menu

နဂါးမောက်သီး စိုက်ပျိုးနည်း


🍃🍒🍃🍒🍃🍒🍃🍒🍃🍒🍃

မြန်မာအမည် - နဂါးမောက်သီး

အင်္ဂလိပ်အမည် - Dragon Fruit (Pitaya)

သိပ္ပံအမည် - Hylocereus Sps:

နိဒါန်း
-----
 နဂါးမောက်သီးပင်သည် နွယ်ယောင်၊ ပင်ယောင်ဖြစ်ပါသည်။ နဂါးမောက်သီး၏မူရင်းဒေသကို အချို့က မက္ကဆီကိုအလယ်ပိုင်း၊ အမေရိကနှင့် တောင်ပိုင်းအမေရိကဟု၎င်း အချို့က အရှေ့တောင်အာရှ ဟု၎င်း ဖော်ပြကြပါသည်။ ယခုအခါတွင်အာရှတိုက်နိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးစိုက်ပျိုးကြလျှက်ရှိပါသည်။

မျိုးရွေးချယ်ခြင်း
--------------
 ယခုအခါ မြန်မာပြည်၌စိုက်ပျိုးလျှက်ရှိသောမျိုး(၃)မျိုးရှိပါသည်။

 (၁) အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး
 (၂) အပြင်အခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး
 (၃) အပြင်အခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး ဟူ၍ဖြစ်ပါသည်။

 ဤမျိုးများတွင်သီးသန့်ပေးထားသောမျိုးအမည်မရှိပါ။ အဖြူမျိုး၊ အနီမျိုး၊ အဝါမျိုးဟူ၍သာခေါ်ဝေါ် ကြပါသည်။ ၎င်းတို့အထဲမှအဖြူမျိုးမှာဖြစ်ထွန်းမှုအလွန်ကောင်းပါသည်။ သက်တမ်းတစ်နှစ်တွင် အသီးစသီးနိုင် ပါသည်။ ဤအပင်များသည်နှစ်ရှည်အပင်များဖြစ်၍ ဒုတိယနှစ်မှစ၍ စီးပွားဖြစ်အသီးထွက်ရရှိနိုင် ပါသည်။

ရာသီဥတု
---------
 ☑️နဂါးမောက်သီးမှာ ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်သောသီးနှံဖြစ်ပါသည်။ နှင်းကျပြီးအေးခဲသော ဒေသများတွင် ဖြစ်ထွန်းနိုင်သော်လည်းအပင်ဖြစ်မှုနှေးကွေးပါသည်။ နဂါးမောက်သီးသည် မိုးရေချိန် (၂၅ - ၅၀)လက္မအတွင်းရှိသည့်ဒေသများတွင် အကောင်းဆုံးဖြစ်ထွန်းပါသည်။ သို့သော်အပွင့်ပွင့်သည့်အချိန် မိုးများပါက အပွင့်များပုပ်ရိ ကြွေကျတတ်သဖြင့် အသီးတင်မှုနည်းနိုင်ပါသည်။

 ☑️နဂါးမောက်ပင်သည် အပူချိန်မြင့်ပါကလည်းအပင်များပျက်စီးနိုင်သည်။ မြန်မာပြည်တွင်လက်ရှိစိုက်ပျိုး နေသော မျိုးများမှာ အပူရှိန်ကိုခံနိုင်ရည်ရှိသောမျိုးများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အပူချိန်(၁၀၂)ဒီဂရီ F အထက်ကျော်လျှင် နဂါးမောက်ပင်များကို အရိပ်တစ်ဝက်ပေးနိုင်လျှင် အကျိုးရှိပါသည်။

စိုက်ပျိုးခြင်း
----------
 ☑️နဂါးမောက်စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းအရ ပင်ကြားတန်းကြား အကွာအဝေးအမျိုးမျိုးထား၍ စိုက်နိုင်သော်လည်း စီးပွားဖြစ်အထွက်ရရှိနိုင်ရန် တန်းကြား ၈ပေ x ပင်ကြား ၇ပေ စနစ်ဖြင့်စိုက်ပျိုး သင့်ပါသည်။

