menu

နှမ်းသီးနှံ အထွက်တိုးစိုက်ပျိုးနည်း။

  •  မြန်မာအမည် - နှမ်း  
  • အင်္ဂလိပ်အမည် - SESAME  
  • ရုက္ခဗေဒအမည် - Sesamum indicum L  
  • မျိုးရင်းအမည် - PEDALIACEAE  
နှမ်းသီးနှံသည် ဆီထွက်သီးနှံ စိုက်ဧရိယာတွင် အများဆုံးဖြစ်ပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများ အလွယ်တကူ စိုက်ပျိုးနေသည့် သီးနှံဖြစ်ပါသည်။ နှမ်းသည် ဆီထွက်သီးနှံ စိုက်ဧရိယာ စုစုပေါင်း၏ ၆၀% ကျော်ရှိသော်လည်း နှမ်းမှဆီထွက်စုစုပေါင်းမှာ ၃၀% သာရှိသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရန်နှင့် နေရာဒေသရေမြေအနေအထားအရ အထွက်နှုန်းသေချာကောင်းမွန်နိုင်သည့် ဒေသများတွင် စိုက်ဧရိယာတိုးချဲ့စိုက်ပျိုးကြရန် လိုအပ်နေပြီဖြစ်ပါသည်။ 

 နှမ်းသီးနှံ တစ်ဧကတင်း(၂၀) ပန်းတိုင်အထွက်နှုန်း ရရှိရန်ရည်ရွယ်ချက် ထားရှိ၍ အလေးထားစိုက်ပျိုးရန် အောက်ပါနည်းပညာများကို ကျင့်သုံးဆောင်ရွက်ရန် လိုအပ်ပါသည်။  

မြေရွေးချယ်ခြင်း 
-------------------- 
နှမ်းသည် ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန်သောမြေမျိုး၊ မစေးလွန်း မဖွယ်လွန်းသောမြေမျိုးနှင့် မချဉ်လွန်း မငံလွန်းသောမြေမျိုးကို နှစ်သက်သည်။ အထူးသဖြင့် ပွရွသောမြေများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ အစိုဓာတ်ထိန်းသိမ်းနိုင်၍ ရေမဝပ်သောမြေများကို ကြိုက်နှစ်သက်ပါသည်။ မိုးရေနှင့် အစိုဓာတ်သင့်တင့်ပါက မြေမျိုးစုံ၌ စိုက်ပျိုးနိုင်ပါသည်။  

ကြိုက်နှစ်သက်သော ရာသီဥတု 
------------------------------------- 
နှမ်းသည် မြေ၏အပူချိန် ၇ဝံF/၂၁ံC ထက်အေးပါက နှမ်းမျိုးစေ့များ အပင်မပေါက်နိုင်ပါ။ နေ့စဉ်ပျမ်းမျှအပူချိန် ၈ဝံF/၂၆ ံC ရှိပါက အပင်ကြီးထွားမှုနှင့် သီးပွင့်မှုကို အားပေးပါသည်။ နှမ်းမှာ မိုးရေချိန်လက္မ (၂၀)ခန့်ကို ညီညာမျှတစွာရပါက လုံလောက်ပါသည်။ ရေငတ်ဒဏ် အသင့်အတင့် ခံနိုင်ပါသည်။  

မိုကြိုသီးနှံအဖြစ် ရေသွင်းစိုက်ပျိုးမည်ဆိုပါက မစိုက်မီမြေပြုပြင်ချိန်တွင်တစ်ကြိမ်၊ စိုက်ပြီး အပင်(၄-၆)လက္မရှိချိန် (သို့) ၂၅-၃၀ ရက်သားတွင်တစ်ကြိမ်၊ ပန်းပွင့်စုံချိန်တွင်တစ်ကြိမ်၊ ပေါင်းရေ(၃)ကြိမ် ပေးသွင်းသင့်ပါသည်။ 

 စိုထိုင်းဆအနေဖြင့် ၇၀% အောက်ကျပါက အပွင့်အောင်မြင်မှု နည်းပါသည်။ နှမ်းကို ပင်လယ်ပြင်အထက် အမြင့်ပေ (၄၀၀၀)ကျော်အထိ စိုက်ပျိုးနိုင်ပါသည်။  

