menu

ခရမ်းချဉ်ပင်တွင် ဂရုပြုကာကွယ်ရမည့် “စောပင်နာကျ” ရောဂါ


🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿

မြန်မာအမည် - အော်တာနေရီးယား ရွက်ပြောက်ရောဂါ (စောပင်နာကျရောဂါ)

အင်္ဂလိပ်အမည် - Alternaria Leaf Spot, Early Blight

ရောဂါဖြစ်စေသောမှို - Alternaria solani

ခရမ်းချဉ်စောပင်နာကျ ရောဂါအကြောင်း .....

ခရမ်းချဉ်၏အထွက်နှုန်းကို အဓိကကျဆင်းစေသောရောဂါဖြစ်သည့် ခရမ်းချဉ်စောပင်နာကျရောဂါသည် မှိုကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ရောဂါဖြစ်စေသောမှို၏ သိပ္ပံအမည်မှာ Alternaria solani ဖြစ်ပြီး ခရမ်းချဉ်၏ မည်သည့်ကြီးထွားမှုအဆင့်မဆို ဖျက်ဆီးနိုင်ပါသည်။ ခရမ်းချဉ်ခင်း၏ မြေအစိုဓာတ်၊ ရေရရှိမှုများအပေါ်မူတည်ကာ ရောဂါကျရောက်မှုသည် တိုက်ရိုက်ပတ်သတ်နေသည်။ 

ရောဂါလက္ခဏာ ..... 

ရောဂါလက္ခဏာအား အောက်ခြေအရွက်ရင့်များပေါ်တွင် စတင်တွေ့ရသည်။ ညိုမဲရောင် အဝိုင်းရစ် အကွက်ဘေးတွင် အဝါရောင်အနားသားများဖြစ်သော အနာကွက်များဖြစ်ပေါ်သည်။ ရောဂါပြင်းထန် ပါက တစ်ရွက်လုံးဝါပြီးခြောက်သွားသည်။ အပေါ်ရွက်များသို့ကူးစက်သည်။ ရိုးတံနှင့် ပင်စည်ပေါ်တွင် ရောဂါကျရောက်ပါက အညိုရောင်အဝိုင်းရစ်အနာကွက်ကို ရှည်မျောမျောပုံသဏ္ဍန် တွေ့ရှိရသည်။

ဒီရောဂါဟာ ခရမ်းချဉ်ပျိုးပင်တွေကို ခါးရိရောဂါဖြစ်စေနိုင်သလို မြေပြင်အနီးရှိ ပင်စည်ပတ်လည်တွင် အညိုရောင်ဒဏ်ရာများကို အပင်ငယ်တွေမှာ ဖြစ်ပေါ်စေပါတယ်။ ဤမှိုရောဂါဟာ ကွင်းပြင်စိုက်ခင်းမှာ တွေ့ရလေ့ရှိပီး စိုက်ခင်းအတွင်း စိုထိုင်းဆများမယ်ဆိုရင် ရောဂါကိုကြီးထွားစေနိုင်ပါတယ်။ ခရမ်းချဉ်ပင်ရဲ့ အပင်ငယ်စဉ်မှာ ကျရောက်တဲ့မှိုရောဂါတစ်မျိုးဖြစ်ပြီး အချိန်မီကာကွယ်သင့်တဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ 

ကာကွယ်ကုသရန် နည်းလမ်းများ ..... 

 ၁ ။ ပျိုးပင်များကို စိုက်ခင်းသို့ရွှေ့မစိုက်မီ ရောဂါကင်း မကင်း သေချာစွာစစ်ဆေးပါ။ 

 ၂ ။ ရောဂါကင်းသော (သို့မဟုတ်) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကိုသုံးပါ။

 ၃ ။ စိုက်ခင်းအားမြေစိုထိုင်းဆမြင့်မားမှုကိုရှောင်ကျဉ်၍ ရေဝပ်ခြင်းမှကာကွယ်ပါ။ 

 ၄ ။ ရောဂါကျသောပင်ကြွင်း ပင်ကျန်များကို မီးရှို့ဖျက်ဆီးပစ်ပါ။ 

 ၅ ။ စိုက်ခင်းအတွင်းအပြင်ရှိ ပေါင်းမြက်များအား ရှင်းလင်းပါ။ 

 ၆ ။ ခရမ်းမျိုးရင်းဝင်မဟုတ်သောသီးနှံများနှင့် နှစ်နှစ်တစ်ကြိမ် သီးလှည့်စိုက်ပျိုးပေးပါ။ 

 ၇ ။ မှိုသတ်ဆေးအသုံးပြုရန် “ဒိုင်ဇီ၊ ဇိုလာ၊ ဘင်ဇိုကာ”ဆေးများမှ တစ်မျိုးမျိုးကို ရွေးချယ်၍ ဆေးညွှန်းပါအတိုင်း အသုံးပြုနိုင်ပါသည်။

Sources : ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