 ☑️နဂါးမောက်ပင်စိုက်ပျိုးရာတွင်အမှီတိုင်သည်အဓိကဖြစ်ပြီး အမှီတိုင်ကို သစ်သားတိုင်၊ ကွန်ကရစ်တိုင်၊ ၂လက္မ ၃လက္မ ဂျီအိုင်ပိုက်များကို အသုံးပြုနိုင်ပါသည်။ သစ်သားတိုင်ကိုသုံးပါက သစ်မာ(သို့) ကျွန်းသားမျောတိုင်ဖြစ်ရပါမည်။ မျောတိုင်ထိပ်ဝအချင်း (၈)လက္မခန့်ရှိရမည်။ ခွဲသားတိုင်ဖြစ်ပါက သုံးပတ်လည်(သို့)လေးပတ်လည်တိုင်ကိုအသုံးပြုရပါမည်။ တိုင်အရှည် ၇ပေ ရှိရမည်ဖြစ်ပြီး မြေဝင်တစ်ပေခွဲ ရှိရပါမည်။

 ☑️တိုင်ထိပ်တွင် (၃” x ၂”) သို့မဟုတ် (၄” x ၂”) ပျဉ်နှင့် တိုင်ထိပ်(၄)လက္မခန့်ချန်၍ အစွန်းတစ်ဖက် (၂)ပေစီရှိသော ကြက်ခြေခတ်တန်းရိုက်ရပါမည်။ ဤတန်းမှာနဂါးမောက်ပင်၏ သက်တမ်းတစ်လျှောက် ရှိနေရမည်ဖြစ်၍ တိုင်နှင့်စွဲမြဲစွာရိုက်ထားရန်လိုပါသည်။ တိုင်စိုက်ရမည့်ကျင်းကို ၉လက္မအကျယ် တစ်ပေခွဲအနက် တူးရပါမည်။ ထိုကျင်းထဲသို့တိုင်မစိုက်မီ မြေတွင်းအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးကို စတီးဇွန်းတစ်ဇွန်းစာခန့်ထည့်၍ မွှေထားပေးရပါမည်။ တိုင်စိုက်ပြီးကာလကြာသည့်အထိမယိုင်သွား စေရန် တိုင်နဘေးမှကွန်ကရစ်ဖျော်၍လောင်းပေးခြင်း (သို့မဟုတ်) ကျောက်စရစ်ခဲများထည့်၍ တိုင်လုံးဝမလှုပ်နိုင်အောင် တင်းကျပ်စွာမြေဖို့ပေးခြင်းများပြုလုပ်ပေးရပါမည်။

 ☑️တိုင်များစိုက်ပြီးတိုင်များအသားကျ၍မြဲသွားသည့်အချိန်မှ နဂါးမောက်အပင်စိုက်ရန်ကျင်းတူးရပါမည်။ ကျင်းများကို (၁’ x ၁’ x ၁’) တူး၍ ထိုကျင်းတွင် နွားချေးမြေဆွေး (၄)ပြည်ခန့်၊ ၁၅ ပတ်လည်(သို့) ၁၆ ပတ်လည် ဓာတ်မြေဩဇာစတီးဇွန်း(၄)ဇွန်းခန့် တို့ကိုထည့်၍ အပေါ်ယံမြေနှင့်သမအောင်ရောမွှေပြီး ရေနှပ်ထားရပါမည်။

 ☑️စိုက်ပျိုးရာတွင် နဂါးမောက်ပျိုးပင်ကို မစိုက်နိုင်ပါက အရှည်(၃)ပေထက်မတိုသော နဂါးမောက် အကိုင်းများကို တိုက်ရိုက်စိုက်နိုင်ပါသည်။ ထိုသို့စိုက်ပါက တစ်တိုင်တွင်အနည်းဆုံးနှစ်ကိုင်း ကို မျက်နှာချင်းဆိုင်၍စိုက်ရပါမည်။ ရေနှပ်ပြီးသောကျင်းကို(၉)လက္မခန့်တူး၍ နဂါးမောက်ကိုင်း ကိုစိုက်ပြီး သဲကြမ်းဖြင့်ဖို့ပေးရပါမည်။ ဤနေရာတွင်နွားချေးဖြင့် မဖို့ရန်သတိပြုရပါမည်။ စိုက်ပျိုးပြီးလျှင် ရေနပ်အောင်လောင်းပေးပြီး (၃)ရက်ခြားတစ်ကြိမ်ခန့်သာရေလောင်းပေးရပါမည်။ (၃-၄)ပတ်ခန့်ရှိလျှင် အမြစ်များထွက်လာပါမည်။ နဂါးမောက်ပင်ကို ခြများဖျက်စီးတတ်သဖြင့် စိုက်ပြီးလျှင် တစ်ပတ် တစ်ကြိမ်ခန့် ပိုးသတ်ဆေးဖျန်းပေးရပါမည်။ အပင်ရှင်သန်၍ တိုင်ထိပ်သို့ရောက်သွားလျှင် ပိုးသတ်ဆေးကို လိုမှသာဖျန်းပေးရပါမည်။

မြေဩဇာအသုံးပြုခြင်း
-------------------
 ☑️နဂါးမောက်ပင်တစ်ပင် တစ်နှစ်အတွက်ကျွေးရမည့်မြေဩဇာများမှာ .....