မျိုးရွေးချယ်ခြင်း 
------------------ 
လက်ရှိစိုက်ပျိုးလျက်ရှိသော နှမ်းမျိုးများမှာ ဒေသအလိုက် အခေါ်အဝေါ် အမျိုးမျိုးကွဲပြားလျက်ရှိပြီး မျိုးကွဲလည်းများစွာ ရှိပါသည်။ အဓိကအားဖြင့် တောင်သူများသည် နှမ်းကို နှမ်းလျှင်နှင့် နှမ်းကြီးဟူ၍ ခွဲခြားကြပါသည်။ 

 နှမ်းလျှင်မှာ မိုးကြိုစိုက်အဖြစ် (ဖေဖေါ်ဝါရီ် - မတ်) လအတွင်းစိုက်ပျိုးနိုင်ပြီး မိုးစိုက်အဖြစ် (မေ - ဇွန်) လတွင်စိုက်ပျိုးနိုင်ပါသည်။ လယ်သီးထပ်အဖြစ် (အောက်တိုဘာ-နိုဝင်ဘာ) လအတွင်း စိုက်ပျိုးနိုင်ပါသည်။ အသက်ရက်မှာ (၇၅-၉၀)ရက်ခန့်ရှိပါသည်။ 

နှမ်းကြီးကို မိုးနှောင်းစိုက်အဖြစ် (သြဂုတ်-စက်တင်ဘာ) လအတွင်း စိုက်ပျိုးနိုင်ပါသည်။ နေ့တာတုန့်ပြန်မှု ရှိသဖြင့် အခြားအချိန်တွင် စိုက်ပျိုးလေ့မရှိကြပါ။ အသက်ရက်အားဖြင့် (၁၂၀-၁၃၅)ရက်ခန့် ရှိပါသည်။  

အချို့ကလည်း သက်ရက်အလိုက် နှမ်းမျိုးအုပ်စု (၃)မျိုးခွဲခြားကြပါသည်။ 

 သက်လျှင် - သက်ရက် ၆၀-၇၀ 
Short duration 
eg.မယ်သီလ 

 သက်လတ် - သက်ရက် ၈၀-၉၀ 
Medium duration 
eg.ဆင်းရတနာနှင့် မကွေးနှမ်းမျိုးများ 

 သက်ကြီး - သက်ရက် ၁၂၀-၁၅၀ 
Long duration 
eg.ကြယ်မရှောင် 

မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးများ၏အများစုမှာ ကိုင်းဖြာသောမျိုးများ ဖြစ်ကြပါသည်။ တစ်ပင်တိုင် ကိုင်းမဖြာမျိုးအချို့လည်း ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသော နှမ်းမျိုးများကို အောက်တွင်ပုံများနှင့် ဖေါ်ပြထားပါသည်။ 

မိုးကြိုရေသွင်းစိုက်ရန် သင့်တော်သည့်မျိုးများ 
----------------------------------------------------- 
  • အလင်းရောင်တုန့်ပြန်မှုမရှိသည့် ရေဆင်း ဆင်းရတနာမျိုးများ  

မိုးစိုက်အဖြစ် သင့်တော်သည့်မျိုးများ 
------------------------------------------ 
  • ဆင်းရတနာမျိုးများ 
  • နှမ်းနီ ၂၅/၁၆၀ 
  • ဂျူ×နီ×ပုတ် 
  • မယ်တော်လက်သဲ 
  • မကွေး ၇/၉ 
  • မကွေး ၂/၂၁  
စပါးအပြီးသီးထပ်စိုက်ရန် သင့်တော်သည့်မျိုးများ 
------------------------------- 
  • ဘုတ်မွှေး 
  • ရှပ်ကလေး 
  • ဆင်းရတနာမျိုးများ 
မိုးနှောင်းစိုက်ရန် သင့်တော်သည့်မျိုးများ 
---------------------------------------------- 
  • ကြယ်မရှောင် 
  • ဘုတ်မွှေး 
မြေယာပြုပြင်ခြင်း 
-------------------- 
နှမ်းပင်သည် အပင်ငယ်စဉ်တွင် များစွာနူးညံ့၍ မြေတွင်းမှတိုးထွက်နိုင်ရန် ထွန်ရေးညက်ရန်လိုပါသည်။ ထို့ပြင် မြေတွင်း၌ အမြစ်ကောင်းစွာဆင်းပြီး လေ၊ ရေ၊ အာဟာရများ မျှတစွာရရှိရန် ထွန်ရေးနက်နက် ထွန်ပေးရန် လိုအပ်ပါသည်။ မိုးဦးစိုက်ပျိုးပါက သြင်္ကန်မတိုင်မီ မိုးကြိုမိုးခံထယ်ရေး ထွန်ထားရန် လိုအပ်ပါသည်။ ထယ်ရေးနက်နက် ရရှိစေရန် (၃)သွားစက်ထယ်ဖြင့် ထွန်ယက်ပေးသင့်ပါသည်။  

သီးထပ်လယ်မြေများနှင့် ကိုင်းမြေများတွင် ထယ်ခွဲပေး၍ အစိုဓာတ်သင့်တင့်ချိန်တွင် ထွန်မွှေပြီး မြေညီရန်နှင့် အစိုဓာတ်ထိန်းရန် ကြမ်းတုံးဖြင့်ဖုံးဖိထားရမည်။ ဒလိမ်တုံး၊ ဓားကြမ်းတုံးများကို သုံး၍လည်း ထယ်ခဲချေပေးပြီး ထွန်ရေးပြုပြင်နိုင်ပါသည်။ 

စိုက်ပျိုးပြုစုခြင်း 
-------------------- 
နှမ်းစိုက်ရန်အတွက် သင့်တော်သည့်အတန်းအကွာအဝေးမှာ တစ်ပင်တိုင်မျိုးအတွက် (၁၂)လက္မအတန်း၊ ကိုင်းဖြာမျိုးအတွက် (၁၅)လက္မအတန်း ဖြစ်ပါသည်။ မြေသန်လျှင် (၁၈)လက္မအတန်း စိုက်ပျိုးနိုင်ပါသည်။ ကြောင်းဆွဲရာတွင် များစွာမနက်ရန်လိုပါသည်။ ကြောင်းနက်ပါက မျိုးစေ့များမတွန်းကန်နိုင်ပဲ အပင်ပေါက်ညံ့မည် ဖြစ်ပါသည်။ တစ်ဧကလျှင် မျိုးစေ့(၂-၄)ပြီအထိ အသုံးပြုနိုင်ပါသည်။ မျိုးစေ့နှုန်းများပါက အပင်ငယ်များ တွန်ကန်အားကောင်း၍ အပင်ပေါက်ကောင်းမည် ဖြစ်ပါသည်။ 

နှမ်းစိုက်ပျိုးရာတွင် မြေအောင်းပိုးများရန်မှကာကွယ်ရန်၊ အပင်ပေါက်နှုန်းကောင်းရန်၊ အပင်ပေါက်များသန်မာရန်၊ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမဲရောဂါများကာကွယ်ရန်အတွက် ဝိစာရမျိုးစေ့လူးနယ်ဆေးကို မဖြစ်မနေလူးနယ်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ပါသည်။ 

 နှမ်းစိုက်ပျိုးပြီးလျှင်ပြီးချင်း မိုးမိသွားလျှင် ထိပ်တင်း၍ နှမ်းပင်ငယ်များ မြေတွင်းမှမတွန်းကန်နိုင်ပဲ နေမည်ဖြစ်သဖြင့် မြေဖန့်သွားလျှင်သွားချင်း ထွန်သွားချွန်ချွန်တပ်ဆင်၍ ကန့်လန့်ဖြတ် ဖွင့်ပေးရပါသည်။ သို့မှသာလျှင် အပင်ပေါက်ညီညာ၍ အထွက်ကောင်းမည်ဖြစ်ပါသည်။ 

