menu

"ခရမ်းချဉ်ပင်"တွင်ကျရောက်သော အရွက်တွန့်ရောဂါ ကြိုတင်ကာကွယ်ပါ


 🌿🍃🍅🌿🍃🍅🍃🌿🍅🍃🌿

 ☑️ခရမ်းချဉ်စိုက်ပျိုးမှုသည်ဈေးကောင်းခြင်း၊မကောင်းခြင်းတို့ကြုံတွေ့နေရသော်လည်းစိုက်ပျိုးမှုကတော့များပြားပါသည်။ ခရမ်းချဉ်ကိုမိုးနည်းဒေသများတွင်မိုးရာသီစိုက်ပျိုးကြသော်လည်း အများစုသည်ဆောင်းရာသီ၌ စိုက်ပျိုးကြသည်။ အညာဒေသ၊မြေလတ်ဒေသ၊ ရှမ်းပြည်နယ်(အင်းလေးဒေသ)တို့တွင် အဓိကစီးပွားရေးအဖြစ်စိုက်ပျိုးကြသည်။

 ☑️ပိုးမွှားကျရောက်မှုတွင်ပျ၊လှေး၊ မွှားပင့်ကူနီ၊ယင်ဖြူ၊သီးလုံးဖောက်ပိုးတို့ကျရောက်မှုများပြီး အပင်ရောဂါ တွင် ရွက်ပြောက်ရောဂါ၊ လောင်မဲရောဂါ၊ ကင်ကာရောဂါ(ပင်စည်တွင်ကျသည်)၊ ခါးရိရောဂါ၊ ပင်ခြေပုပ် ရောဂါ၊ပင်ညှိုးရောဂါတို့ကျရောက်မှုများခဲ့သော်လည်းယခုအခါခရမ်းချဉ်ပင်တွင်အရွက်တွန့်ရောဂါကျရောက်မှုပိုများလာသည်ကိုတွေ့လာရသည်။ ဆုံးရှုံးမှုလည်းများစွာကြုံလာရသည်။ ဆောင်းစိုက်ခရမ်းချဉ်များတွင်ပိုတွေ့လာရသည်။

 ☑️ရောဂါဖြစ်ကြောင်းသည် ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ကျရောက်မှုအများစုသည်မှိုရောဂါများဖြစ်သော်လည်း ဗိုင်းရပ်စ်ရောဂါသည်လည်းမှိုရောဂါနီးပါးကျရောက်နေသည်။ခရမ်းချဉ်ဗိုင်းရပ်စ်ရောဂါတွင် အစက် အပြောက်ပင်ညှိုးရောဂါလည်းရှိသည်။ မိုစိတ်ရောဂါများလည်းရှိသည်။ သို့သော်ရွက်တွန့်ရောဂါကိုပို၍ သတိပြုနေကြရသည်။

 ☑️ဗိုင်းရပ်စ်ရောဂါအများစုသည်စုပ်စားပိုးကြောင့်ဖြစ်ကြရသည်။အရွက်တွန့်ရောဂါသည်ယင်ဖြူစုပ်စားပိုး ကြောင့်ဖြစ်သည်ဟုသုံးသပ်ထားသည်။ စိုက်ပျိုးသူအများစုသည်စိုက်ခင်းအတွင်းမကြာခဏစစ်ဆေးမှု နည်းပါးပြီးရောဂါပြင်းပြင်းထန်ထန်ကျချိန်ရောက်မှသိကြရသဖြင့်ဆုံးရှုံးမှုလည်းပိုများလာသည်။ ပထမဦးစွာကျသည်က ပိုးမွှား(ယင်ဖြူ)၊ သို့သော်ဂရုမပြုမိကြ၊ ပိုးသတ်ဆေးမဖျန်းမိကြပါ။အပင် ပြုစု စောင့်ရှောက်မှု အားနည်းခဲ့ကြသဖြင့်ရောဂါဖြစ်မှသိသော်ဗိုင်းရပ်စ်ရောဂါသတ်ဆေးသည်မရှိသေး။ ပိုးသတ်ဆေးမသုံးခင်မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးသင့်သည်။ပေါင်းမြက်ရှင်းသင့်သည်။ ခရမ်းချဉ် ပြီးလျှင် ခရမ်းချဉ်ဆက်တိုက်မစိုက်သင့်။ ရောဂါကျအပင်ကိုမီးရှို့ဖျက်စီးသင့်သည်။ ယင်ဖြူကိုဦးစွာ ကာကွယ်နှိမ်နင်းရပါမည်။

 ☑️အရွက်တွန့်ရောဂါကျလျှင်အရွက်၏အလုပ်ကောင်းကောင်းမလုပ်နိုင်တော့။ပန်းပွင့်ချိန်ရောဂါကျလျှင် အပွင့်နည်းသွားသဖြင့်အသီးလည်းနည်းပါးသွားတော့သည်။ ပွင့်သောအပွင့်လည်းအဖတ်မတင်ကြွေကျမှု များသည်။ အသီးမှာရောဂါကျလျှင်လည်းအသီး၏အရည်အသွေးကျသွားသည်။ယင်ဖြူဖျက်ပိုးကလည်း ပူပြင်းခြောက်သွေ့သောရာသီကိုကြိုက်၍ဆောင်းရာသီစိုက်ပျိုးသော ခရမ်းချဉ်စိုက်ခင်းများသတိပြုသင့် သည်။

 ☑️ ယင်ဖြူသည်နွေ၊မိုး၊ဆောင်း သုံးရာသီတွင်မိုးရာသီမိုးရွာမှုများလျှင်နည်းပါးပြီး နွေနှင့်ဆောင်းတွင် များပြားသည်။ပိုးကောင်သည်သေးငယ်သဖြင့်တိုက်ခတ်သောလေနှင့်ခပ်ဝေးဝေးရောက်ရှိပျံ့နှံ့နိုင်သည်။ တစ်ပင်မှတစ်ပင်အပင်ရည်စုပ်ယူခြင်းဖြင့်ကူးစက်ပျံ့နှံ့ကြသည်။ ခရမ်းချဉ်ပင်မှာကျရောက်မှုအပြင် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင်လည်း ကျရောက်မှုများသည့်ပိုးဖြစ်သည်။

 ☑️ခရမ်းချဉ်အရွက်တွန့်ဗိုင်းရပ်စ်ရောဂါသည်မြန်မာနိုင်ငံနှင့်နီးကပ်ထိစပ်နေသောအိမ်နီးချင်းနိုင်ငံများတွင်လည်းအဓိကကျရောက်သည့်ရောဂါဖြစ်နေပါသည်။ ထို့ကြောင့်ဈေးကွက်တွင်လည်း ကောင်းလိုက် မကောင်းလိုက် ဖြစ်နေသောခရမ်းချဉ်စိုက်ပျိုးသူများအနေဖြင့်စိုက်ခင်းထဲတွင်မပွင့်ခင်၊ မသီးခင်ကြိုတင်၍ ယင်ဖြူကြောင့်ဖြစ်ရသောခရမ်းချဉ်ရွက်တွန့်ရောဂါကိုကြိုတင်သတိပြုကာကွယ်နှိမ်နင်းကြသင့်ပါသည်။ 

 ကိုရဲ(စိုက်ပျိုးရေး)

 ♻️စစ်မှန် ပြည့်ဝ ဝိစာရ♻️