 (၁) နွားချေးမြေဆွေး (၄ - ၈)ပြည်
 (၂) ပုလဲဓာတ်မြေဩဇာ (၂ - ၃)ပေါင်
 (၃) တီစူပါဓာတ်မြေဩဇာ (၃ - ၄)ပေါင်
 (၄) ပိုတက်ရှ်ဓာတ်မြေဩဇာ (၁ - ၂)ပေါင် တို့ကိုအနည်းဆုံး (၅-၇)ကြိမ်အထိခွဲကျွေးရန်။
 (သို့မဟုတ်)

 ☑️၁၅ပတ်လည်၊ ၁၆ပတ်လည် မြေဩဇာတစ်မျိုးမျိုးကို တစ်ပင်အတွက် (၁.၅ - ၂)ပေါင် ကို(၅)ကြိမ်ခွဲ၍ကျွေးပေးရန်ဖြစ်ပါသည်။ မြေဩဇာထည့်ပြီးတိုင်းအပင်ခြေများကို ကောက်ရိုး (သို့မဟုတ်) အမှိုက်ခြောက်များဖြင့်ဖုံးအုပ်ထားပေး နိုင်ပါကပိုကောင်းပါသည်။

အပင်ပြုစုခြင်း
-------------
 ☑️နဂါးမောက်အပင်များမှာ အကြမ်းခံသောအပင်အမျိုးအစားဖြစ်ပါသည်။ နဂါးမောက်ပင်များသည် ရှားစောင်းမျိုးရင်းဖြစ်သဖြင့် ရေငတ်ခံသောအမျိုးဖြစ်ပါသည်။ ထို့ကြောင့်ဤအပင်များကို ရေအလွန် အကျွံမပေးမိရန် အရေးကြီးပါသည်။

 ☑️နဂါးမောက်ပင်အားဖျက်စီးတတ်သည်မှာ အပင်ခြေတွင်ခြများကိုက်ဖြတ်စားသောက်ခြင်းဖြစ်ပြီး ၎င်းကိုကာကွယ်နိုင်ရန် အပင်ငယ်အဆင့်တွင် နှစ်ပတ်လျှင်တစ်ကြိမ်၊ အပင်ကြီးဖြစ်သွားလျှင် တစ်လလျှင် တစ်ကြိမ် ပိုးသတ်ဆေးဖျန်းပေးရမည်။ ပိုးကျမှုမရှိပါကဖျန်းရန်မလိုပါ။

 ☑️ကျေးငှက်များကလည်း နဂါးမောက်သီးများကိုဖျက်ဆီးတတ်သဖြင့် ကျေးငှက်များအန္တရာယ်မှကာကွယ် ရန် နဂါးမောက်သီးများကိုအိပ်စွပ်ထားရန်ဖြစ်ပါသည်။ ၎င်းအပြင်ရှဥ့်၊ ကြွက်တို့ကလည်းစားသောက် ဖျက်ဆီးတတ်ပါသည်။ ရှဥ့်များသည်နဂါးမောက်စိုက်ခင်းများအနီးရှိသစ်ပင်ကြီးများတွင် မှီခို၍ နေထိုင်တတ်သောကြောင့် ခြောက်လှန့်၍အခြားတစ်နေရာရာသို့ရွှေ့သွားအောင် ပြုလုပ်ပေးရပါမည်။ ကြွက်များဖျက်ဆီးပါက ကြွက်ထောင်ခြောက်ဖြင့်ဖြစ်စေ၊ ကြွက်သတ်ဆေးများဖြင့်ဖြစ်စေကာကွယ်ရန် ဖြစ်ပါသည်။ 

 ☑️Xanthomonas campestris မှိုရောဂါကြောင့် ပင်စည်များ၊ အကိုင်းများတွင်ပုပ်ရိတတ်ပါသည်။ Dithorella fungi မှိုကြောင့် အသီးများပေါ်တွင်အမဲစက်များဖြစ်၍ ပုပ်ရိတတ်သည်။ ထို့ကြောင့် မိုးရာသီတွင် နှစ်ပတ်လျှင်တစ်ကြိမ်နှုန်းမှိုဆေးများဖျန်း၍ ကာကွယ်ပေးရန်ဖြစ်ပါသည်။