စိုက်တန်းအတွင်း မျိုးစေ့ချရမည့်အကွာအဝေးမှာ (၃-၅)လက္မဖြစ်ပြီး တစ်ကြိမ်မျိုးစေ့ချလျှင် (၁၀)စေ့ခန့် ချပေးရန်လိုအပ်ပါသည်။ မျိုးစေ့များ မြေတွင်းချပေးရမည့် အနက်မှာ(၁/၂-၃/၄)လက္မခန့် ဖြစ်ပါသည်။  

အချို့က နို့ဆီဘူးဖင်တွင်(၃)လက္မသံချောင်း ဖြင့် အပေါက်(၁)ပေါက်တည်းဖောက်ပြီး မျိုးစေ့ချကရိယာအဖြစ် အသုံးပြုကြသည်။ 

 ထွန်ကြောင်းခံ လက်ကြဲနည်းစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်ကြပါသည်။ 

 နှမ်းစိုက်ပျိုးရာတွင် အထူးသဖြင့် မျိုးစေ့များမြေကြီးထဲ နက်နက်ချထားပါက မတွန်းကန်နိုင်ပဲ ရှိမည်ဖြစ်သဖြင့် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါး ဖုံးပေးရန်လိုအပ်ပါသည်။  

နှမ်းကို အပူပိုင်းဒေသများ၌ အများအပြားစိုက်ပျိုးကြသဖြင့် မိုးရေထိန်းသိမ်းရန်နှင့် ရေတိုက်စားမှုကာကွယ်ရန် ကြောင်းဆွဲရာတွင် ကုန်းစောင်းကိုကန့်လန့်ဖြတ်၍ ကြောင်းဆွဲရန်လိုအပ်ပါသည်။ 

အတန်းလိုက်စိုက်ပျိုးခြင်းအားဖြင့် ပေါင်းရှင်းရလွယ်ကူခြင်း၊ အပင်ကြားတန်းကြား ပေါင်းသင်မြေဆွ ကြားထွန်ဝင်ရ လွယ်ကူခြင်း၊ လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ ပိုးမွှားရောဂါကာကွယ် နှိမ်နင်းရာတွင် လွယ်ကူခြင်း၊ အပင်ခွဲရာတွင် လွယ်ကူခြင်းစသည့် အကျိုးများရရှိစေ၍ အထွက်တိုးခြင်းကို အထောက်အကူပြုခြင်း ဖြစ်ပါသည်။  

ပေါင်းမြက်ရှင်းလင်းခြင်း 
--------------------------- 
  • (၁၅)ရက်သားတွင်တစ်ကြိမ်၊ 
  • (၃၅)ရက်သားတွင်တစ်ကြိမ် လက်ပေါင်းလိုက်ပေးရန် လိုအပ်ပါသည်။ 
ပေါင်းမြက်ပြောင်စင်လေ အထွက်ကောင်းလေ ဖြစ်ပါသည်။ လက်ပေါင်းမရှင်းပါက အပင်ငယ်များကို ပေါင်းမြက်များက ဖုံးအုပ်သွားနိုင်ပါသည်။ (၁၅)ရက်သား လက်ပေါင်းမလိုက်မီ အပင်ငယ်များကို (၄)သွားထွန်ဖြင့် မှုန်းပေးပြီးမှ လက်ပေါင်းလိုက်ပေးရပါမည်။ အပင်ခွဲပြီး အပင်ခြေမြေဖို့ရန်နှင့် ပေါင်းမြက်များကို ဖုံးအုပ်သွားစေရန် ကြားထွန်လိုက်ပေးရပါမည်။ မြေအစိုဓာတ်အခြေအနေကိုကြည့်၍ ကြားထွန်ဖြင့်လည်းကောင်း၊ သံထွန်ဖြင့်လည်းကောင်း အနည်းဆုံး (၃)ကြိမ်ခန့် ကြားထွန်လိုက်ပေး ရပါမည်။ 

