အထိ ပေါင်းမြက်ကြီးစိုးနေပါက အနှံစွေ့ပြီး တစ်နှံပါအစေ့နည်းသွားစေပါတယ်။ စပါးပင် အသက်ရက် (၂၀-၄၀) အတွင်း မဖြစ်မနေ ပေါင်းမြက်နှိမ်နင်းကာကွယ်ဖို့ အရေးကြီးပါတယ်။ ကုန်းမြင့်တောင်ယာ စပါးခင်းများမှာ ပေါင်းကြောင့် စပါးအထွက်ဟာ တစ်ဧက ၁၅ တင်းမှ တင်း ၂၀ အထိ ကျဆင်းသွား စေနိုင်ပါတယ်။ လက်ပေါင်း သို့မဟုတ် ရွေးချယ်ပေါင်းသတ်ဆေး အသုံးပြုသင့်ပါတယ်။

✔️ အာဖရိကနဲ့ အိန္ဒိယနိုင်ငံတွေမှာ အပင်ငယ်စဉ် သုံးပတ်မှ ခြောက်ပတ်သားမှာ ပေါင်းမြက်နှိမ်နင်းပေးခြင်း ဖြင့် အထွက်နှုန်းမြင့်မားတာကိုတွေ့ရပါတယ်။ ဆူဒန်နိုင်ငံမှာ အပင်ငယ်စဉ် ပေါင်းမြက် ၁၀ ရာခိုင်နှုန်း ဖုံးလွှမ်းခံရပါက အထွက်ကျစေနိုင်ကြောင်းနဲ့ ပေါင်းမြက် ၅၀ ရာခိုင်နှုန်းအထိ ဖုံးလွှမ်းခံရပါက အထွက်နှုန်း ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းစေတယ်လို့ ဆိုပါတယ်။ တန်ဇန်းနီးယားနိုင်ငံမှာ မြေသြဇာ မသုံးဘဲ အပင်ငယ်စဉ်ပေါင်းမြက်ကို အချိန်မှန်မှန် နိုင်နင်းအောင်သုတ်သင်ရှင်းလင်းပေးခြင်းဖြင့် အထွက် ၅၀ရာခိုင်နှုန်းအထိ ပိုမိုတယ်လို့ ဆိုပါတယ်။ 

✔️ ထို့ကြောင့် တောင်သူလယ်သမားကြီးတွေက မိုးစပါးအခြောက်ကြဲခင်း၊ တိုက်ရိုက်အစေ့ချစိုက်ခင်းနဲ့ ပြောင်းရွှေ့စိုက်စပါးခင်းတွေမှာ ပေါင်းမြက်ဂရုတစိုက် ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းကို မမေ့မလျော့ ဆောင်ရွက်ကြစေဖို့တိုက်တွန်းလိုက်ရပါတယ်။ 

Sources : ဆရာဦးအောင်ဆန်း(စိုက်ပျိုးရေး)