 ☑️နဂါးမောက်အပင်ခြေများတွင်ပေါင်းရှင်းပေးခြင်း၊ အပင်အကိုင်းများတိုင်သို့မှီတက်ရာတွင် ဘေးသို့ လန်မကျအောင်သင့်လျော်သော လျှော်ဖြင့် ခပ်ပွပွချည်နှောင်ပေးခြင်း၊ နဂါးမောက်အပင်သည် နေရာတကာမှအတက်ထွက်လေ့ရှိသဖြင့် တိုင်ထိပ်အထိမရောက်နိုင်သော ဘေးတက်များကို ဖြတ်ထုတ်ခြင်း၊ တိုင်ထိပ်သို့ရောက်၍ဖြာထွက်လာသော ကိုင်းများကို ကြက်ခြေခတ်ပြုလုပ်ထားသော တန်းလေးတန်းပေါ်သို့သွားအောင် ဂရုပြုချည်နှောင်ပေးခြင်း၊လိုအပ်လျှင်ရေသွင်းပေးခြင်းတို့ကို လိုအပ်သလိုပြုစုလုပ်ကိုင်ပေးသွားရန်ဖြစ်ပါသည်။ 

အပင်ကိုပုံသွင်းပေးခြင်း
--------------------
 နဂါးမောက်အကိုင်းများမှာ အသက်ရလာသည်နှင့်အမျှအတက်ပွားမှုလျှင်မြန်ပါသည်။ ရှည်ထွက်မှုလည်း မြန်ပါသည်။ ထို့ကြောင့်အသီးများဆွတ်ခူးပြီးပါက အလွန်ရှည်ထွက်သောအကိုင်းများ၊ ပင်စည်ပေါ်တွင် တစ်ကိုင်းနှင့်တစ်ကိုင်းထပ်နေပြီး နေရောင်ခြည်မရနိုင်သောအကိုင်းများကို ဖြတ်ထုတ်ပေးရန်လိုအပ်ပါ သည်။ နဂါးမောက်သီးသည်အတွင်းပိုင်းကျသော အကိုင်းများတွင်သီးလေ့မရှိဘဲ အမြင့်ဆုံးအပိုင်းတွင် ရှိသော အကိုင်းရင့်များတွင်သာအသီးသီးနိုင်သည့်အတွက် မလိုအပ်သောအကိုင်းညှပ်များကို အချိန်မှီ ဖြတ်ထုတ်ပစ်ရန်အရေးကြီးပါသည်။

မျိုးပွားခြင်း
---------
 နဂါးမောက်ပင်ကို အကိုင်းများမှ တိုက်ရိုက်ပျိုးထောင်နိုင်ပါသည်။ နဂါးမောက်အကိုင်းကိုကြည့်ပါက အစိမ်းရောင်အသားမရှိသောအဆစ်များကိုတွေ့မြင်ရပါမည်။ ထိုအဆစ်များ၏အထက်ဘက်အခြေမှ အမြစ်များထွက်တတ်ပါသည်။ အမြစ်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ ထိုနေရာများမှဖြတ်၍ ပျိုးထောင်ရန်ဖြစ်ပါသည်။ အစေ့မှမျိုးပွားလိုလျှင်ကောင်းစွာရင့်မှည့်ပြီး အမှည့်လွန်သကဲ့သို့ဖြစ်နေသော အသီးများ၏မျိုးစေ့များကိုရယူ၍ မျိုးပွားရပါမည်။ 

ဆွတ်ခူးခြင်း
-----------
 နဂါးမောက်သီးများမှာဝတ်မှုံကူးပြီး (၂၅ - ၃၀)ရက်အတွင်းရင့်မှည့်ပါသည်။ ဆွတ်ခူးရာတွင် အရောင် ညီသော အသီးများကိုသာဆွတ်ခူးရန်ဖြစ်ပါသည်။ ဆွတ်ခူးရာတွင်အညှာအနား၌ လက်မဝက်ခန့်ချန်၍ ဆွတ်ခူးရပါမည်။ အဝေးသို့တင်ပို့ရာတွင် နဂါးမောက်သီးကို ဖော့အိတ်များဖြင့်ဖြစ်စေ၊ သတင်းစာ စက္ကူများဖြင့်ဖြစ်စေ တစ်လုံးချင်းထုတ်ပိုး၍တင်ပို့ရန်ဖြစ်ပါသည်။

🍒စစ်မှန် ပြည့်ဝ ဝိစာရ🍒

ကိုးကား : Saya အောင်စိုး၊ စိုက်ပျိုး/၁၀၇