 နှမ်းပင်ငယ်များသည် ပေါင်းမြက်ဒဏ်ကိုမခံနိုင်သဖြင့် ပေါင်းပြောင်စင်စေရန် အပင်ခြေထိကပ်၍ ကြားထွန်လိုက်ပေးရန် လိုပါသည်။ နှမ်းကို အပူပိုင်းဒေသများတွင် စိုက်ပျိုးသဖြင့် အစိုဓာတ်နည်းပါးရသည့်အထဲ၊ အစိုဓာတ်နှင့် အာဟာရကို ပေါင်းပင်များက လုယူစားသုံးကြပါသည်။ ပေါင်းများကို ငယ်ရွယ်စဉ် နှမ်းပင်အမြစ်များနှင့် အာဟာရနှင့် အစိုဓာတ်ပြိုင်လုပြီး မစားမီ နှိမ်နင်းဖို့ အထူးလိုအပ်ပါသည်။ ပေါင်းပင်များ ကြီးပါမှ ဆွဲနှုတ်ခြင်း၊ လက်ထိုးတူရွင်းဖြင့်ထိုးခြင်း၊ ကြားလိုက်ခြင်းများသည် နှမ်းအထွက်ကို များစွာထိခိုက်စေပါသည်။ 

ပေါင်းသတ်ဆေးအသုံးပြု၍ ပေါင်းနှိမ်နင်းမည်ဆိုပါက နှမ်းစိုက်ပြီးလျှင်ပြီးချင်း (သို့မဟုတ်) စိုက်ပြီး/ကြဲပြီး ၂၄ နာရီအတွင်း (နှမ်းစေ့များကိုမြေသားဖြင့်ဖုံးပေးပြီးနောက်) ပေါင်းအုပ်ဆေးအဖြစ် ထွန်ရေးပြင်မြေကြီးကို " ယာရှင်း " ပေါင်းသတ်ဆေး ပက်ဖျန်းပေးပါ။ 

 မြေသြဇာအသုံးပြုခြင်း 
------------------------- 
နှမ်းပင်သည် ညံ့ဖျင်းသည့်မြေများတွင် ဖြစ်ထွန်းမှုနည်းပါသည်။ နှမ်းထွက်ကောင်းစေရန် မြေပြင်ချိန်တွင် နွားချေး၊ မြေဆွေး လှည်းအစီး(၅-၁၀)စီး ထည့်ပေးပါ။ မစိုက်မီ နောက်ဆုံးထွန်ရေးပြင်ချိန်တွင် ဝိစာရအထွက်တိုးကွန်ပေါင်း ၁၆း၁၆း၈+၁၂S (၁)အိတ်နှင့် မော်နီတာဂျစ်ပ်ဆမ်(၁)အိတ် ထည့်သွင်းပေးပါ။ လိုအပ်ပါက (၁၅)ရက်သားတွင်တစ်ကြိမ်၊ (၃၀-၃၅)ရက်သားတွင်တစ်ကြိမ် မိုးပုလဲမြေသြဇာ(၁)အိတ်ကို တစ်ဝက်စီခွဲ၍ ကျွေးပေးရပါမည်။ 

ပဲမျိုးနွယ်ဝင်သီးနှံ မဟုတ်သဖြင့် မြေသြဇာများစွာလိုပါသည်။ မြေသြဇာကောင်းစွာ ထည့်ပေးမှ အထွက်တိုးပါမည်။ 

 အပူပိုင်းနှင့် အပူသမပိုင်းဒေသများတွင် ဖော့စဖိတ်သည် မြေကြီး၏ထိန်းချုပ်မှုကြောင့် အပင်အတွက်ကောင်းစွာ မရရှိစေသဖြင့် ထည့်သွင်းနည်းမှန် ကျင့်သုံးရန်လိုပါသည်။ လက်ကြဲထည့်သွင်းနည်း၊ အခြားမြေသြဇာများနှင့် ရောနှောချပေးခြင်းသည် အပင်အတွက်များစွာ မရရှိစေပါ။ အကောင်းဆုံးနည်းမှာ ထွန်ကြောင်းဆွဲ၍ ကြောင်းထဲအောက်ခြေချပေးပြီး မြေကြီးဖြင့်(၂-၃)လက္မ ပြန်ဖုံးပေးပြီးနောက် မျိုးစေ့ချစိုက်ပျိုးရန် ဖြစ်ပါသည်။ နောက်မြေကြီး ၁ လက္မခန့် ကြမ်းတုံးရိုက်ပြီး မျိုးစေ့ပေါ်ဖုံးပေးရန် ဖြစ်ပါသည်။  

