menu

နှမ်းသီးနှံတွင် ကျရောက်တတ်သော နှမ်းရောဂါများ။


💠နှမ်းသီးနှံတွင် ကျရောက်တတ်သော နှမ်းရောဂါများ💠  
🌿🌿🌿🌿🌿🌿🌿🌿🌿🌿  

🔹မြန်မာနိုင်ငံသည် ဆီအတွက် ဖူလုံစေရမည်ဟု ရည်မှန်းချက်ထားဆောင်ရွက်ပေးလျက် ရှိသည်။ စားသုံးဆီဖူလုံစေရေးအတွက် နှမ်း၊မြေပဲ၊ နေကြာ စသည့် ဆီထွက်သီးနှံများကိုအဓိကစိုက်ပျိုးလျက်ရှိသည်။ ဆီထွက်သီးနှံများထဲမှ ထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု ဖူလုံစေရုံသာမက ပြည်ပနိုင်ငံများသို့ တင်ပို့မှုမြှင့်တင်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ကြရာတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်များ ကင်းစင်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ပေးသွားကြရမည် ဖြစ်သည်။  

🔹မြန်မာနိုင်ငံအတွင်းရှိ လယ်ယာထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ကင်းစင်ရေး၊ အာဆီယံနိုင်ငံများ၏ နိုင်ငံတကာဈေးကွက်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိရေးများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရှိရသည်။မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးများနှင့်ပြည်နယ်အချို့တွင် စိုက်ပျိုးသည့်သီးနှံများကို ဂျီအေပီဖြင့် စိုက်ပျိုးစေပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ပေးလျက် ရှိသည်။

🔹ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှု အများဆုံးဖြစ်သည့် သရက်၊ ကျွဲကော၊ ဖရဲ၊ သခွားမွှေး၊ ထောပတ်၊ ငရုတ်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ အစေ့ထုတ်ပြောင်း၊ နှမ်း၊ မြေပဲ၊ စပါးနှင့် ကော်ဖီသီးနှံစသည်တို့ကို ဂျီအေပီစနစ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံအထွက်တိုးစေရန် အဓိကကျရောက်တတ်သော နှမ်းရောဂါများကို အလေးထားပြီးဆောင်ရွက်ပေးသွားကြရန် လိုအပ်လှသည်။  

🔹နှမ်းသီးနှံတွင် နှမ်းရိုးမည်းရောဂါ ကျရောက်တတ်ပါသည်။ နှမ်းရိုးမည်းရောဂါသည် နှမ်းပင်များ၏ အပင်အခြေပိုင်းတွင် အညိုရောင်၊ အနက်ကွက်ငယ် စတင်ဖြစ်ပေါ်လာတတ်ပါသည်။ အပင်၏ တစ်ရှူးအသားများ ညိုမည်းလာပြီး အနာဖြစ်ပေါ်လာကာ နှမ်းပင်၏ အခြေရင်းမှစတင်၍မည်းနက်လာပြီး အပေါ်ပိုင်းများအထိ အဝါရောင်ပြောင်းလာကာ အပင်ညှိုးစပြုလာတတ်ပါသည်။ ထို့နောက် တစ်ပင်လုံး မည်းခြောက်လာကာ အပင်သေသွားပါသည်။ ရေဝပ်သော မိုးနှမ်းစိုက်ခင်းများတွင် များစွာကျရောက်တတ်ပါသည်။ ကြိုတင်ကာကွယ်ပေးရန်မှာ သီးနှံများကို အလှည့်ကျစိုက်ပါ။ ရောဂါရအပင်များကို ဖျက်ဆီးပါ။ နှမ်းမျိုးစေ့များကို မှိုသတ်ဆေးတစ်မျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။

🔹နှမ်းသီးနှံများတွင် နှမ်းဖိုရောဂါ အဓိက ကျရောက်တတ်ပါသည်။ နှမ်းဖိုရောဂါ ကျရောက်ပါက အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ အပင်တွင် မူမမှန်အကိုင်းများထွက်ခြင်း၊ အပွင့်၊ အဖူး၊ အသီးများ ဖြစ်မလာဘဲအရွက်များသာ စုပြုံထွက်နေပါသည်။ နှမ်းဖိုရောဂါကို စုပ်ပိုးဖြစ်သော ဖြုတ်ညိုစုပ်ပိုးများမှတစ်ဆင့် ရောဂါကို ကူးစက်ပြန့်ပွားစေပါသည်။ နှမ်းဖိုရောဂါကို ကာကွယ်ရန်မှာ နှမ်းပင်ငယ်စဉ် ဖြုတ်ပိုးများ ကျရောက်ပါက ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။ နှမ်းဖိုရောဂါရသည့် အပင်များကို နုတ်ယူဖျက်ဆီးပေးပါ။  

🔹နှမ်းပင်များတွင် ဖားဥမှိုရောဂါ ကျရောက်တတ်ပါသည်။ နှမ်းပင်များတွင်အဖြူရောင်၊ အစိမ်းရောင် စသည့် အရောင်မညီသည့်အကွက်များကို အရွက်ရင့်၏ မျက်နှာပြင်များတွင် စတင်တွေ့ရှိရတတ်ပါသည်။ ရောဂါပြင်းထန်ပါက အရွက်များ ပုံမမှန်ဖြစ်လာကာ အပင်များ ဝါဖျော့လာတတ်ပါသည်။ နှမ်းပင်၏ အပင်ကြီးထွားမှုအဆင့်တိုင်းတွင် ရောဂါဖြစ်ပွားနိုင်ပါသည်။ ထိုရောဂါကို ကာကွယ်နည်းများမှာသီးနှံများကို အလှည့်ကျစိုက်ပါ။ မျိုးစေ့ မှိုသတ်ဆေးတစ်မျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။ရောဂါကျရောက်ပါက မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။  

🔹နှမ်းရိုးပြောက် ရောဂါသည်လည်း နှမ်းပင်များတွင် ကျရောက်တတ်ပါသည်။နှမ်းအရွက်များပေါ်တွင် နီညိုရောင်အကွက်ပြောက်ငယ်များကို တွေ့ရတတ်ပါသည်။ နှမ်းရိုးတံပင်စည်များ၊ အသီးများပေါ်တွင်ရှိသော တစ်ရှူးအသားများသည် အနက်ရောင်သို့ပြောင်းသွားပြီး အရွက်များအားလုံး‌ကြွေကျတတ်ပါသည်။ နှမ်းပင်၏ အပင်ကြီးထွားချိန်များအထိ ကျရောက်တတ်ပါသည်။ ကာကွယ်ပေးရန်မှာ နှမ်းမျိုးစေ့များကို မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးပေးရန် ဖြစ်ပါသည်။  

🔹ထို့ကြောင့် မြန်မာတောင်သူလယ်သမားကြီးများသည်လည်း စားသုံးဆီဖူလုံစေရေး၊ နှမ်းသီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် နှစ်စဉ် စိုက်ပျိုးထုတ်လုပ်မှုများမှ သင်ခန်းစာများကို ရယူ၍ စိုက်ပျိုးရေးနည်းပညာများ အသုံးချကာ နှမ်းသီးနှံတွင် အဓိကကျရောက်တတ်သော နှမ်းရောဂါများကိုလည်း ကြိုတင်ကာကွယ်သင့်ပါသည်။  

- ရွှေမင်းအောင်(ကျောက်ပန်းတောင်း)  
- မြန်မာ‌တောင်သူကြီးများဂျာနယ်  
- ၂၀၂၀ပြည့်နှစ် ‌ဖေဖေါ်ဝါရီလ (၁၀)ရက်။