menu

မိုးစပါးစိုက်ချိန် ကို ဂရုပြုပါ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

☑️မိုးစပါးစိုက်ပျိုးချိန်နှင့်ပတ်သက်၍ ‌ဆွေးနွေးကြရာတွင် "ရက် ၉၀ စပါးကို ဇွန်လမှာ စိုက်ခဲ့ရာက စပါးပန်းပွင့်ချိန် မိုးမိတာ၊ အဖျင်းဖြစ်တာ၊ စပါးရိတ်ချိန် မိုးမိတာ၊ စပါးရေစိုမိုးမိပျက်စီးတာတွေကို ဘယ်လိုလုပ်ရမလဲ" ဟု မေးမြန်းကြပါတယ်။ "မနှစ်ကလည်း ရက် ၉၀ ထိုင်းစပါးကို ဇွန်လကုန် ဇူလိုင်လဆန်းမှာ ကြဲခဲ့တာ မိုးမိပျက်စီးခဲ့တယ်"လို့ ဆိုပါတယ်။ ထို့ကြောင့်မိုးစပါးစိုက်ချိန်နှင့်ပတ်သက်၍ ဂရုပြုနိုင်ကြပါရန်ရေးသားတင်ပြအပ်ပါသည်။ 

☑️စပါးမှာ သက်တမ်းအရ သက်ငယ်ရက် ၉၀-၁၂၀၊ သက်လတ် ၁၃၅-၁၄၅ ရက်၊သက်ကြီး ရက် ၁၅၀ အထက်ဆိုပြီး ရှိပါတယ်။ သက်ငယ်စပါးမျိုးတွေကတော့ ရက် ၉၀၊ သီးထပ်ရင်၊ ရေဆင်း(၂)၊ ဆင်းနွယ်ရင်၊ ရတနာအောင်၊ ထွန်းသီရိမျိုးတွေပေါ့။သက်လတ်စပါးမျိုးတွေကတော့ ဆင်းသုခ၊မနောသုခ၊ ဆင်းသွယ်လတ်၊ ရွှေဝါထွန်း၊မှော်ဘီ (၂)၊ ရေဆင်းလုံးသွယ် စတဲ့မျိုးတွေပါ။ သက်ကြီးမျိုးတွေကတော့ ဧရာမင်း၊ရွှေတစ်ဆုပ်၊ အင်းမရဲဘော်၊ တောင်ပြန်၊ ပေါ်ဆန်း၊ ငကျွဲ၊ မီးဒုံး စတဲ့မျိုးတွေပါ။စပါးမျိုး အသက်ရက်အလိုက်၊ မျိုးအလိုက် ပန်းပွင့်ချိန် မိုးမမိစေဖို့၊ ရိတ်သိမ်းချိန်မှာ မိုးမမိစေဖို့ စိုက်ပျိုးချိန်ကို သတိပြုဖို့လိုပါတယ်။

☑️သက်ငယ်စပါးမျိုးတွေကို ဇွန်လမှာစိုက်ရင် ပန်းပွင့်တဲ့အချိန်မှာလည်း မိုးသဲသဲမဲမဲနဲ့ မိမယ်။ ရိတ်တဲ့အချိန်မှာလည်း မိုးတသောသောနဲ့ ရိတ်ရမယ်။ ပြီးရင် မိုးမိထားတဲ့ ကောက်လှိုင်းတွေ လယ်ထဲမှာ ရေစိမ်ထားသလို မျောနေမယ်။ စပါးတွေကြွေမယ်။ အညှောက်ပေါက်မယ်။ ဆုံးရှုံးမှုများမယ်။ တစ်ဖန် စပါးပန်းပွင့်တဲ့အချိန်မှာလည်း မိုးမိမယ်။ စပါးပန်းမပွင့်နိုင်ဘဲ ကန်းသွားမယ်။ စပါးဝတ်မှုန်မကူးနိုင်ဘဲ အဖျင်းဖြစ်သွားမယ်။ စပါးအမအင်္ဂါမှာ ရေငွေ့စွဲကပ်သွားပြီး စပါးစေ့မဖြစ်တော့ဘဲ မှိုသီးလုံးဖြစ်သွားတယ်။ မှိုသီးရောဂါ ဖြစ်လာတာပါပဲ။ မှိုသီးရောဂါဖြစ်ရင် စပါးအထွက် ၃၀-၃၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးတယ်။

☑️ဒါကြောင့် ဘယ်သက်တမ်းစပါးမျိုးပဲဖြစ်ဖြစ် ပန်းပွင့်ချိန် မိုးမမိအောင်နဲ့ ရိတ်ချိန် မိုးလွတ်အောင် စိုက်ချိန်ကို ချိန်ဆစိုက်ဖို့လိုတယ်။သက်ငယ်စပါးဆိုရင်တော့ ဇူလိုင်လလယ်၊ သြဂုတ်လဆန်းမှာ စိုက်ပျိုးသင့်တယ်။သက်လတ်စပါးမျိုးများဆိုရင်တော့ဇွန်လဆန်း၊ ဇွန်လလယ်မှာ စိုက်ပျိုးသင့်ပါတယ်။ သက်ကြီးစပါးမျိုးများဆိုရင်တော့ဇူလိုင်လလယ်မှာ နောက်ဆုံးထားစိုက်ပျိုးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