မြန်မာနိုင်ငံတွင် နှမ်းကို အထက်မြန်မာပြည် အပူပိုင်းဒေသများ၌ အများအပြား စိုက်ပျိုးကြသဖြင့် နွားချေး မြေဆွေးနှင့် ဓာတ်မြေသြဇာများကို မစိုက်မီ(၇-၁၀)ရက်ခန့် ကြိုတင်၍ ထည့်ပေးရန် လိုပါသည်။ မြေသြဇာများကို ကြိုတင်ထည့်ထားပေးခြင်းဖြင့် စိုက်ချိန်၌ အချိန်ကုန်သက်သာပြီး အစိုဓာတ်မိစေနိုင်မည် ဖြစ်ပါသည်။  
အမြင့်မားဆုံးအထွက်ကို ရရှိလိုပါက နှမ်းပင်(၂၀-၃၅)ရက်သားတွင် တစ်ကြိမ်၊ (၄၀-၄၅)ရက်သားတွင် တစ်ကြိမ် ဝိစာရနှမ်းအထူးသီးသန့် အရွက်ဖျန်းအားဆေးကို ပက်ဖျန်းနိုင်ပါသည်။ 

ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း 
---------------------------------------- 
နှမ်းသီးနှံတွင် အထွက်နှုန်းကို ထိခိုက်စေနိုင်သည့်ပိုးမှာ ဖြုတ်စိမ်း/ဖြုတ်ညိုနှင့် ရွက်လိပ်ပိုးဖြစ်ပြီး၊ ရောဂါမှာ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမဲရောဂါတို့ ဖြစ်ကြပါသည်။ 

အပင်ငယ်စဉ် ကျရောက်မည့် စုပ်စားပိုးများအတွက် မျိုးစေ့လူးနယ်ဆေးက ကာကွယ်ပေးမည်ဖြစ်ပြီး သက်ရက်(၂၅-၃၀) ပွင့်ဖူးဝင်ချိန်(ကြက်ချေးစုချိန်)တွင် ဖြုတ်စိမ်း/ဖြုတ်ညိုပိုးများ ကာကွယ်နှိမ်နင်းရန် အေမီဒါ၊ အက်စ်ဖိတ်၊ ကေလာဆေးများ အညွှန်းအတိုင်း ပက်ဖျန်းပေးရမည် ဖြစ်ပါသည်။ ရွက်လိပ်ပိုးကျရောက်ပါက ရယ်ဒီဆေးကို အသုံးပြုပါ။ ဖြုတ်ညိုပိုးသည် အပင်ကိုအားနည်းစေရုံသာမက နှမ်းဖိုရောဂါကိုပါ ကျရောက်စေသဖြင့် ပွင့်ဖူးဝင်ချိန်တွင် ဖြုတ်ညိုပိုးကို မဖြစ်မနေ ကာကွယ်နှိမ်နင်းရန် အထူးလိုအပ်ပါသည်။  

နှမ်းဖိုရောဂါကျရောက်ပါက အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ အစိမ်းရောင်ဖြစ်ခြင်းတို့ကို တွေ့ရှိနိုင်ပါသည်။ 

နှမ်းရိုးမဲရောဂါသည် ရေဝပ်သောနှမ်းခင်းများတွင် ကျရောက်တတ်ပါသည်။ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင် အနာကွက်ငယ် စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်ရှုးသားများ ညိုမဲလာပြီး အချိုု့မှာ အနာချိုင့်ဖြစ်လာသည်။ အခေါက်များလည်း ဖွာလန်၍လာသည်။ ယင်းတစ်ရှုးသားပေါ်တွင် ခပ်မဲမဲအဖုလေးများ ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် နှမ်းပင်ခြေရင်းတွင် လုံးဝမဲနက်ပြီး အပင်ပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာ ညှိုးစပြုလာသည်။ နောက်ဆုံး တပင်လုံးမဲခြောက်၍ သေသွားသည်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။ 

နှမ်းရိုးမဲရောဂါအတွက် ရောဂါလက္ခဏာ စတင်တွေ့ရှိလျှင် တွေ့ရှိချင်း ကျူပရိုမက်၊ ဒိုင်ဇီ၊ ထီး ရောဂါသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ထိရောက်စွာ သုတ်သင်နှိမ်နင်းနိုင်မည် ဖြစ်ပါသည်။ 

ရိတ်သိမ်းခြင်း 
---------------- 
အထွက်နှုန်းလျော့နည်းရသည့် အဓိကအကြောင်းရင်းဖြစ်သည့် အောက်သီးများကွဲခြင်း မဖြစ်စေရန် မျိုးအလိုက် အသီးပီပြင်သည့် အဖျားသီးများ ခွဲကြည့်၍ အရောင်လိုက်ပါက ရိတ်သိမ်းရန် (သို့မဟုတ်) နှမ်းပင်အရွက်များ ဝါလာလျှင် ရိတ်သိမ်းရန် ဖြစ်ပါသည်။  

နောက်ကျရိတ်သိမ်းပါက အောက်သီးများ ကွဲအက်မည်ဖြစ်၍လည်းကောင်း၊ စောရိတ်သိမ်းပါက အဖျားသီးနှမ်းစေ့များ မအောင်မြင်၍လည်းကောင်း အထွက်လျော့မည် ဖြစ်ပါသည်။  

နှမ်းသီးနှံရိတ်သိမ်းရာတွင် မြေပွလျှင်လက်ဖြင့်နှုတ်၍လည်းကောင်း၊ မြေမာပါက အပင်ခြေမှ တံဇဉ်ဖြင့်ဖြတ်၍လည်းကောင်း ရိတ်သိမ်းရပါသည်။ 

နှမ်းပင်များ ရိတ်သိမ်းပြီးနောက် အလျား(၈)တောင်၊ အမြင့်(၃)တောင်ထားပြီး အသီးချင်းထပ်၍ ပုံပေးရပါမည်။ အသီးများ အမှည့်ညီစေရန် အမှိုက်သရိုက်များဖြင့် ဖုံးအုပ်၍ (၄)ရက်ခန့်ထားပေးရပါမည်။ (၅)ရက်မြောက်နေ့တွင် ထွာဆိုင်ခန့်စည်း၍ ဖိုခနောက်ဆိုင် အစည်းများ ထောင်၍နေလှမ်းပေးရပါမည်။ အသီးများပွင့်လာ၍ အစေ့များခြောက်သွေ့ပါက အစည်းကိုဇောက်ထိုးထား၍ ဒုတ်ဖြင့်ပုတ်ပြီး စောင်ထဲသို့ခါချ သိမ်းယူနိုင်ပါသည်။ 

 နှမ်းကြီးမျိုးကို ရိတ်သိမ်းပြီးလျှင်ဖြစ်စေ၊ အခြားနှမ်းမျိုးကို နိုင်ငံခြားပို့ကုန်အတွက် အရည်အသွေးကောင်းလိုလျှင်ဖြစ်စေ တလင်းတွင် မပုံတော့ပဲ တိုက်ရိုက်ထွာဆိုင်ခန့်စည်း၍ ထောင်ပြီး ခြောက်သွေ့ပါက ဒုတ်ဖြင့်ပုတ်၍ အစေ့များကို ခါချယူနိုင်ပါသည်။

အထွက်နှုန်း 
------------- 
မျိုး၊ မြေ၊ စိုက်နည်းစနစ်၊ သွင်းအားစု၊ ပြုစုနိုင်မှုအပေါ် မူတည်၍ တစ်ဧကလျှင် (၃-၂၀)တင်းအထိ ထွက်ရှိနိုင်ပါသည်။ နှမ်းတစ်တင်းမှ နှမ်းဆီ(၆)ပိဿာထွက်ရှိပါသည်။ 

 Than Win Agri 
 Photo Credit to DOA & Google.