menu

မွေးမှိုကရနိုင်သောအစားအစာများ

🔼မိုးရာသီကာလအစ မိုးဦးတွင် သဘာဝမှိုများသည် မြေကြီးထဲကပေါ်ထွက်လာကြစမြဲဖြစ်သည်။ သဘာဝပေါက်ရောက်သည့် မှိုများတွင် စားသင့်သောမှိုများ ရှိသကဲ့သို့ မစားသင့်သောမှိုများကလည်း အမျိုးအမည်စုံလှအောင် ရှိပါသည်။ မြန်မာနိုင်ငံ ဒေသအနှံ့တွင် မစားသင့်သောအဆိပ်မှိုများ စားသုံးမိရာက မူးမိုက်၊ ဆေးရုံရောက်၊ သေဆုံးဖြစ်ကြရသည်ကလည်း နှစ်စဉ်ကြုံတွေ့နေရဆဲဖြစ်သည်။ ထို့ကြောင့် ယခုအခါ မွေးမြူရသောမှို (မွေးမှို) တစ်နည်းအားဖြင့် စိုက်ပျိုးမှိုများ မွေးမြူစားသုံးရောင်းချမှု ဈေးကွက်သည် အလွန်ကျယ်ပြန့်ကြီးမားစွာ မြို့နယ်အနှံ့၊ ကျေးရွာအနှံ့ ခရီးရောက်နေပါပြီ။  

🔼တစ်နှစ်တစ်ခါစားရသောမှို (သဘာဝမှို) သည် တစ်နှစ်ပတ်လုံး စားသုံးရသောမှို(မွေးမှို၊ စိုက်ပျိုးမှို) ဖြစ်နေပါပြီ။ မွေးမှိုများတွင် ငွေနှင်းမှို၊ ငွေမိုးမှို၊ ကြွက်နားရွက်မှို၊ကောက်ရိုးမှို၊ ကြယ်သီးမှို၊ ရွှေအပ်မှိုများ ရှိသကဲ့သို့ ဆေးဖက်ဝင်မှိုများ ဖြစ်ကြသည်။ရှီတာကီမှို (မှိုမွှေး)၊ နို့စိမ်းမှို၊ ကွန်ချာမှို၊ မျောက်ခေါင်းမှို၊ လင်ဇီးမှိုတို့ ရှိကြသည်။အဆိုပါမှိုများအားလုံးသည် မြန်မာနိုင်ငံ ဒေသအနှံ့ စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရောင်းချနေကြပါပြီ။မွေးမှိုစိုက်ပျိုးမှု များပြားလာသကဲ့သို့စားမှိုနှင့် ဆေးဖက်ဝင်မှိုမျိုးစုံ ထွက်ရှိမှုကလည်း များပြားနေပါသည်။  
 
🔼အများစုသည်မှိုအစိုကိုသာ စားသုံးမှုများသည်။ ဒုတိယအဆင့်အနေဖြင့် အခြောက်ခံ၍ မှိုခြောက်အဖြစ် ကြာကြာထားနိုင်ရန် ပြုလုပ်ကြသည်။ဆေးဖက်ဝင်မှိုများတွင် လင်ဇီးမှိုဆိုပါက ဆေးမှုန့်၊ ဆေးတောင့်၊ ဆေးပြား ထုတ်လုပ်ရောင်းချခဲ့ဖူးသည်။ တကယ်တော့ ကြွက်နားရွက်မှို၊ ရွှေအပ်မှို (ပဲပင်ပေါက်မှို)၊ နို့စိမ်းမှိုတို့သည် စားသုံးမှိုလည်း ဖြစ်သကဲ့သို့ ဆေးဖက်ဝင်မှိုလည်း ဖြစ်သည်။ ကချင်ပြည်နယ် မြောက်ဖျားရေခဲတောင်ဒေသတွင်ရှိသော ရှီးပဒီး (ဆောင်းပိုးနွေမြက်) မှာလည်း ဆေးဖက်ဝင်မှိုတစ်မျိုး ဖြစ်သည့် Caterpillar Fungus ဖြစ်သည်ဟု သိရသည်။ ကျွန်တော်တို့သိကြသည်မှာ ပိုးကောင်တစ်ပိုင်း၊ သစ်ပင်တစ်ပိုင်း ရှိကြသောသက်ရှိဟု သိထားကြပါသည်။  

🔼မှိုမျိုးစုံမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများစွာပြုလုပ်နိုင်မှသာ မှိုစိုက်ပျိုးထုတ်လုပ်မှု၏ဈေးကွက်သည် လက်ရှိအခြေအနေထက် ပိုမိုကျယ်ပြန့်လာပါမည်။ တစ်ခါတစ်ရံ ဈေးကွက်တွင် မှိုများ စုပြုံပေါ်ထွက်လာချိန်တွင် မှိုအစိုကိုသာ ရောင်းချမှုသည် စိုက်ပျိုးထုတ်လုပ်သူများအတွက် ဈေးကွက်မဟန်၊ အမြတ်မကျန် ဖြစ်ကြရသည်။ သက်သတ်လွတ်စားသုံးသူများအတွက် မှိုသည် အာဟာရပြည့်အစားအစာ ဖြစ်သည်။ ချက်ပြုတ်၊ ကြော်လှော်၊ ရေနွေးဖြော၊ ဆားရည်စိမ်၊ မှိုချဉ်၊ မှိုယို မျိုးစုံစားသုံးနိုင်သည့် မှိုကိုရသာမျိုးစုံ၊ နည်းလမ်းအစုံစုံဖြင့် ဈေးကွက်ချဲ့ထွင်သင့်ကြပါပြီ။

🔼ငွေနှင်းမှိုကို မှိုကြော်ပြုလုပ်နိုင်သည်။ကြွက်နားရွက်မှိုနှင့် ငွေနှင်းမှိုကို အခြောက်ခံအမှုန့်ကြိတ်၍ ဆန်ကောင်းကောင်းဖြင့် မှိုဆန်ပြုတ် ပြုလုပ်စားနိုင်သည်။ ထန်းလျက်၊သကြားနှင့်ရော၍ တော်ဖီ (မန်ကျည်းတော်ဖီ) ကဲ့သို့ ပြုလုပ်စားသုံးနိုင်သည်။ မှိုယိုထိုး၍ ကြာကြာစားသုံးနိုင်ရန် ပြုလုပ်နိုင်သည်။ကြွက်နားရွက်မှိုကို အာဟာရဖြည့်စွက်စာပြုလုပ်နိုင်သည်။ ငွေနှင်းမှို၊ ကောက်ရိုးမှို၊ ကြွက်နားရွက်မှိုတို့ကို အခြောက်ခံ အမှုန့်ကြိတ်၍ဟင်းခတ်မှုန့် (ဟင်းချိုမှုန့်) ပြုလုပ်နိုင်သည်။ ငွေနှင်းမှိုကို ဗာလချောင်ကြော်အဖြစ်ချို၊ ချဉ်၊ ငန်၊ စပ် ရော၍ပြုလုပ်နိုင်သည်။ မှိုချဉ်တည်၍ ချဉ်ဖတ်အဖြစ် ငွေနှင်းမှို၊ ကောက်ရိုးမှို၊ နို့စိမ်းမှိုတို့ကို ပြုလုပ်နိုင်သည်။

🔼ဆေးဖက်ဝင်မှိုမှန်သမျှ ဆေးတောင့်၊ဆေးပြား၊ ဆေးမှုန့် ပြုလုပ်နိုင်သည်။ မှိုမှ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရန် နည်းပညာ၊ အတတ်ပညာနှင့် စက်ကိရိယာလိုအပ်ပါသည်။ အချို့ပစ္စည်းများကို အိမ်တွင် အသေးစား စက်မှု၊လက်မှုလုပ်ငန်းဖြင့် လုပ်ကိုင်နိုင်ကြပါသည်။ စိုက်ပျိုးရေးထွက်ကုန်များ၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ချဲ့ထွင်နိုင်ရေးတွင်တန်ဖိုးမြှင့်ထွက်ကုန် ပြုလုပ်နိုင်မှ အကျိုးရှိပါမည်။ 

 - ကိုရဲ(စိုက်ပျိုးရေး) 
- မြန်မာ‌တောင်သူကြီးများဂျာနယ်