menu

နဂါးမောက်သီး အသီးမတင်ရသည့် အကြောင်းရင်းများ


🌵🍂🌵🍂🌵🍂🌵🍂🌵🍂🌵

▶️ နဂါးမောက်သီးမတင်ရတဲ့ အကြောင်းအရင်းများအနက်မှ အဓိကကျသော အကြောင်းရင်းများကို ဗဟုသုတအဖြစ်သိရှိနိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။

ပတ်ဝန်းကျင်မြေမျက်နှာသွင်ပြင်အနေအထား .....

နေရာနဲ့ပတ်သတ်ပြီး ဖြစ်နိုင်ချေရှိတာတစ်ခုက နဂါးမောက်သီးပင်က နေရောင်ကိုကြိုက်ပါတယ်။ နေရောင်များများရရင် အသီးပိုသီးလေ့ ရှိပါတယ်။ ဒါက နဂါးမောက်သီးတင်မကပါဘူး အပင်အများစုလည်း ဒီလိုပါပဲ။ စိုက်မယ်ဆိုရင် နေရောင်ရမရ အရင်ကြည့်ရပါတယ်။ နောက်တစ်ခုက နဂါးမောက်ပင်က ရေဝပ်တာကိုမကြိုက်ပါဘူး။ သူ့ကိုစိုက်မယ်ဆိုရင် ကုန်မြင့်တဲ့နေရာ ဒါမှမဟုတ် ရေထုတ်လို့ကောင်းတဲ့နေရာမှာ စိုက်ပေးရပါတယ်။ သူက ရှားစောင်းမျိုးနွယ်ဝင် အပင်ဖြစ်တဲ့အတွက် ကြောင့် ရေငတ်ဒဏ်ကိုတောင် ခံနိုင်ရည်ရှိပါတယ်။ နောက်တစ်ခုကတော့ လေဝင်လေထွက် ကောင်းတဲ့နေရာ ဖြစ်ဖို့လိုပါတယ်။ အရမ်းပိတ်လှောင်လွန်းတဲ့နေရာ မျိုးတွေမှာဆို အသီးတင်လေ့ သိပ်မရှိပါဘူး။ မသန်စွမ်းတဲ့ကိုင်းတွေ အရမ်းကျပ်နေတဲ့ကိုင်းတွေဆိုရင် ဖြတ်ပေးသင့်ပါတယ်။ အသီးတင်ဖို့လိုအပ်တဲ့ အာဟာရတွေက ဒီကိုင်းတွေကို ပို့ပေးလိုက်ရတာနဲ့ အသီးတင်နိုင်မှုလျော့နည်းသွားနိုင်ပါတယ်။

အပင်အာဟာရဓာတ် လိုအပ်မှု .....

အသီးမတင်ရခြင်းရဲ့ နောက်အကြောင်းရင်းတစ်ခုကတော့ ပိုတက်ဆီယမ်ချို့တဲ့နေလို့လည်း ဖြစ်နိုင်ပါတယ်။ စိုက်ပျိုးသူအများစုက ဒီအဟာရဓာတ်ကို မေ့နေတတ်ကြပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုက အပြင်ပိုင်းကနေမြင်ရမှုကို သိပ်မသိသာလို့ပါပဲ။ ဥပမာ နိုက်ထရိုဂျင် (ပုလဲဓာတ်မြေသြဇာ) ဆိုရင် ထည့်လိုက်တာနဲ့ အပင်က မြန်မြန်စိမ်းလာပါတယ်။ ပိုတက်ဆီယမ်ရဲ့လုပ်ဆောင်ချက်က အသီးတွေတင်စေရုံမကပါဘူး အသီးတွေကို ချိုအောင်လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ ပိုတက်ဆီယမ်ကို ဘယ်ကရနိုင်မလဲ။ ပိုတက်ဆီယမ်ကို မြန်မာလိုဘာသာပြန်ရင်တော့ ပြာဓာတ်လို့ပဲ ပြန်လေ့ရှိကြပါတယ်။ မိမိမီးဖိုချောင်ထဲက ထွက်တဲ့ပြာတွေကို ထည့်ပေးခြင်းဖြင့် ပိုတက်ဆီယမ်ဓာတ်ကို ထည့်ပြီးသားဖြစ်ပါတယ်။ ကျေးလက်ကရှေးလူကြီးတွေက ဒါမျိုးတွေကို ပြုလုပ်ပေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတာ မသိကြပေမယ့် သူတို့စိုက်တဲ့အသီးပင်တွေကတော့ အထွက်ကောင်းကြပါတယ်။ နောက်တစ်ခုကတော့ မြေဆွေး၊ သဘာဝမြေသြဇာတို့ကနေ ရပါတယ်။ ဒါတွေကတော့ ပိုတက်ဆီယမ် တင်မကပါဘူး အပင်အတွက်လိုအပ်တဲ့ အဟာရစုံရရှိပါတယ်။ တီကျစ်စာ၊အရိုးမှုန့်ကဲ့သို့သော သဘာဝမြေသြဇာများ ထည့်ပေးသင့်ပါတယ်။ သဘာဝမြေသြဇာများကို ထည့်သည့်အခါ ပန်းမပွင့်ခင်နှစ်လသုံးလခန့် ကြိုတင်၍ထည့်ပေးသင့်ပါသည်။ ရွက်ဖျန်းအားဆေးဖြန်းတဲ့အခါမှာတော့ နေသာတဲ့နေ့မျိုးတွင် ဖြန်းပေးသင့်ပါတယ်။

ဝတ်မှုန်ကူးခြင်း .....

အသီးတင်မှုအားကောင်းစေရန်အတွက် ပန်းပွင့်ချိန်တွင် ဝတ်မှုန်ကူးပေးသင့်ပါသည်။ ပျား၊ပိတုန်းတို့ဖြင့် ဝတ်မှုန်ပျံ့နှံ့နိုင်သော်လည်း နဂါးမောက်ပန်းပွင့်ချိန်မှာ ညပိုင်းဖြစ်၍ မထိရောက်ပေ။ ထို့ကြောင့် ညပိုင်းတွင် (ည ၈နာရီခန့်) ပန်းပွင့်လေ့ရှိပြီး ထိုအချိန်တွင် အဖိုဝတ်မှုန်များ အားယူ၍ အမပန်းပွင့်ပေါ် တင်ပေးခြင်းဖြင့် ဝတ်မှုန်ကူးနိုင်ပါသည်။ ဝတ်မှုန်ကူးပြီးပါက ပန်းပွင့်အား ပလတ်စတစ်အိတ်ဖြင့် မိုးရေလုံအောင် စွပ်ထားပေးသင့်ပါသည်။ အတိအကျပြောရလျှင် အမပန်းပွင့်မှာ မနက်နေမထွက်ခင်မှာ ပွင့်သောကြောင့် အဖိုဝတ်မှုန်ကို ညဦးပိုင်းတွင်ယူထားပြီး မနက်နေမထွက်ခင်တွင် ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင်မှုကို ပိုမိုအောင်မြင်စေပါသည်။ 

Sources : စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတများ