menu

နံနံပင် စိုက်ပျိုးနည်း


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

နိဒါန်း
----

မြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ်မဆလာတွင်သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်စုံတို့တွင်လည်း တွဲဖက်အသုံးပြုသည်။ နံနံပင်ကို တို့စရာအဖြစ်လည်းစားသုံးကြသည်။နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင်ရှားပါးကာဈေးကြီးပေးရသည်။

မြေပြုပြင်ခြင်း
------------
ရေမဝပ်သောနုံးမြေသည် နံနံပင်စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ ရွှံ့စေး ဆန်သောမြေနှင့်သဲမြေများ၌ နွားချေး၊ မြေဆွေး၊ဖွဲပြာတို့ကိုထည့်၍ သင့်တော်သည့်မြေအနေအထားရအောင်ပြုပြင်၍စိုက်နိုင်သည်။

စိုက်ပျိုးခြင်း
----------
နံနံပင်ကို ဘောင်များပြုလုပ်စိုက်ပျိုးပါကအထူးကောင်းမွန်သည်။ ဘောင်များကို (၄-၅)လက်မ အမြင့် ပြုလုပ်ပြီး (၂-၃)ပေအကျယ်ဖြင့် အရှည်ကိုအလိုရှိသလောက်ထားကာပြင်နိုင်သည်။ နံနံစေ့မစိုက်ခင် မြန်မြန်အပင်ပေါက်ရန် ရေတွင် (၂၄)နာရီကြာစိမ်ရသည်။ အစေ့ကိုရေမစိမ်မီ ဂုံနီအိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့်နှစ်ခြမ်းကွဲသွားစေရန်အသာအယာလှိမ့်ပါ။ ထို့နောက်ရေတွင် (၂၄) နာရီကြာစိမ်ရာ၌ရေနှစ်ကြိမ်လဲပေးပါ။ ပြီးလျှင်ဆယ်ယူ၍စစ်ထားပါ။

ထို့နောက်ဘောင်ပေါ်တွင်(၀.၅) လက်မ အနက်မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့များကိုချပါ။ နွားချေးအမှုန့်(သို့မဟုတ်)မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး ကောက်ရိုးမြက်ခြောက်တို့ဖြင့်အုပ်ပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင်အစို ဓာတ်ထိန်းပေးခြင်း၊ ပေါင်းပင်ပေါက်ရောက်မှု သက်သာခြင်းတို့သာမက အပင်ငယ်များကိုလည်း သန့်ရှင်းစေသည်။ ကောက်ရိုး၊ မြက်ခြောက်ဆွေးသောအခါ မြေဆွေးဓာတ်ကိုလည်း ရရှိစေနိုင်သည်။ စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့နှစ်ကြိမ်လောင်းရမည်။ အပင်ငယ်များ ပေါက်လာပြီးနောက် ရေကိုလျော့လောင်းပေးနိုင် ပါသည်။ အပင်များပေါက်ချိန်တွင်ရေများပါက ခါးရိရောဂါကျရောက်နိုင်သည်။

မြေသြဇာထည့်သွင်းခြင်း
---------------------
နံနံပင်သည် ရွက်စားသီးနှံဖြစ်ခြင်းကြောင့် နွားချေးမြေဆွေးနှင့် ယူရီးယားဓာတ်မြေသြဇာများ အဓိကကျွေးရန်လိုအပ်သည်။ သို့သော် မြေတွင်အခြားဓာတ်မြေသြဇာများချို့တဲ့နိုင်သဖြင့် ဖော့စဖိတ်နှင့် ပိုတက်ရှ် မြေသြဇာအနည်းငယ် တို့ကို မြေပြုပြင်ချိန်၌ မြေခံအဖြစ်ထည့်ပေးရမည်။ အပင်ငယ်များပေါက်လာပြီး နှစ်ပတ်ခန့်ကြာလျှင် ယူရီးယားမြေသြဇာ ထမင်းစားဇွန်းနှစ်ဇွန်းစာကို ရေလေးဂါလံတွင်ဖျော်၍ လောင်းပေးခြင်းဖြင့် သန်မာသောအပင်များကိုရရှိနိုင်သည်။ အစေ့များကိုကျဲကျဲစိုက်လျှင်ကိုင်းဖြာသောနံနံပင်များကိုရရှိနိုင်သည်။

ခူးယူခြင်း
--------
အပင်များပေါက်ပြီး (၄၅) ရက်သားမှ စတင်၍ နုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်း ပြုလုပ်နိုင်သည်။ 

မျိုးစေ့ထုတ်ယူခြင်း 
----------------
နံနံပင်ကို မျိုးစေ့ထုတ်ယူမည်ဆိုပါက ဆောင်းရာသီ( နိုဝင်ဘာလ)တွင် အပင်များကို ဘောင်ဖြင့် သီးသန့်ရွှေ့ပြောင်းစိုက်ထားရမည်။ ပင်ကြား၊တန်းကြား (၆ x ၈)လက်မခန့်ခွာ၍ စိုက်ထားလျှင် ပန်းများပွင့်လာပြီး အသီးများသီးလာသည်။ အသီးများရင့်မှည့်လျှင် အပင်များကိုရိတ်သိမ်းပြီး အစေ့များကို ချွေလှေ့ယူ နိုင်သည်။

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန်